ရေနီမြောင်းမြေနေရာကို ရေစီးရေလာကောင်းမွန်စေရေးနှင့် ဝင်၊ ထွက်လမ်းများ ကောင်းမွန် စေရေး အဆင့်မြှင့်တင်သွားမည်

မန္တလေး   ၆    နိုဝင်ဘာ

 

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ ရေနီမြောင်းမြေနေရာတွင် ရေစီးရေလာ ကောင်းမွန်စေရန် အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောသည်။

 

"တစ်ချိန်က လယ်ရေပေးရေးမြောင်းဖြစ်ခဲ့တဲ့ ရေနီမြောင်းကို ခေတ်နှင့်လိုက်လျောညီထွေဖြစ်ဖို့ ၂၆ လမ်းနှင့် ၃၅ လမ်းကြားကို မကြာခင် နိုင်လွန်ကတ္တရာလမ်းသစ် တစ်လမ်းထပ်ဖောက်နိုင်ဖို့ ကွင်းဆင်း စစ်ဆေးခဲ့ကြတယ်၊ ဆည်ရေတွေစီးဝင်တဲ့ လမ်း ၂၀ ထိပ်က ရေတံခါးကို ယာယီ ပိတ်ထားပြီး လုပ်ငန်းများ ဆောင်ရွက်သွားမှာပါ၊ မိုးရေတွေကို ၂၈ လမ်းနေရာတွင် နဒီမြောင်းအတွင်း စီးဝင်စေပြီး ၇၁ လမ်းနဲ့ ၃၅ လမ်းမှာ ရှိတဲ့ ငွေတစ်ချောင်းအတွင်း စီးဆင်း နိုင်အောင် ၃၅ လမ်းတစ်လျှောက် Precast Drai အသစ်ကို အရင်တည်ဆောက်သွားမှာပါ။"ဟု မြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောကြားသည်။

 

ရေနီမြောင်းနေရာကို နိုင်လွန်လမ်းသစ် တစ်လမ်းထပ်ဖောက်နိုင်ရန် မန္တလေးမြို့တော်ဝန်၊ စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာရဲလွင်နှင့် မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယမြို့တော်ဝန် ဦးရဲမွန်၊ ကော်မတီဝင်များနှင့် လမ်းတံတားဌာန ဌာနမှူး ဦးသန်းထိုက်ဦးနှင့် အင်ဂျင်နီယာများလိုက်ပါ၍ ရေနီမြောင်းတစ်လျှောက် ကွင်းဆင်း စစ်ဆေးပြီး ဖြစ်သည်။

 

"ရပ်ကွက်အတွင်းရှိ ကြားလမ်းတွေမှာလည်း နီးစပ်ရာမြောင်းအတွင်း စီးဆင်းနိုင်မည့် အခြေအနေများ အား ဌာနအင်ဂျင်နီယာများ ပူးပေါင်းအဖွဲ့ကို Survey ဆင်းခိုင်းထားတယ်၊ မိုးရွာချိန် မိုးရေတွေစီးဆင်း နိုင်ဖို့ လမ်းဘေး ဝဲ၊ ယာ precast မြောင်းတွေနဲ့အတူ ပလက်ဖောင်းတွေ၊ လမ်းမီးတိုင်အသစ်တွေ တည် ဆောက်ပေးသွားပါ။ လမ်းမနှစ်ခု ဆုံတဲ့ နေရာတွေမှာ Individual Loop Sensor သုံးမီးပွိုင့်များ တပ်ဆင်ပေးသွားမယ်၊ သိပ္ပံလမ်း တောင်ဘက်က ရေနီမြောင်းကိုလည်း ပြည်သူတွေအသုံးတည့်မယ့် စီမံချက်တစ်ခု ဖော်ဆောင်သွားမှာပါ"ဟု မြို့တော်ဝန်က ဆက်လက် ပြောကြားသည်။

 

မဟာအောင်မြေမြို့နယ်အတွင်းရှိ ယခင်ရေနီမြောင်းအတွင်းရှိ ယခင်ရေနီမြောင်းနေရာကို ၃၅ လမ်းမှ ၇၃ လမ်းအထိ လမ်းကို အခြေခံလွှာ ကျစ်လျစ်မှုရှိအောင် စက်ယန္တရားများဖြင့် Compaction ရအောင်ကြိတ်၍ Stabilized ခင်းပြီး နိုင်လွန်ကတ္တရာလမ်းခင်းခြင်း ဆောင်ရွက်ပြီး ဖြစ်ကြောင်းသိရသည်။

 

အောင်စံမောင်