ရေငန်းသီးငါးပိသုပ်

၂၆ မေ

 


ရေငန်းသီးကို မွန်နဲ့ရခိုင်ဒေသတွေမှာ ငါးပိသုပ် သုပ်စားလေ့ရှိတာကို တွေ့ရပါတယ်။ ရေငန်းသီးမှာ အချိုမျိုးနဲ့ အချဉ်မျိုးရယ်လို့ နှစ်မျိုးရှိတဲ့အနက် အချဉ်မျိုးကိုသာ ငါးပိသုပ် သုပ်စားကြတာပါ။ ရေငန်းပင်က စိုက်ပျိုးလေ့မရှိ ကြဘဲ တောတွေတောင်တွေမှာ သဘာဝအလေ့ကျပေါက်တဲ့အပင်မို့ အခုအခါမှာတော့ အတွေ့အမြင်နည်းသွားပါပြီ။ ယခင်အခါများကတော့ ထင်းခုတ် ဝါးခုတ်ဖို့ တောတက်ရင်း တောတွေထဲမှာတွေ့ရတဲ့ ရေငန်းသီးအခိုင်တွေ ခုတ်လာကြတာဖြစ်ပြီး ကလေးသူငယ်တွေ သရေစာအဖြစ်စားကြတာပါ။

 

ewe

 


ရေငန်းသီးက အပင်မှာအခိုင်လိုက်သီးတာဖြစ်ပြီး တစ်ခိုင်မှာ အသီးလေး၊ ငါး၊ ခြောက်ဆယ်ပါပါတယ်။ အသီးတစ်လုံးမှာတော့ မင်းကွတ်သီးများလို အစေ့ပါတဲ့အမြွှာနှစ်မြွှာကနေ သုံးမြွှာအထိပါတတ်ပါတယ်။ သံပရာသီး၊ ရှောက်သီး၊ ဆီးသီးနဲ့ မန်ကျည်းသီးတွေဟာ အချဉ်သီးများဖြစ်ကြပေသိ အရသာက တစ်မျိုးနဲ့တစ်မျိုး ကွဲပြားပါတယ်။

 

ewf

 


ရေငန်းအချဉ်သီးက စားလိုက်ရင် ပါးများတောင်တက်ကာ သွားများ ကျိန်းကုန်တဲ့အထိကို အချဉ်စူးတာပါ။ ရေငန်းသီးကို အဆာပလာထည့်ပြီး သုပ်လိုက်ထားတဲ့ ငါးပိသုပ်ရဲ့အရသာကတော့ ထိပ်တန်းမို့ တစ်ခါစားမိရင်ကို ထပ်တလဲလဲတောင့်တကုန်ကြရတဲ့အထိ စွဲမက်စရာကောင်းပါတယ်။ ရေငန်းသီးငါးပိသုပ်သုပ်မယ်ဆိုရင် လိုအပ်တာတွေက -


- ရေငန်းသီး
- ပုစွန်ခြောက်မှုန့်
- မျှင်ငါးပိ
- ငရုတ်သီးအခြာက်တောင့်
- ကြက်သွန်နီ တို့ ဖြစ်ပါတယ်။

 


ဦးစွာရေငန်းသီးကိုအခွံခွာပြီး အတွင်းကအမြွှာရဲ့အစေ့မှာကပ်နေတဲ့ အသားတွေကို ဓားထက်ထက်နဲ့ အသာလှီးယူပြီး အနေတော်လှီးဖြတ်ထားပါ။ ပြီးက ကြက်သွန်နီကို ပါးပါးလှီး ရေဆေးထား၊ မျှင်ငါးပိကို မီးကင်ပြီးက ငရုတ်ခြောက်တောင့်ကိုလည်း မီးဆက်ကင်ကာ အမှုန့်ထောင်းထားပါ။ အားလုံးပြီးက ပန်းကန်တစ်ချပ်တွင်ထည့်၍ ပုစွန်ခြောက်မှုန့်ဖြူးကာ ဖွဖွနယ်၍ သုပ်ပါ။ ဆီမလိုတဲ့ ရေငန်းသီးငါးပိသုပ်ဟာ မြင်ရုံနဲ့တင် သွားရည် ယိုချင်စရာကောင်းလှပါတယ်။ ချဉ်ငန်စပ်စပ် ရေငန်းသီးငါးပိသုပ် အသင့်ရပါပြီ။ ။

 


စံလွင်း(ငါးဦးစီး)