ရေနေသယံဇာတထိန်းသိမ်းဖြည့်ဆည်းရေးနှင့် တောင်သမန်အင်းအလှ

ဆောင်းပါး - ကိုရွှေမန်း

မန္တလေးတိုင်းဒေသကြီး  ငါးလုပ်ငန်း ဦးစီးဌာန၏ သရက်ကုန်း၊ နတ်ရေကန်၊ ကူမဲ၊  ရေနံ့သာငါးလုပ်ငန်းစခန်းများမှ နှစ်လက်မအရွယ်ငါးသားပေါက်ကောင် ရေ နှစ်သိန်းကို  ၂၆-၇-၂၀၂၂   ရက်တွင် ဧရာဝတီမြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့် ခဲ့ရာ   မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်  လုံခြုံရေးနှင့်   နယ်စပ်ရေးရာ ဝန်ကြီးနှင့်  အစိုးရအဖွဲ့ဝင် ဝန်ကြီးများ  ဦးဆောင်၍   မျိုးစိုက်ဆောင်ရွက်ပေးခဲ့ သည်။ အလားတူ တိုင်းဒေသကြီး/ပြည်နယ် အသီးသီးတွင်လည်း   အစိုးရအဖွဲ့များ  ဦးဆောင်၍ မျိုးစိုက်ပေးခဲ့ကြသည်ကို လည်း   တွေ့ရသည်။  ဤသို့လှုပ်ရှား ဆောင်ရွက်မှုများသည် ပျက်စီးယိုယွင်း နေသည့် မြန်မာ့ရေသယံဇာတများအား  ပြန်လည်ဖြည့်ဆည်းခြင်းနှင့်  ထိန်းသိမ်း ကာကွယ်ရေး   လှုပ်ရှားမှုများပင်ဖြစ်ပါ သည်။

 ငါးရစ်၊ ငါးသန် ဘေးမဲ့ချန်

မိုးဖြိုင်ဖြိုင်ကျသည့်   ဇွန်၊  ဇူလိုင်နှင့် သြဂုတ်လများတွင် ငါးရစ်၊  ငါးသန်များ အား  ဘေးမဲ့ပေးကြရန် နိုင်ငံတော်ပိုင် သတင်းစာများနှင့်   မြန်မာ့ရုပ်မြင်သံကြား တို့က  ကျယ်ကျယ်ပြန့်ပြန့်    နှိုးဆော် ကြေညာနေလျက်ရှိသည့်အပြင်      ငါး လုပ်ငန်းဦးစီးဌာန     တာဝန်ရှိသူများက   ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများ၊      သဘာဝရေပြင်များတွင် ငါးမျိုးစိုက်ထည့် ခြင်းများ၊    ရေလုပ်သားများအတွက်    ကျွမ်းကျင်မှုဆိုင်ရာ   သင်တန်းများနှင့် ပညာပေးဟောပြောပွဲများ ကျင်းပကြ သည့်အကြောင်းများကိုလည်း    နေ့စဉ် ဖတ်ရှု ကြားသိနေရသည်။ 

ငါးလုပ်ငန်းဦးစီးဌာနက     သဘာဝ ရေပြင်များသို့  သိန်းသန်းကုဋေချီသော ငါးသားပေါက်များကို  နှစ်စဉ်နှစ်တိုင်း ငါးမျိုး        စိုက်ထည့်ပေးလျက်ရှိနေပြီး ၂၀၂၁-၂၀၂၂ ခုနှစ်တွင် နှစ်လက်မအရွယ် ငါးသားပေါက်ကောင်ရေ   သိန်းပေါင်း  ၁၀၇၇ ဒသမ ၆၃၉  ကိုလည်းကောင်း၊ ၂၀၂၂-၂၀၂၃ ကာလတို  ခြောက်လတွင် သားပေါက်ကောင်ရေ သိန်းပေါင်း ၄၁၄ ဒသမ ၀၆၅ ကိုလည်းကောင်း    မျိုးစိုက် ထည့်ခဲ့ပြီး   ၂၀၂၂-၂၀၂၃   ဘဏ္ဍာနှစ်တွင် သားပေါက်ကောင်ရေ      သိန်းပေါင်း    ၁၀၁၅  ဒသမ   ၀၇၅  မျိုးစိုက်ထည့်ကြမည် ဖြစ်သည်။ 

ရေနေသယံဇာတ  လျော့နည်းလာ သည့်အတွက်  ပြန်လည်ဖြည့်တင်းခြင်း  လုပ်ငန်းများ ဆောင်ရွက်လျက်ရှိနေသည် ကို    အများပြည်သူများ   သိရှိနိုင်ပါရန် အနည်းငယ်   ကောက်နုတ်တင်ပြလိုပါ သည်။

ငါးသယံဇာတအခြေအနေ

၁၉၇၉-၈၀ ပြည့်နှစ်‌တွင်  Dr  Fridtjof Nasen သုတေသနရေယာဉ်ဖြင့်  ပင်လယ် ပြင် ငါးသယံဇာတများကို  တိုင်းတာ ခဲ့ရာ  ပျမ်းမျှရေပေါ်လွှာနေ  ငါးထုထည် ပမာဏ ခန့်မှန်းတွက်ချက်မှုမှာ  တန်ချိန်  တစ်သန်းဖြစ်ပြီး  ၂၀၁၃-၂၀၁၅-၂၀၁၈  ခုနှစ်တွင် တန်ချိန်  ၁၆၀၀၀၀  ခန့်သာ တိုင်းတာရရှိသည့်အတွက်   ၈၀  ရာခိုင် နှုန်းခန့်အထိ လျော့သွားပြီး    ရေ‌အောက် ငါးတွင်လည်း  ၁၉၇၉-၈၀ ပြည့်နှစ်တွင် တန်ချိန် ၇၅၀၀၀၀ မှ ၂၀၁၃-၂၀၁၅-၂၀၁၈ တွင် တန်ချိန် ၃၁၀၀၀၀ သာတိုင်းတာ ရရှိသည့်အတွက် ၆၀ ရာခိုင်နှုန်းခန့်အထိ လျော့ကျသွားကြောင်း   တွေ့ရသည်။ ငါးသယံဇာတထိန်းသိမ်းရေး၊     ပင်လယ် ပြင်ရေသယံဇာတ    ပြန်လည်ဖြည့်တင်းရေး အတွက်  ပင်လယ်ငါးဖမ်းလုပ်ငန်းများ တွင် close season – close area  များ   သတ်မှတ်ခြင်း၊ ကမ်းဝေးငါးဖမ်းရေယာဉ် များတွင်  ငါးဖမ်းရေယာဉ်စောင့်ကြည့် ထိန်းချုပ်ရေး  Vessel  Monitoring System (VMS) ကိရိယာတပ်ဆင်ခြင်း၊      စောင့်ကြည့်ထိန်းချုပ်စစ်ဆေးခြင်းများ  နှင့် ပင်လယ်ပြင်သယံဇာတထိန်းသိမ်း  ကာကွယ်ရေးဆိုင်ရာအမိန့်များ ထုတ်ပြန် ဆောင်ရွက်လျက်ရှိသည်။ ရေချိုကုန်း တွင်းပိုင်းတွင်လည်း ၁၉၀၀ ပြည့်လွန်နှစ် များက  အင်းပေါင်း  ၄၀၀၆  အင်း  ရှိခဲ့ရာမှ  လက်ရှိအချိန်တွင် အင်းပေါင်း ၃၇၃၀  သို့ လျော့နည်းခဲ့ပြီဖြစ်သည်။ သို့ဖြစ်ရာ  အင်းအိုင်များ   ထိန်းသိမ်းကာကွယ်ရေး၊   အင်းအရည်အသွေး  ကောင်းမွန်ရေးတို့ အတွက်  နှစ်ရှည်ကြေးတိုင်ချထားခြင်း၊  သုတေသနအင်းများ တည်ထောင်ခြင်း၊ ဆည်တာတမံများတွင်      ငါးအဆင်း/အတက်လမ်းများ      ဆောက်လုပ်ပေး နိုင်ရေးဆောင်ရွက်ခြင်း၊  ဘေးမဲ့ဧရိယာ များ ကာကွယ်ထိန်းသိမ်းရေးနယ်မြေများ  သတ်မှတ်ခြင်း၊     ငါး၊   ပုစွန်မွေးမြူရေး လုပ်ငန်းများကို        အားပေးကူညီခြင်း၊   ငါးမျိုး       စိုက်ထည့်ပေးခြင်းများကို ဆောင်ရွက်လျက်ရှိနေသည်။

ရေနေသယံဇာတများ၊  မြစ်ချောင်း၊ အင်းအိုင်များ တိမ်ကောပျက်စီးရခြင်းမှာ  ခွင့်ပြုထားခြင်းမရှိသော  ငါးဖမ်းနည်း များဖြစ်သည့် လျှပ်စစ်ရှော့တိုက်ခြင်း၊  အဆိပ်ချခြင်း၊ မိုင်းခွဲခြင်း၊ တားမြစ်ထား သော  ပိုက်ကွက်စိပ်များ၊  တားမြစ်ထား သော ငါးဖမ်းနည်းများဖြင့်  ငါးဖမ်းခြင်း၊  ဒီရေတောများ၊ သစ်တောများ  အလွန် အကျွံခုတ်ထွင်ခြင်း၊ စက်ရုံ၊ အလုပ်ရုံများမှ  ဓာတုအညစ်အကြေးများ၊ ရေဆိုးများကို သဘာဝရေပြင်များသို့         တိုက်ရိုက် စွန့်ထုတ်ခြင်း၊ စိုက်ပျိုးမြေများချဲ့ထွင် ခြင်းနှင့် ပိုးသတ်ဆေးများ    အလွန်အကျွံ သုံးစွဲခြင်း၊ စက်ရုံ၊ အလုပ်ရုံနှင့် မြို့ပြများ ကို   သဘာဝရေပြင်များသို့    အကန့် အသတ်မဲ့        ချဲ့ထွင်လာခြင်းစသည့် လူ့ပယောဂကြောင့်    ပျက်စီးမှုများနှင့် အတူ သဘာဝတရားကြီး၏ ဖောက်ပြန်မှု  များကြောင့် ပျက်စီးတိမ်ကောခြင်းများ ဖြစ်ပေါ်လျက်ရှိနေသည်။ မြို့ပြဖွံ့ဖြိုးမှု၊  စက်မှုလုပ်ငန်းဖွံ့ဖြိုးမှုနှင့်      လူတို့၏ ပယောဂများကြောင့်   ပျက်စီးခဲ့ရသည့် အင်းများတွင်  တောင်သမန်အင်းလည်း  အပါအဝင်ဖြစ်သည့်အတွက် တောင်သမန် အင်းအကြောင်းကို  တင်ပြရလျှင်သင့်မည် ဖြစ်ပါသည်။
ကန်တွင်  မိတ္ထီလာကန်၊  အင်းတွင်  တောင်သမန် စာဆိုအရ တောင်သမန် အင်းသည်         အင်းများ၏ဦးသျှောင် ထိပ်တန်းအင်းဖြစ်ကာ  ဗုဒ္ဓဝင်၊  သမိုင်း ဝင်၊  စာဝင်ပေဝင်   အင်းကြီးတစ်အင်း ဖြစ်ပါသော်လည်း    မန္တလေးမြို့ပြဖွံ့ဖြိုးမှု နှင့်  စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်လာမှုများကြောင့်    အင်းအတွင်းသို့   ရေဆိုးများ စီးဝင်လျက်ရှိသည့်အတွက်  ရေအရည် အသွေးကျဆင်းကာ   အင်းငါးသေဆုံးမှု များ    မကြာခဏကြုံတွေ့လာရမှုများ ကြောင့်လည်းကောင်း၊  သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး  လိုအပ်ချက်များအရ လည်းကောင်း   တောင်သမန်အင်းအား ရေရှည်        ထိန်းသိမ်းနိုင်ရေးအတွက် အင်းစာရင်းမှပယ်ဖျက်၍      သဘာဝ ပတ်ဝန်းကျင်  ထိန်းသိမ်းရေးကန်အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ရသည်ကို  တွေ့ရ သည်။   တောင်သမန်အင်း၏   သမိုင်း ကြောင်းကို လေ့လာဖတ်ရှုခြင်းအားဖြင့် တိုင်းဒေသကြီး/    ပြည်နယ်အသီးသီးရှိ မြစ်ချောင်း၊ အင်းအိုင်များ၏ အခြေအနေ များကို   နားလည်သိရှိပြီး    ကာကွယ် ထိန်းသိမ်းလိုသောစိတ်များ၊  ကာကွယ် ထိန်းသိမ်းရေး  နည်းလမ်းကောင်းများ ရရှိနိုင်မည်ဖြစ်ပါသည်။

တောင်သမန်ရေတိမ်ဒေသ

တောင်သမန်အင်းသည်         ငါး ထုတ်လုပ်မှုမြင့်မားပြီး မန္တလေးတိုင်းဒေသ ကြီး အမရပူရမြို့နယ်အပူပိုင်းဇုန်ဒေသ (Central Dry zone) အတွင်းရှိ ကုန်းတွင်း အင်းတစ်အင်းဖြစ်သည့်အပြင်     ရေတိမ် ဒေသတစ်ခု (Wet Land) လည်း ဖြစ်သဖြင့်  ဆောင်းခိုငှက်များ      ရာသီအလိုက်  ပျော်ပါးလာရောက်လေ့ရှိရာ  ဒေသ၊ လူ၊ အပင်၊  တိရစ္ဆာန်နှင့်  ရေမြေသဘာဝ  အပြန်အလှန်အမှီသဟဲပြုရာ  ဂေဟဗေဒ စနစ်ကောင်း   တစ်ခုဖြစ်သည့်အပြင်  ရေချိုအရင်းအမြစ်တစ်ခုလည်း  ဖြစ်ပါ သည်။

တာဝတိံလော၊ နန္ဒာလော

 နွေရာသီ    တောင်သမန်အလှနှင့် စိမ်းစိုသည့်     မည်စည်ပင်တန်းအလှက အညာမြေမန္တလေး နွေအပူကို မေ့လျော့ သက်သာစေပါသည်။   တောင်သမန် အလှသည်    မြန်မာလူထုကိုသာမက ကမ္ဘာလှည့်ခရီးသွားများကိုပါ  ဆွဲဆောင် ထားနိုင်ပါသည်။    ဦးပိန်တံတားသည် တောင်သမန်နှင့် ခွဲခြား၍မရသော အမှတ် တံဆိပ်ဖြစ်ပြီး ဦးပိန်တံတားပေါ်မှ မြင်ရ သည့် ပတ်ဝန်းကျင်အလှသည်  ရှုမငြီး အောင်     ဖမ်းစားနိုင်စွမ်းရှိနေပါသည်။ တံတားအနောက်ဘက်ထိပ်တွင်    မဉ္ဇူ သကနတ်ပန်းအနွယ်မှ        ဆင်းသက် လာသည့်           မည်စည်ပင်တန်းနှင့် တောင်မင်းကြီးဘုရား၊ မြောက်ဘက်သို့ နာရီလက်တံရွေ့သလို ဆက်၍သွားပါက  မဟာဂန္ဓာရုံကျောင်းတိုက်၊  ကျော်အောင် စံထားကျောင်းတိုက်၊  ရွှေဂူကြီးဘုရား၊ ပုထိုးတော်ကြီးဘုရား၊     ဗူးဘုရား၊ မန္တလေးတောင်နှင့် မန္တလေးမြို့တော်ကြီး၊ တံတား         အရှေ့ဘက်ထိပ်တွင် တောင်သမန်ကျောက်တော်ကြီးဘုရား၊ တောင်ဘက်ဆက်သွားပါက မြန်မာနိုင်ငံ ၏        အကြီးဆုံးသရက်ဥယျာဉ်များ တည်ရှိရာ မြစ်ငယ်ကျေးလက်ဒေသနှင့်   ကျောက်စိမ်းစေတီ၊  ဆက်လက်ကြည့်ရှု မည်ဆိုပါက      စစ်ကိုင်းတံတားအလှ၊ စစ်ကိုင်းတောင်နှင့်       ဆွမ်းဦးပုညရှင် ဘုရားကို ဖူးတွေ့ရမည်ဖြစ်ပါသည်။

ဤသို့လှပသော   ရှုခင်းများ     စုံစုံ လင်လင်ရှိသော နေရာဖြစ်သည့်အတွက်  ပိဋကတ်တော်တွင်ပါရှိသော တာဝတိံသာ နတ်ပြည်၏   နန္ဒဝန်ဥယျာဉ်ကြီး   စိတ္တ လတာရေကန်တော်ကြီးများနှင့် နှိုင်းယှဉ် ပြီး တာဝတိံသာနတ်ပြည်သို့  ရောက်နေ သည်ဟုထင်ရကြောင်း      ဆရာတော် ဦးပညာ (အမရပူရ) ရေးသည့်   တောင် သမန်ဝန်းကျင်  သမိုင်းဝင်နေရာများ      စာအုပ်တွင်     ဆရာကြီးငွေဥဒေါင်းက အမှာစာရေးသား    ညွှန်းဆိုထားခြင်းဖြစ် ပါသည်။

သုံးပန်လှတောင်သမန်

တောင်သမန်အင်း     အလှသည် နွေရာသီတွင်တစ်မျိုး၊      မိုးရာသီတွင် တစ်ဖုံ၊  ဆောင်းရာသီတွင်  တစ်သွင်ဆန်း နေသည့်အတွက်           သုံးရာသီအလှ သုံးပန်လှအင်းဟု  တင်စားထားကြပြန် ပါသေးသည်။   နွေရာသီတွင်    ရင့်မှည့် ရိတ်သိမ်းဆဲ မုရင်းစပါးစိုက်ခင်းများ၊ ပဲ၊  ပြောင်း၊ ကြက်သွန်၊ ဟင်းရွက်ခင်းများ၊ အစာရှာနေကြသည့် ရေနေကျေးငှက်များ နှင့် နွေအလှကို ဖော်ပြထားသလို မိုးရာသီ တွင် ဧရာဝတီ၊ ဒုဋ္ဌဝတီနှင့်  တောင်သမန် အင်း  ပေါင်းစပ်ကာ ဖြစ်ပေါ်လာသည့်  ရေပြင်ကျယ်ကြီးက   လှိုင်းကြက်ခွပ် ဖွေးဖွေးလှုပ်နေသည့်    အညာဒေသ ပင်လယ်ပြင်တစ်ခုအဖြစ်သို့ ပြောင်းလဲ သွားပြီး  တစ်ခါတစ်ရံ  လှိုင်းအပုတ်တွင်  ယိမ်းလှုပ်သွားရရှာသော ဦးပိန်တံတားမြင်ကွင်းက   မိုးရာသီ၏လျှို့ဝှက်သည်းဖို   ပန်းချီကားတစ်ချပ်         ဖြစ်ပါသည်။        တော်သလင်းမှစ၍ ဆောင်းရာသီအကူး    ဧရာဝတီနှင့်  မြစ်ငယ်မြစ်   မြစ်နှစ်သွယ် ရေကျသွားသည့်အခါတွင်     အင်းရေပြင် အောက်မှ ထွက်ပေါ်လာသည့် မုရင်းစပါး ခင်းများ၊  ကောက်ပဲသီးနှံစိုက်ခင်းများ ဖြင့်  ဆောင်းရာသီအလှကို   ပုံဖော်ပေး ပြန်ပါသည်။  ရေနေငှက်များ၊   ဆောင်းခို ငှက်များ၏  ပျံသန်းတွန်ကျူးသံများက ဆောင်းရာသီအလှကို     ပိုမိုပီပြင်စေပါ သည်။
တောင်သမန်အင်း၏ သဘာဝအလှ တရားများကို        စာဖွဲ့တင်ပြရသည့် အကြောင်းမှာ  မြန်မာနိုင်ငံနေရာဒေသ အနှံ့တွင်ရှိကြသည့် မြစ်ချောင်း၊ အင်းအိုင် များအားလုံးတွင် စာဖွဲ့၍မကုန်နိုင်သော အလှကိုယ်စီ          ရှိနေကြသည့်အတွက် ထိုအလှတရားများကို    မြတ်နိုးတန်ဖိုး ထားစေလိုသောစိတ်၊  ရေနေသတ္တဝါများ အား ကာကွယ်ထိန်းသိမ်းလိုသောစိတ် နှင့် မြစ်ချောင်း၊ အင်းအိုင်များ ရေရှည် တည်မြဲစေလိုသောစိတ်ကြောင့် ဖြစ်ပါ သည်။

 ဗုဒ္ဓဝင်တော်လာတောင်သမန်အင်း

ဂေါတမဘုရားရှင် လက်ထက်တော် တွင်  သုနာပရန္တတိုင်းခေါ်   မြန်မာနိုင်ငံ အလယ်ပိုင်း  စစ်ကိုင်း၊ အင်းဝ၊  မန္တလေး အရပ်ဒေသများသို့ ဒေသစာရီကြွချီတော် မူသောအခါ စစ်ကိုင်းသောတာပန်အရပ် သို့အရောက်တွင် နတ်ဘီလူး ၉၉ ယောက် ကို  တရားဟောတော်မူပြီး  ထိုဘီလူး ၉၉  ယောက်စလုံး  သောတာပန်ဖြစ်သွား သည့်အတွက် စစ်ကိုင်းတွင်  သောတာပန် အရပ်ဟူ၍    ယနေ့တိုင်ရှိနေသည်။ ထိုနတ်ဘီလူး ၉၉ ယောက်က  အရှေ့ ဘက်ကမ်းတွင်    နတ်ဘီလူး   ဆွေမျိုး လေးယောက်ရှိသေးကြောင်းနှင့် သူတို့ကို တရားချီးမြှင့်တော်မူပါရန်    တောင်းပန် သည့်အတွက် ငတောင်သမန်၊ ငတောင် မြင့်၊  ငတောင်ကျည်း၊  ငတောင်ပြုန်း စသည့်        နတ်ဘီလူးလေးယောက်ကို တရားဟောတော်မူပါသည်။ နတ်ဘီလူး  လေးယောက်လှူသော သားပြွမ်းဆွမ်း အလှူကြောင့်  နောင်အခါဤဒေသတွင် သင်တို့အမည်နှင့်  ရပ်ရွာဒေသဖြစ်လိမ့် မယ်ဟု        ဗျာဒိတ်တော်ထားခဲ့သည့် အတွက်    အမရပူရခေတ်မတိုင်မီကပင် တောင်သမန်အင်း၊  တောင်မြင့် အင်းဟု       အထင်အရှားရှိနေပြီဟု   မှတ်သားရပါ သည်။  ရွှေဂူကြီးဘုရား၊   ပဲ့ပါဘုရားများ မှတ်တမ်းများအရ   ပုဂံခေတ်တွင်လည်း တောင်သမန်အင်းမှာ     အထင်အရှား ရှိနေပြီဖြစ်သည်။

တောင်သမန်ဘေးမဲ့အင်း

ပဒေသရာဇ်ခေတ်များတွင် သာသနာ ရေးဆိုင်ရာ  နယ်မြေများ၊  မြစ်ချောင်း၊ အင်းအိုင်များတွင်ရှိသော  ရေနေသတ္တဝါ များကို ဘေးမဲ့ပေးလေ့ရှိကြောင်း လေ့လာ တွေ့ရှိရပါသည်။   ရှင်ဘုရင်ကိုယ်တိုင် သနားတော်မူသောကြောင့်     ဘေးမဲ့ နယ်မြေများ၊ ဘေးမဲ့အင်းများ  သတ်မှတ် ခြင်းများရှိသကဲ့သို့    နယ်မြေဒေသခံ ဆရာတော်ကြီးများက   ဦးဆောင်ပြီး နန်းတော်သို့ မေတ္တာစာပေးပို့တောင်းဆို ခြင်းများကြောင့် ရှင်ဘုရင်က အမိန့်တော် ထုတ်ပြန်ပြီး ဘေးမဲ့အင်းအဖြစ်သတ်မှတ် ပေးသော    အထောက်အထားများကို လည်း ဖတ်ရှုရပါသည်။ ဘေးမဲ့အင်းကို  ဒေသခံဆရာတော်ကြီးများနှင့်  ပြည်သူ များက ကာကွယ်ထိန်းသိမ်းကြပါသည်။ ဤအချက်သည်        မြန်မာနိုင်ငံတွင် ရှေးပဒေသရာဇ်ခေတ်မှစ၍   သဘာဝ ပတ်ဝန်းကျင်များကို         ပြည်သူများ ကိုယ်တိုင်     ပူးပေါင်းထိန်းသိမ်းသည့် အလေ့အထရှိနေပြီး ယခုခေတ်  သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အစုအဖွဲ့ များပုံစံမျိုးသည်    ရှေးခေတ်မြန်မာ့  ယဉ်ကျေးမှုပုံစံဖြင့်       ရှိနေကြောင်း တွေ့ရသည်။   တောင်သမန်အင်းသည် အမရပူရခေတ်တွင်          ဘေးမဲ့အင်း သတ်မှတ်ထားကြောင်းနှင့် ဘေးမဲ့အင်း သတ်မှတ်ကြောင်းအမိန့်ကို ရှင်ဘုရင်က  ထုတ်ပြန်ပေးသည့့််အတွက် အင်းအိုင်နှင့်  ပတ်သက်သော  လုပ်ပိုင်ခွင့်အာဏာများ သည် ရှင်ဘုရင်မှ  တိုက်ရိုက်ဆင်းသက် ကြောင်း ထင်ရှားနေပါသည်။

အကြီးမားဆုံးငါးလုပ်ငန်းပြစ်ဒဏ်

  အမရပူရခေတ် ပုဂံမင်းလက်ထက် ၁၈၅၂ခုနှစ် ဧပြီလတွင် တောင်သမန်အင်း  ရေလျော့နည်း  ခန်းခြောက်သွားသော ကြောင့် အင်းအတွင်းရှိ ငါးများ  သေကျေ ပျက်စီးသည့်အတွက်  အရပ်သားများက အင်းထဲမှ ငါးအသေများကို   ကောက်ယူ ကြသည်။  ထို့နောက်  ငါးအသေများ သာမက  ငါးအရှင်များကိုပါ   ဖမ်းဆီး ကြသည့်အမှုကြီး  ကျူးလွန်ကြပါတော့ သည်။  ထိုအမှုကြီးတွင်   တားမြစ်ရန် တာဝန်ရှိပါလျက် မတားမြစ်သည့်အပြင်  ဝန်ထောက်ငပေါက်နှင့်  နာခံငကလယ်  တို့ကိုယ်တိုင်     ပါဝင်ငါးဖမ်းကြသော သတင်းစကား    ဘုရင့်နားပေါက်ကြား သွားသည့်အတွက်      ဖမ်းဆီးအပြစ်ပေး ခြင်းခံကြရပါသည်။   အမတ်ကြီးနှစ်ဦး အား ပေးထားသော မြို့စား၊    ရွာစားအရာ မှနုတ်ပြီး ထောင်သွင်းအရေးယူမှု  ဖြစ်ခဲ့ ပါသည်။   ငါးဆိုသည်မှာ    ပုံသဏ္ဌာန်၊   အရောင်အဆင်း၊ သွင်ပြင်အမူအရာတွင် ထူးခြားပြီး လူတိုင်းကိုဆွဲဆောင်နိုင်သော  စွမ်းအားရှိသည့် သတ္တဝါဖြစ်သောကြောင့် မှူးတော် မတ်တော်နှစ်ပါး မနေနိုင်မထိုင် နိုင်ဖြစ်ကာ  အင်းထဲသို့ဆင်းပြီး  ငါးဖမ်းဆီး သည့်အတွက် အရေးယူခံခဲ့ရခြင်းသည် တောင်သမန်အင်း၏    ထင်ရှားသော ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး အကြီးမားဆုံး သော ငါးလုပ်ငန်းဆိုင်ရာ ပြစ်မှု၊ ပြစ်ဒဏ် အဖြစ် မှတ်တမ်းဝင်ခဲ့သည်။ 

တင်ပြလိုသည်မှာ      မြစ်ချောင်း၊ အင်းအိုင်၊ ငါးသယံဇာတထိမ်းသိမ်းရေး၊ သဘာဝပတ်ဝန်းကျင်     ထိန်းသိမ်းရေး လုပ်ငန်းများအပေါ်တွင်     မြန်မာမင်း အဆက်ဆက်         ဂရုပြုအလေးထား  ဆောင်ရွက်ခဲ့ကြောင်းကို  တင်ပြလိုရင်း ဖြစ်ပါသည်။      ယနေ့ခေတ်အသုံးပြု နေသော ငါးလုပ်ငန်းဆိုင်ရာ ဥပဒေများ မှာ        နိုင်ငံခြားငါးဖမ်းရေယာဉ်များ  ငါးလုပ်ငန်းလုပ်ကိုင်ခွင့်ဥပဒေ (၁၉၈၉)၊   ငါးမွေးမြူခြင်းဆိုင်ရာဥပဒေ   (၁၉၈၉)၊ မြန်မာ့ပင်လယ်     ငါးလုပ်ငန်းဥပဒေ (၁၉၉၀)   တို့ဖြစ်သည်။  တိုင်းဒေသကြီး/  ပြည်နယ်အသီးသီးက  ရေးဆွဲပြဋ္ဌာန်း ထားသော    ရေချိုငါးလုပ်ငန်းဥပဒေများ သည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၁၈၈)အရ    ပြဋ္ဌာန်းခဲ့ခြင်းဖြစ် သည်။  

ပဒေသရာဇ်ခေတ်
အင်းအိုင်အုပ်ချုပ်ရေး

ရှေးဘုရင်များလက်ထက်က  အင်း အိုင်များနှင့်ပတ်သက်ပြီး လယ်စားမင်း များခန့်ထားကြောင်းကို  တောင်သမန် လယ်စားမင်း၊  မကျည်းတောလယ်စား မင်းဆိုသော   ရာထူးများက   သိရှိနိုင် ပါသည်။ တောင်သမန်အင်း၏ အခမ်းနား ဆုံးနှင့်   အရေးပါဆုံး  နောက်ဆုံးအချိန် မှာ     မန္တလေးရတနာပုံခေတ်ဖြစ်ပြီး  မန္တလေးနန်းတော်ရှေ့အရပ်    ရတနာ နဒီမြစ်    (တူးမြောင်းတော်)မှတစ်ဆင့်   ဇောင်းကလောကန်၊   တောင်မြင့်အင်း၊ တောင်သမန်အင်း၊    ဧရာဝတီမြစ်၊ မြစ်ငယ်မြစ်အထိ   တစ်ဆက်တစ်စပ် တည်း ရေပြင်ရေရိုးများရှိနေသည့်အပြင် တောင်သမန်အင်းအတွင်းတွင်   ဘုရင့်  လှေဖောင်တော်များ    ဝင်ထွက်သွား လာနိုင်ရန်      ဖောင်ကြောင်းကိုးကြောင်း ရှိကြောင်း    တွေ့ရသည်။      ယခုအခါ  ရတနာနဒီ          တူးမြောင်းတော်နှင့် ဇောင်းကလောကန်တို့ ပျောက်ကွယ်ခဲ့ပြီ ဖြစ်သည်။

လေလံအင်းနိဒါန်းနဲ့နိဂုံး

တောင်သမန်အင်းကို ၁၉၀၉ ခုနှစ်  အင်္ဂလိပ်အစိုးရခေတ်တွင်   အင်းမြေပုံ၊ အင်းနယ်နိမိတ်များ ရေးဆွဲသတ်မှတ်ပြီး လေလံရောင်းချခဲ့ကြောင်း    မှတ်သား ရသည်။    ၁၉၈၉-၁၉၈၀   ခုနှစ်တွင် ပြည်တွင်းအခွန်များဦးစီးဌာနမှ    ငါး လုပ်ငန်းဦးစီးဌာနသို့ အင်းလုပ်ငန်းတာဝန် များကို လွှဲပြောင်းသောအခါ လေလံအင်း အဖြစ် လွှဲပြောင်းခဲ့သည်။  ငါးလုပ်ငန်း ဦးစီးဌာနသို့ ရောက်ရှိပြီးနောက်  လေလံ အင်းအဖြစ်    ဈေးပြိုင်ရောင်းချခဲ့ရာ ၁၉၉၀-၁၉၉၁ ခုနှစ်မှစ၍ ၁၉၉၃-၁၉၉၄   ခုနှစ်အထိ   မြန်မာ့ရေလုပ်ငန်း၊  ၁၉၉၄- ၁၉၉၅   ခုနှစ်မှစ၍ ၂၀၀၃-၂၀၀၄ ခုနှစ် အထိ ထောက်လှမ်းရေး(၁၆)၊   ၂၀၀၄-၂၀၀၅ ခုနှစ်မှစ၍ ၂၀၁၃-၂၀၁၄ ခုနှစ်အထိ မြို့တော်စည်ပင်တို့ကို (၃)နှစ်ကြေးတိုင်  လုပ်ကိုင်ခွင့်များပေးခဲ့သည်။
မိုးတွင်းကာလ   ရေကြီးချိန်တွင် ဧရာဝတီမြစ်နှင့်   ဒုဋ္ဌဝတီမြစ်ငယ်မြစ်မှ မြစ်ရေများ      လွတ်လွတ်လပ်လပ် ဝင်ရောက်နိုင်သော      ကာလများက ငါးပတ်၊  ငါးပြား၊   ငါးဖန်းမ၊   ငါးရံ့၊ ငါးလဘိ၊  ငါးစင်ရိုင်း၊ ငါးစင်စပ်၊ ငါးလူး၊ ငါးလဲ၊ ငါးအုံတုံ၊ ငါးမြွေနီ၊  နိုင်လွန်ငါး၊ ငါးနုတ်၊     ငါးဖွဲ၊    ပုစွန်ဆိတ်နှင့် ငါးသလောက်  စသောတိုင်းရင်းငါးမျိုး များ သဘာဝအတိုင်း ဝင်ရောက်မျိုးပွား လေ့ရှိသော်လည်း     ၁၉၉၅    ခုနှစ်၌ တောင်သမန်အင်းတွင်   ရေအမြဲတည်ရှိ စေလိုသောကြောင့်   ဆည်မြောင်းဦးစီး ဌာနက        တံတားဖြူရေထိန်းတံခါး ဆောက်လိုက်သည့်အခါတွင်      ဧရာဝတီ မြစ်ရေဝင်ရောက်ရန်  ခက်ခဲသွားသဖြင့်  တိုင်းရင်းငါးမျိုးများလည်း  ဝင်ရောက်ရန် ခက်ခဲသွားသည့်အတွက် အင်းအတွင်းသို့  မွေးမြူရေးငါးများ     ထည့်သွင်းမွေးမြူ သောစနစ်     ဆောင်ရွက်ခဲ့ကြသည် ကိုလည်း တွေ့ရှိရသည်။

မန္တလေးမြို့ကြီးဖွံ့ဖြိုးမှုက    အရှိန် အဟုန်နှင့်ဖွံ့ဖြိုးနေသည်ကို တွေ့ရသည်။ တောင်သမန်အင်း၏  ရေဝေရေလဲဖြစ် သော ဇောင်းကလောကန်သည်လည်း ပြည်ကြီးတံခွန်မြို့နယ်ဟုဖြစ်ခဲ့ပြီ။ ပန်းရံ တော်ချောင်းတစ်လျှောက်တွင်   ၁၉၉၀ ပြည့်နှစ်လောက်မှစ၍    စက်မှုဇုန်(၁)၊ ဆည်တော်ကြီး မြောင်းလက်တံ(၆) ရေပို မြောင်းတစ်လျှောက်တွင် ၁၉၉၉ ခုနှစ် လောက်မှစ၍   စက်မှုဇုန်(၂) တို့ဖြစ်ခဲ့ပြီ။   အင်းပတ်ပတ်လည်တွင်  လူနေအိမ်များ၊   စားသောက်ဆိုင်ခန်းများ    ဖြစ်လာသည့် အတွက်   မြို့ပြမှ    စွန့်ပစ်အမှိုက်သရိုက်   အညစ် အကြေး (Urban Waste)များ၊   စက်မှုဇုန်မှ   စွန့်ပစ်သည့်ရေဆိုး  (Industrial Waste)များကြောင့် တောင်သမန်အင်း ရေသည် နဂိုမူလအတိုင်း သန့်ရှင်းမှု မရှိ  တော့သဖြင့်       နှစ်စဉ်ငါးသေဆုံးမှု  အနည်းနှင့်အများ ကြုံတွေ့နေရပြီဖြစ် သည်။

မန္တလေးမြို့ပြဖွံ့ဖြိုးမှု၊   စက်မှုဇုန်များ ပေါ်ပေါက်လာမှု၊ သဘာဝရေဝင်ရောက်  နိုင်ရေး  ခက်ခဲလာမှု၊  တောင်သမန်အင်း တွင်      ရေအမြဲတည်ရှိစေလိုမှုများက အင်းအရည်အသွေးကို   ကျဆင်းစေပြီး  ရေထုညစ်ညမ်းမှုနှင့်     သဘာဝပတ်ဝန်း ကျင် ထိခိုက်မှုများကိုဖြစ်ပေါ်စေခဲ့သည်။   သို့ဖြစ်၍   ၂၀၁၅  ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့ ရက်စွဲဖြင့်  မန္တလေးတိုင်းဒေသ ကြီးအစိုးရအဖွဲ့က    တောင်သမန်အင်း ရေရှည်တည်တံ့ခိုင်မြဲရေးနှင့်  သဘာဝ ပတ်ဝန်းကျင်ပျက်စီးမှု     မရှိစေရေး အတွက် အင်းအစား သဘာဝကန်အဖြစ် ရေရှည်တည်တံ့အောင်    ထိန်းသိမ်း သွားမည်ဖြစ်ကြောင်းနှင့်    အင်းလေလံ ပစ်ခြင်းမပြုရန်        အကြောင်းကြားသည့် အတွက်     မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနက  အမိန့်ကြော်ငြာ စာအမှတ်-၃/ ၂၀၁၅ ဖြင့်   လေလံတင်  ရောင်းချခြင်းအား    ပယ်ဖျက်ပြီး   အင်းစာရင်းမှ  ပယ်ဖျက်လိုက်ကြောင်း ကြေညာခဲ့သည်။ 

စက်မှုနှင့်မြို့ပြဖွံ့ဖြိုးမှု၏  လွှမ်းမိုးမှု အခြေအနေများကို   အင်းပတ်ဝန်းကျင် တွင်     တည်ရှိနေသော  ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်များ၊  ဘာသာရေး အမွေအနှစ်များ၊  သဘာဝအလှတရား များ၊   စာပေယဉ်ကျေးမှုများနှင့်အတူ လက်တွဲပြီး တွန်းလှန်နေရသည့်အနေ အထားဖြစ်ပါသည်။ ယနေ့တောင်သမန် အင်းသည်   ပြည်တွင်း၊ ပြည်ပခရီးသွား ဧည့်သည်များနှင့်   စည်ကားနေဆဲဖြစ်  သည်။   လေလံအင်းဘဝမှ   သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကန်အဖြစ် သို့   ပြောင်းလဲသတ်မှတ်ခြင်းခံရသော် လည်း      ပြည်သူများကပေးသည့် တောင်သမန်အင်း      ကမ္ပည်းစာတိုင် လေးက အမရပူရနန်းမြို့ရိုး တောင်ဘက်  တောင်သမန်အင်း  မြောက်ဘက်အင်း စောင်းတွင်      ခိုင်ခိုင်မာမာရပ်တည် နေပါသေးသည်။  အင်းကမ္ပည်းစာတိုင် လေး ထာဝရတည်မြဲအောင်  ပြည်သူ များက  ကြိုးစားဆုံးဖြတ်ပေးကြရပေ လိမ့်မည်။  ထိုဆုံးဖြတ်ချက်မှာ  အမှိုက် သရိုက်အညစ်အကြေးများ၊ ရေဆိုးများ ကို     အင်းအတွင်းသို့   စွန့်ပစ်ခြင်း၊ စီးဝင်စေခြင်းများ      မပြုလုပ်ကြရန်  ကိုယ်တိုင်လိုက်နာကျင့်သုံးခြင်း၊ ဝိုင်းဝန်း  ဟန့်တားခြင်းများကို    ဆောင်ရွက်ကြ ရမည်ဖြစ်ပါသည်။  ဤသို့  သမိုင်းဝင် စာဝင်ပေဝင်အင်းကြီး၏ အခြေအနေကို  ဖတ်ရှုရခြင်းအားဖြင့်  ဒေသအသီးသီးရှိ အင်းများ၏ ရပ်တည်နေရဆဲအခြေအနေ များကို    ခြုံငုံသုံးသပ်ပြီး   ထိန်းသိမ်း စောင့်ရှောက်ရန် နည်းလမ်းများကိုလည်း ကြံဆနိုင်မည်ဖြစ်ပါသည်။

ဆရာရွှေသော်၏     “မြစ်ချောင်း၊ အင်းအိုင်များသည် နိုင်ငံတော်၏သဘာဝ  သယံဇာတများ (Natural Resources) ဖြစ်သည်သာမကဘဲ  နိုင်ငံသူနိုင်ငံသား များအတွက်   သဘာဝတရားကြီးက ဖန်တီးပေးထားသော   သဘာဝအမွေ အနှစ်  (Natural Heritage)   လည်း ဖြစ်သည်။  ရှေးနှစ်ပေါင်းများစွာကပင်  မြန်မာတို့ဘိုးစဉ်ဘောင်ဆက် သားစဉ် မြေးဆက်      နှစ်ကာလရှည်လျားစွာ လုပ်ကိုင်     စားသောက်ခဲ့ကြရသော အမျိုးသားအမွေအနှစ်     (National Heritage)   တစ်ရပ်လည်းဖြစ်သည်။ အမျိုးသား      အမွေအနှစ်တစ်ရပ်ကို မတိမ်ကော မပျက်စီးအောင် အမျိုးသား ရေးတာဝန်တစ်ရပ်အဖြစ်    ကျင့်သုံး ဆောင်ရွက်ကြပါရန်” ဟူသော  စာသား ဖြင့် မြန်မာ့ပင်လယ်ပြင်နှင့် မြစ်ချောင်း  အင်းအိုင်များကို တန်ဖိုးထား ထိန်းသိမ်း ကြပါစို့ဟု   တိုက်တွန်းရင်း    နိဂုံးချုပ် အပ်ပါသည်။         ။