ရှေ့နေရယ်၊ အမှန်တရားရယ်၊ တရားဥပဒေရယ်

မောင်စာဂ

 

ရှေ့နေတစ်ဦးသည် မိမိလိုက်ပါဆောင်ရွက်သော မှုခင်း ကိစ္စတစ်ခုအတွက် အမှန်တရားကို ရှာဖွေ၍ အနိုင်ရယူ လိုချင်သည်။ အနိုင်ရယူဖို့ ဘယ်လိုအမှန်တရားကို ရှာဖွေမည်လဲ။ ဥပဒေပြဋ္ဌာန်းချက် တွေထဲမှာ မည်သို့ ရှာဖွေပါမည်နည်း။ အနှစ်ချုပ် သဘောမျှဝေပါရစေ။ ရှေ့နေတို့၏ အသက်မွေးဝမ်းကျောင်း ပညာရှေ့နေတို့၏ အသက်မွေးဝမ်းကျောင်းပညာသည် ဥပဒေပညာဖြစ်သည်။ ဥပဒေဖြင့် အသက်မွေးဝမ်း‌ ကျောင်းပြုသည့် ရှေ့နေလုပ်ငန်းသည် မွန်မြတ်သော အသက်မွေး ဝမ်းကျောင်းမှု လုပ်ငန်းဖြစ်ကြောင်း ဆိုရိုးစကားရှိသည်။ ထို့ကြောင့် ရှေ့နေတို့သည် မိမိတို့၏ အသက်မွေးဝမ်းကျောင်း ပညာဖြစ်သော ဥပဒေပညာ ရပ်အပေါ် အမြဲသစ္စာ စောင့်သိကြရသည်။ ရှေ့နေတို့၏ လုပ်ငန်းရှေ့နေတို့၏ အဓိကလုပ်ငန်းသည် တရားရုံးများတွင် အမှုသည်များ၏ကိုယ်စား အမှုများ လိုက်ပါဆောင် ရွက်ပေးခြင်းဖြစ်သည်။ အမှုများဆိုရာတွင် ရာဇဝတ် မှုခင်းများ၊ တရားမမှုခင်းများ ဖြစ်သည်။ မူလမှုများတွင် လည်းကောင်း၊ အယူခံမှု၊ ပြင်ဆင်မှုများတွင်လည်းကောင်း လိုက်ပါ ဆောင်ရွက်ကြသည်။ တရားလိုအမှုသည်များ ဘက်ကဖြစ်စေ၊ တရားခံ၊ တရားပြိုင် အမှုသည်များ ဘက်ကဖြစ်စေ လိုက်ပါဆောင်ရွက်သည်။

 

ရှေ့နေတို့သည် အမှုများလိုက်ပါဆောင်ရွက်ခြင်း လုပ်ငန်းများအပြင် ကုန်ပစ္စည်းအရောင်းအဝယ်ပြု လုပ်ခြင်း၊ အလွှဲအပြောင်းပြုလုပ်ခြင်း၊ ငှားရမ်းခြင်းကိစ္စ များနှင့်စပ်လျဉ်းသည့် စာချုပ်စာတမ်းများ ချုပ်ဆိုပေးရ သည့်လုပ်ငန်း၊ အသင်းအဖွဲ့၊ ကုမ္ပဏီများတွင် ဥပဒေ အကြံဉာဏ်များပေးရသည့် လုပ်ငန်းများကိုလည်း ဆောင်ရွက်ကြသည်။အောင်မြင်ချင်ကြသည်ရှေ့နေတိုင်းသည် အောင်မြင်သော ရှေ့နေတစ်ဦး ဖြစ်ချင်ကြသည်။ မိမိ၏လုပ်ငန်းတာဝန်များကို ကြိုးစား ဆောင်ရွက်ကြသည်။ မိမိလိုက်ပါ ဆောင်ရွက်သော အမှုအခင်းများကို အမှန်တရားရှာဖွေ၍ အနိုင်ရဖို့ ကြိုးစား လိုက်ပါ ဆောင်ရွက်ကြသည်။ အောင်မြင်သော ရှေ့နေတစ်ယောက်ဖြစ်ဖို့ဆိုလျှင် အမှန်တရားကို ရှာဖွေဖော်ထုတ် နိုင်စွမ်းရှိရမည်။ အမှန်တရားကို ရှာဖွေဖော်ထုတ်၍ မိမိ လိုက်ပါဆောင်ရွက်သော မှုခင်းကိစ္စရပ်ကို အနိုင်ရအောင် ကြိုးစားဆောင်ရွက်ခြင်းသည်သာ ရှေ့နေကောင်းတစ်ယောက် ဖြစ်နိုင်သည်။ဘာကြောင့် ရှေ့နေအဖြစ် လိုက်ပါကြရသလဲ ရာဇဝတ်ပြစ်မှုတစ်ခု ကျူးလွန်ပြီဆိုလျှင် ကျူးလွန်သူသည် ရှေ့နေငှား၍ အမှုကိုထုချေသည်။ ရာဇဝတ်ပြစ်မှု ကျူးလွန်ခဲ့ပါလျက် ဘာကြောင့် ရှေ့နေငှားရသလဲ။ ရှေ့နေကလည်း ပြစ်မှုကျူးလွန်သည်ဟု စွပ်စွဲခံရသူဘက် မှ ဘာကြောင့် အမှုကိုလက်ခံ၍ ရှေ့နေအဖြစ်လိုက်ပါ ဆောင်ရွက်ရပါသလဲ။ ဤမေးခွန်းနှင့် စပ်လျဉ်း၍ ငယ်စဉ်က ဖတ်ခဲ့၊ မှတ်ခဲ့ဖူးသည်ကို ဖော်ပြလိုပါသည်။အမေရိကန်နိုင်ငံ၏ သမ္မတတစ်ဦးဖြစ်ခဲ့ဖူးသည့် အေဗရာဟင်လင်ကွန်းသည် သမ္မတမဖြစ်မီက ရှေ့နေ တစ်ဦးဖြစ်သည်။ တစ်နေ့သောအခါ လူသတ်မှု ကျူးလွန် သူတစ်ဦးက အမှုလိုက်ပါဆောင်ရွက်ပေးရန် အမှုလာ အပ်သည်ကို လက်ခံလိုက်သည်။ ထိုစဉ် သူ၏တပည့်က "ဆရာ ဆရာက ပြည်သူတွေအပေါ် အင်မတန်မှ ကြင်နာ သနားတတ်တယ်၊ တရားမျှတမှုကို လိုလားတယ်၊ အမှန်တရား ဖြစ်စေလိုတယ်။ ဒီလိုစိတ်ကောင်းစေတနာ တွေရှိနေပါလျက် လူကိုသတ်လာတဲ့သူတစ်ဦးအတွက် ရှေ့နေလိုက်ပေးဖို့ အမှုလာအပ်တာကို ဘာကြောင့် လက်ခံလိုက်ရသလဲ"ဆိုပြီး မေးသည်။သည်အခါ ရှေ့နေကြီးလင်ကွန်းက “သူကလူသတ်မှု ကျူးလွန်လာခဲ့တယ်ဆိုတာ ငါရှေ့မှာပြောတာ။ သူအမှန် တကယ်သတ်တာ ဟုတ်-မဟုတ် တရားရုံးမှာစစ်ဆေးရဦး မယ်။ သတ်ရင်လည်း ဘာကြောင့် ဒီလူသတ်မှုကို ကျူးလွန် ရတာလဲ၊ ဥပဒေအရ ဘယ်လိုအကာအကွယ်တွေရှိလဲ၊ ဘယ်လို သက်သာခွင့်တွေရနိုင်လဲဆိုတာ တရားရုံးမှာ စစ်ဆေးကြည့်ရ ဦးမယ်လေ” ဆိုပြီး ပြန်ပြောခဲ့သည်။အမှန်တရားဘယ်မှာရှာမှုခင်းကိစ္စများ လိုက်ပါ ဆောင်ရွက်ရာတွင် အမှန် တရားရဖို့ ဘယ်မှာရှာဖွေရမည်နည်း။ ဥပဒေများထဲတွင် ရှာရပါမည်။ ဥပဒေတွေများများဖတ်ရမည်။ ဥပဒေ၏ ဆိုလိုရင်းအဓိပ္ပာယ်ကို ကောင်းစွာ သိရှိနားလည်အောင် ကြိုးစားလေ့လာသင်ယူကြရပါမည်။ အမှုအခင်းဖြစ်စဉ် ဖြစ်ရပ်များကို ယထာဘူတကျကျ စုံစမ်းစိစစ်၊ စူးစမ်း ဆင်ခြင်လျက် အလားတူ အမှုအခင်းများနှင့်စပ်လျဉ်း သည့် ဥပဒေပြဋ္ဌာန်းချက်များ၊ တရားရုံးဆုံးဖြတ်ချက်နှင့် စီရင်ထုံးများတွင် ဖတ်ရှုလေ့လာ နှိုင်းယှဉ်မှတ်သား ရှာဖွေရမည်။

 

အချို့သောဥပဒေပြဋ္ဌာန်းချက်များတွင် ပြစ်မှုကျူးလွန် ခဲ့သော်လည်း ပြစ်မှုကျူးလွန်ခြင်း မမြောက်ကြောင်း ကင်းလွတ်ချက်ပေးထားသည်။ ခြွင်းချက်ပေးထားသည်။ ရှင်းလင်းချက်များ ဖော်ပြထားသည်။ အချို့သောဥပဒေ ပုဒ်မများတွင် ပြစ်မှုကျူးလွန်ရာရောက်စေသည့် ပြစ်မှု အင်္ဂါရပ်တစ်ခုမက သုံးခု၊ လေးခု၊ ငါးခုစသည်ဖြင့် ပြဋ္ဌာန်း ထားသည်။ တရားစွဲဆိုတင်ပို့သည့်အခါ ခွင့်ပြုမိန့်လိုအပ်သည့် ဥပဒေ၊ ပုဒ်များလည်းရှိသည်။ စသည်စသည်တို့ကို ခြုံငုံမိအောင် လေ့လာဆည်းပူး ရှာဖွေမှတ်သားထား ရမည်။

 

ရှေ့နေတို့၏အတတ်ပညာ

 

ရာဇဝတ်မှု ကျူးလွန်သည်တော့မှန်သည်။ သို့သော် ဤသို့ပြုလုပ်ကျူးလွန်ခြင်းသည် ဥပဒေပြဋ္ဌာန်းချက် က ကင်းလွတ်ခွင့်ပေးထားသလား၊ ခြွင်းချက်ပေးထား သလား၊ ဥပဒေကြောင်းအရ မည်သို့သက်သာခွင့် တောင်းယူနိုင်သလဲ ဤသည်ကိုရှာဖွေ၍ အမှုသည်အား အမှုမှကွင်းလုံးကျွတ်လွတ်အောင် ဆောင်ရွက် ကြသည်။ လူသတ်မှုဖြင့် စွဲဆိုခံထားရသော်လည်း ယင်းထက် ပြစ်ဒဏ်လျော့နည်းသည့် လူသေမှု သို့မဟုတ် အပြင်း အထန်နာကျင်စေမှုဖြင့် သက်သာသည့် ပြစ်ဒဏ်များ ရရှိအောင် ဆောင်ရွက်ကြသည်။

 

ဤသို့ဖြင့် ရှေ့နေများသည် ဥပဒေကပေးအပ်ထားသော ဥပဒေပြဋ္ဌာန်းချက်များတွင်ပါရှိသည့် အမှန်တရား ကို ရှာဖွေဖော်ထုတ်၍ မိမိ၏အမှုသည်အား အမှုမှလွတ်ရာ လွတ်ကြောင်း သို့မဟုတ် သက်သာခွင့် ရရာရကြောင်း ဆောင်ရွက်ပေးနိုင်ခြင်းသည် ရှေ့နေတို့၏ ဥပဒေအရ လေ့လာအားထုတ် ကြိုးပမ်းသည့် အတတ်ပညာတစ်ခုဟု ဆိုနိုင်သည်။

 

တစ်ခါတစ်ရံတွင် ရှေ့နေများသည် တရားလိုဘက်မှ အမှုကိုလာရောက်ငှားရမ်းသဖြင့် တရားလို ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ကြရသည်။ တရားလိုဘက်မှ လိုက်ပါ ဆောင်ရွက်ရသည့်အခါ ဥပဒေ ပြဋ္ဌာန်းချက်အပေါ် ချဉ်းကပ်လေ့လာခြင်းသည် တရားခံဘက်ရှေ့နေအဖြစ် လိုက်ပါ ဆောင်ရွက်စဉ်က ကဲ့သို့ မတူတော့ပါ။ စွဲဆိုထား သောပြစ်မှုကို တရားခံက အမှန်တကယ် ကျူးလွန်ခြင်း ရှိ/မရှိ ပေါ်လွင်ထင်ရှားစေရန် ဥပဒေပြဋ္ဌာန်းချက်ဘောင် အတွင်းက ဖြစ်စဉ်အမှန်တရားကို ရှာဖွေဖော်ထုတ်၍ လိုက်ပါဆောင်ရွက်ကြရသည်။ သို့မှသာ ရှေ့နေတစ်ဦး၏ တာဝန်ကျေပွန်ပေတော့မည်။

 

ဤနေရာတွင် ရှေ့နေသည် တရားလိုဘက်မှ အမှုကိုလိုက်ပါဆောင်ရွက်ပေးရသော်လည်း ရဲအရေးယူပိုင်ခွင့် ရှိသောအမှုဖြစ်လျှင် ရှေ့နေသည် မိမိသဘောဆန္ဒအရ လွတ်လပ်စွာ လိုက်ပါ ဆောင်ရွက်ခွင့် မရှိပါ။ သက်ဆိုင်ရာ ဥပဒေအရာရှိ၏ လမ်းညွှန်ကြီးကြပ်မှုဖြင့်သာ လိုက်ပါ ဆောင်ရွက် ကြရသည်။ မိမိတင်ပြလိုသည့် သို့မဟုတ် ဆောင်ရွက်လိုသည့်ကိစ္စရပ်များကို ဥပဒေအရာရှိ၏ လမ်းညွှန်မှု၊ ကြီးကြပ်မှုဖြင့်သာ တင်ပြရသည်။ဆောင်ရွက် ရသည်။ ဥပဒေအရာရှိ၏ လမ်းညွှန်ကြီးကြပ်မှု ဥပဒေအရာရှိ လိုက်ပါဆောင်ရွက်သောအမှုတွင် တရာလိုက ပြင်ပရှေ့နေတစ်ဦးကို ငှားရမ်းလိုက်ပါစေ သည့်အခါ တရားလို၏စိတ်တိုင်းကျ ဘာကြောင့်လိုက်ပါဆောင်ရွက်ခွင့်မပြုရပါသလဲ။ ဘာကြောင့် ဥပဒေ အရာရှိ၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် အမှုကိုလိုက်ပါစေ ရပါသလဲ မေးခွန်းနှစ်ခုကို မိမိဥပဒေအရာရှိငယ် အဖြစ် တာဝန်ထမ်းဆောင်စဉ်က အထက်အဆင့်ဆရာများသို့ မေးမြန်းခဲ့ဖူးသည်။

 

ဆရာများ၏ဖြေကြားချက်မှာ တရားလိုက ငှားရမ်းသော ပြင်ပရှေ့နေအား ၎င်း၏ စိတ်တိုင်းကျ အမှုကိုလိုက်ပါ ဆောင်ရွက်ခွင့် ပေးလိုက်မည်ဆိုလျှင် အကယ်၍များ တရားလိုရှေ့နေနှင့် တရားခံရှေ့နေတို့ ပူးပေါင်းသွားပြီး အမှုကိုပျက်ရာပျက်ကြောင်းဆောင်ရွက်ပါက တရားခံ အမှုမှ လွတ်မြောက်သွားမည်။ နိုင်ငံတော်အတွက် ထိခိုက်နစ်နာမည်။ ဒါ့ကြောင့် နိုင်ငံတော်ကိုယ်စားလိုက်ပါ ဆောင်ရွက်နေရသည့် အမှုလိုက် ဥပဒေအရာရှိ၏ လမ်းညွှန်ကြီးကြပ်မှုဖြင့်သာ အမှုကို လိုက်ပါဆောင်ရွက် ရန် သတ်မှတ်ပြဋ္ဌာန်းထားရခြင်းဖြစ်ကြောင်း ရှင်းပြ သည်။

 

တစ်ဆက်တည်းပင် တရားလိုငှားရမ်းထားသော ပြင်ပရှေ့နေ၏ တင်ပြဆောင်ရွက်မှုများသည် နိုင်ငံတော် ဘက်မှရပ်တည်၍ အမှုမှန်ပေါ်ပေါက်ရန် ဥပဒေဘောင် အတွင်းက အမှန်တရားကို ရှာဖွ ေဖော်ထုတ်ပေးနေခြင်း ဖြင့်လျှင် ကြိုဆိုရမည်ဖြစ်ကြောင်း၊ ယင်းပြင်ပရှေ့နေနှင့် ဥပဒေအရာရှိတို့ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက် သွားကြရန်ဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးရေး အထောက်အကူပြုမည်ဖြစ်ကြောင်း ဆရာများ၏ လမ်းညွှန်မှာကြားချက်များကို အမြဲသတိတရဖြစ်နေ သည်။အောင်မြင်သော ရှေ့နေဖြစ်ဖို့ဆိုလျှင် ရှေ့နေတစ်ဦး၏ အမှုလိုက်ပါဆောင်ရွက်ခြင်း လုပ်ငန်း အတတ်ပညာသည် သိမ်မွေ့သည်၊ နက်နဲသည်၊ ခက်ခဲသည်၊ တစ်ခါတစ်ရံ ကြမ်းတမ်းတတ်သည်ဟု ဆိုနိုင်သည်။ ဥပဒေပညာရပ်တစ်ခုတည်း နှံ့စပ်တတ်ကျွမ်းနေရုံနှင့် မပြီး လုံ့လဝီရိယရှိရသည်။ ထကြွနိုးကြားမှုရှိရသည်။ ရိုးသားရသည်။ ထက်ထက်မြက်မြက်ရှိရသည်။ ဥပဒေ ဘောင်အတွင်းက ဥပဒေက ပြဋ္ဌာန်းပေးထားသော အမှန် တရားကို ရှာဖွေဖော်ထုတ်ပြီး မိမိအမှုသည်၏လိုလားချက် ကိုရရှိအောင် ဆောင်ရွက်ပေးနိုင်သည့် အလေ့အကျင့် ကောင်းတွေ အစဉ်သဖြင့် မွေးမြူ လေ့ကျင့်ထားရမည်။ ရှေ့နေရယ်၊ အမှန်တရားရယ်၊ တရားဥပဒေရယ် တစ်ထပ် တည်း၊ တစ်သားတည်းရှိနေရင် ထာဝရအောင်မြင်သော ရှေ့နေတစ်ဦး ဖြစ်နေမည်သာ။

 

ဤနေရာတွင် ဥပဒေပညာသင်ယူစဉ်က မှတ်မှတ် သားသားထားရှိခဲ့သည့် ဥပဒေဆိုရိုးစကားတစ်ခုကို လက်ဆောင်ပါးလိုက်ပါရစေ။

 

If you want to become a great lawer, you must live as a hermit but do as a horse. အောင်မြင်ကျော် ကြားသောရှေ့နေကောင်းတစ်ဦးဖြစ်ဖို့ဆိုလျှင် ရသေ့လို နေထိုင်၍ မြင်းကဲ့သို့ ပြုမူပါတဲ့။အမှန်တရားကိုဖော်ထုတ်ရှာဖွေ၍ မိမိအမှုသည် ၏ လိုလားချက်များကို ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ကြပါစေ၊ မိမိတို့၏ အသက်မွေးဝမ်းကျောင်း ပညာဖြစ်သည့် ဥပဒေပညာရပ်အပေါ် သစ္စာ စောင့်သိနိုင် ကြပါစေ၊အောင်မြင်ကျော်ကြားသော ရှေ့နေကောင်းများ ဖြစ်ကြပါစေ။