ရေနွေးပူလောင်တဲ့ ကလေးတွေကို ဘယ်လိုပြုစုပေးမလဲ

၁၈ သြဂုတ်


ကလေးတွေမှာ ရံဖန်ရံခါ ဖြစ်တတ်တဲ့ မတော်တဆမှု တစ်ခုပါပဲ။ ကလေးတွေရဲ့ အရေပြားဟာ အလွန်နူးညံ့ပြီး ထိခိုက်လွယ်တဲ့အတွက်ကြောင့် တခြားဒဏ်ရာတွေနဲ့ ယှဉ်လိုက်ရင် ရေနွေးပူလောင်တာဟာ ဝေဒနာဆိုးဆိုးရွားရွား ဖြစ်စေနိုင်တဲ့အပြင် အမာရွတ်ကျန်သည်အထိ ပြင်းထန်နိုင်ပါတယ်။


ရေနွေးပူလောင်တဲ့အခါမှာ ပြင်းထန်မှုအတိုင်းအတာပေါ် မူတည်ပြီး အိမ်မှာ အလွယ်တကူ ကုသပေးလို့ အဆင်ပြေသလို ဆရာဝန်ဆီ အမြန်ဆုံး သွားရောက်ပြီး ကုသမှုခံယူဖို့လည်း လိုအပ်ပါတယ်။


ကလေး အပူလောင်ခံရနိုင်တဲ့ အကြောင်းရင်း တရားခံတွေ


၁။ ပူလွန်းတဲ့ ရေနဲ့ ရေချိုးတဲ့အခါ၊ ရေပူကန်ထဲ အချိန်ကြာမြင့်စွာ စိမ်တဲ့အခါ


၂။ ကော်ဖီ၊ ရေနွေးကြမ်း ပူပူသောက်ရင်းနဲ့ လက်ပေါ်ကို မှောက်မိတဲ့အခါ


၃။ ပူနေတဲ့ အစားအစာ၊ အရည်တွေ လက်နဲ့ သွားထိမိတဲ့အခါ


၄။ ပူနေတဲ့ မီးဖို၊ ဒယ်အိုး၊ မီးပူ အစရှိတဲ့ ပစ္စည်းတွေကို ကိုင်တွယ်ထိတွေ့မိတဲ့အခါ


၅။ ဓာတုဗေဒပစ္စည်းတွေ အထူးသဖြင့် အယ်လ်ကိုဟော ပါဝင်မှု များတဲ့ ပစ္စည်းတွေ၊ ဆားကစ်ပေါက်နေတဲ့ ဘက်ထရီတွေ ထိမိတဲ့အခါ


၆။ အစွန်းချွတ်ဆေးတွေ အသားအရေနဲ့ ထိတွေ့မိတဲ့အခါ


၇။ လျှပ်စစ်ဓာတ်ကြိုးကို ကိုက်တာ၊ လျှပ်စစ်ပလပ်ခေါင်းထဲ လက်ထိုးထည့်ရာကနေ ဓာတ်လိုက်ပြီး အပူလောင်တာ


၈။ နေပူထဲ အကာအကွယ်မပါပဲ ထွက်တဲ့အခါ အစရှိသဖြင့် ကလေးအသားကို အပူလောင်စေနိုင်တဲ့ အကြောင်းရင်းတွေ အများကြီး ရှိပါတယ်။


ပထမအဆင့် အပူလောင်ခြင်း


အရေပြားရဲ့ အပေါ်ယံအလွှာကိုပဲ ထိခိုက်မိတဲ့အခြေအနေပါ။ မပြင်းထန်တဲ့ အခြေအနေလို့လည်း ဆိုနိုင်ပါတယ်။


အပူလောင်တဲ့နေရာမှာ နီရဲတာ၊ နာကျင်တာ၊ အနည်းငယ်ရောင်တာမျိုး တွေ့ရတတ်ပြီး အရည်ကြည်ဖုမထွက်ပဲ အသားခြောက်နေတတ်ပါတယ်။


ပုံမှန်အားဖြင့် ၃ ရက်ကနေ ၆ ရက်အတွင်းမှာ ပျောက်ကင်းသွားနိုင်ပြီး အပူလောင်တဲ့ ဒဏ်ရာပေါ်က ပျက်စီးနေတဲ့ အရေပြားဟာ ၁ ရက်၊ ၂ ရက်အတွင်း ကွာကျသွားပါတယ်။


ဒုတိယအဆင့် အပူလောင်ခြင်း


အနည်းငယ်ပိုပြင်းထန်တတ်ပြီး အရေပြားအပေါ်ယံအလွှာရဲ့ အောက်ဘက်အထိပါ ထိခိုက်သွားတဲ့ အခြေအနေဖြစ်ပါတယ်။


အရည်ကြည်ဖုတွေ ထွက်လာမယ်။ အလွန်နာကျင်ပြီး ဒဏ်ရာက နီရဲနေမယ်။ အရည်ကြည်ဖုက ပေါက်ထွက်သွားတဲ့အခါ နီရဲရဲ ဒါမှမဟုတ် ပန်းနုရောင်လေး သမ်းနေပါတယ်။


ဒဏ်ရာပြင်းထန်မှုနဲ့ အကြောင်းရင်းပေါ် မူတည်ပြီး ပျောက်ကင်းတဲ့ အချိန်ကြာမြင့်နိုင်ပါတယ်။ အနည်းငယ် ၃ပတ်နဲ့ အထက်မှာမှ လုံးဝပျောက်ကင်းသွားနိုင်ပါတယ်။


တတိယအဆင့် အပူလောင်ခြင်း


အပူလောင်ခြင်းရဲ့ အပြင်းထန်ဆုံး အဆင့်လို့ သတ်မှတ်ပြီး အရေပြားရဲ့ အပေါ်ယံရော အောက်ဘက်က အရေပြားတစ်သျှူးတွေအထိပါ ထိခိုက်မိတဲ့ အခြေအနေပါ။


အပူလောင်တဲ့ နေရာမှာ ခြောက်သွေ့ပြီး ဖယောင်းလိုဖြူစွတ်ပြီး ချောနေတာ၊ ကြမ်းတမ်းပြီး အညိုရောင်သမ်းနေတာ၊ မီးခိုးကျပ်တိုက်ထားသလို အမည်းရောင်ဖြစ်နေနိုင်ပါတယ်။ အရေပြားအောက်က သွေးကြောတွေကိုပါ ထိခိုက်မိသွားတဲ့အတွက် အစပိုင်းမှာ နာကျင်မှုအနည်းငယ်ပဲ ရှိတာ၊ လုံးဝမနာကျင်တာ၊ ထုံကျဉ်နေသလို ဖြစ်နိုင်ပါတယ်။


ပြင်းထန်မှုပေါ်မူတည်ပြီး ပျောက်ကင်းချိန် ကြာမြင့်နိုင်ပါတယ်။ အကောင်းဆုံးကတော့ ဆရာဝန်နဲ့ သေချာပြသပြီး ကုသမှု ခံယူသင့်ပါတယ်။


အပူလောင်တဲ့အခါမှာ ဘာကိုအရင်ဆုံး လုပ်သင့်လဲ။


၁။ ကလေးကို အပူလောင်စေတဲ့ အရာနဲ့ ဝေးရာကို ခေါ်သွားပါ။


၂။ အပူလောင်နေတဲ့ နေရာမှာ ရှိနေတဲ့ အဝတ်အစားတွေ အကုန် ဖယ်ထုတ်လိုက်ပါ။


၃။ အပူလောင်ဒဏ်ရာပေါ် ရေအေး လောင်းချပါ။ ရေအေး ဆိုရာမှာ ရေခဲရေကို အသုံးပြုလို့ မရပါဘူး။


၄။ သန့်ရှင်းတဲ့ အဝတ် အစို သန့်သန့်လေးနဲ့ ဒဏ်ရာပေါ် ၃မိနစ် ကနေ ၅မိနစ်ထိ ဖိထားပေးပါ။


၅။ ရေခဲကို အသုံးပြုတဲ့အခါ ထိခိုက်ထားတဲ့ အရေပြားကို ပိုပြီး ပျက်စီးစေတဲ့အတွက် အသုံးမပြုသင့်ပါဘူး။


၆။ ထောပတ်၊ ပေါင်ဒါမှုန့်၊ လိမ်းဆေးအဆီ အစရှိသည်တို့ကို မလိမ်းပါနဲ့။ ဒဏ်ရာကို ပိုနက်စေပြီး ရောဂါပိုး ပိုပြီး ဝင်စေနိုင်ပါတယ်။


၇။ ရှားစောင်းလက်ပက်နဲ့ လုပ်ထားတဲ့ ဂျယ်လ် ဒါမှမဟုတ် ခရင်မ်တစ်မျိုးမျိုး လိမ်းပေးပါ။ တစ်နေ့ကို ၂ကြိမ် ၃ကြိမ်လောက် လိမ်းပေးပါ။


၈။ နာကျင်တာသက်သာစေဖို့ ibuprofen ပါဝင်တဲ့ ဆေးတွေကို တိုက်ပေးလို့ရပါတယ်။


၉။ အပူလောင်ထားတဲ့ နေရာကို သန့်ရှင်းအောင်ထားပါ။ အပူလောင်ပြီး ၂၄ နာရီအတွင်း ပိုးသတ်ထားတဲ့ ဂွမ်းနဲ့ အုပ်ထားပါ။


ဒီအချက်တွေဟာ ပထမအဆင့် အပူလောင်ခြင်းအတွက်သာ ဖြစ်ပြီး ဒုတိယနဲ့ တတိယအဆင့် ပြင်းထန်တဲ့ အပူလောင်ခြင်းတွေအတွက် အရေးပေါ်ဆေးခန်းကို သွားရောက်ကုသမှု ခံယူဖို့ လိုအပ်ပါတယ်။ ဆေးရုံမရောက်ခင်၊ လူနာတင်ယာဉ် မရောက်ခင်မှာ


၁။ ကလေးကို လှဲထားပေးပါ။ ဒဏ်ရာဖြစ်နေတဲ့ နေရာကို အပေါ်နည်းနည်း မြှင့်ထားပါ။


၂။ ပထမအဆင့်မှာ ပြုစုခဲ့တဲ့ နည်းလမ်းတွေကို လိုက်နာပါ။


၃။ ဒဏ်ရာတစ်ဝိုက်မှာ ရှိနေတဲ့ လက်ဝတ်ရတနာ၊ အဝတ်အစားတွေ အကုန်ဖယ်ရှားပေးပါ။


၄။ အရည်ကြည်ဖုတွေကို မပေါက်သွားစေဖို့ သတိထားပါ။


၅။ ဒဏ်ရာပေါ်ကို ရေအေးနဲ့ ၃မိနစ် ကနေ ၅မိနစ်အထိ လောင်းချပေးပါ။ သန့်ရှင်းတဲ့ အဝတ်နဲ့ ဒဏ်ရာကို အုပ်ထားပြီး ဆေးရုံကို အမြန်ဆုံးပို့ပေးပါ။


ရေးသားသူ - Ye Myo Myat


ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ - Dr. Thurein Hlaing Win


“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”