ရှေ့နေနှင့် ဦးသန့်

၂၅  ဇူလိုင်

နိဒါန်း

“ဆရာ”

“ဗျာ”

“ဒီတစ်ပတ်ဆောင်းပါးခေါင်းစဉ်က ဘာလဲဆရာ”

“ရှေ့နေနှင့် ဦးသန့်ပါတဲ့”

“ဘာကိုဆိုလိုတာလဲဆရာ”

“မြန်မာလူမျိုး၊ မြန်မာ့ခေါင်းဆောင်အဖြစ် ကမ္ဘာမှာ ကျော်ကြားခဲ့တဲ့ ပန်းတနော်သား ဦးသန့်အကြောင်း ရေးထားတဲ့စာအုပ်နဲ့ပတ်သက်ပြီး လူငယ်တွေကို ရေးပြချင်လို့ပါ ”

“စိတ်ဝင်စားပါတယ်ဆရာ”

“ဖတ်ကြည့်ကြပါစို့”

အတ္ထုပ္ပတ္တိဆိုတာဘာလဲ

“အတ္ထုပ္ပတ္တိဆိုတာ အင်္ဂလိပ်လိုတော့ Biography….Biographia ဆိုတဲ့ ခေါမစကားလုံးက လာတယ်။ Bio ဆိုတာ ဘဝ၊ Life graph ဆိုတာ writing ရေးသားခြင်း၊ ဘဝကို ရေးသားခြင်း၊ အဲဒါ Biography ကျွန်တော်တို့ မြန်မာမှာတော့ ပါဠိကလာတယ်။ အတ္ထုပ္ပတ္တိဆိုတာ အဖြစ်အပျက်၏ အကြောင်းအရာ၏ အဖြစ်အပျက်၊ အကြောင်းအရာတစ်ခု ဘယ်လိုဖြစ်သလဲ။ ဘယ်လို ပျက်သွားသလဲ၊ အဲဒါကို အတ္ထုပ္ပတ္တိလို့ ခေါ်ပါတယ်”ဟု စာရေးဆရာကြီး မြသန်းတင့်က ရေးသားပြောကြားခဲ့ဖူးပါသည်။

စာအုပ်တိုက်၏ ရည်ရွယ်ချက်

“အတ္ထုပ္ပတ္တိ” ဟူသည် ပါဠိစကားလုံးဖြစ်သည်။ အနက် အဓိပ္ပာယ်မှာ “အကြောင်းအရာ၏ ဖြစ်ခြင်း” ဟု အဓိပ္ပာယ် ရသည်။ ယင်းပါဠိစကားကိုယူ၍ မြန်မာစာပေ၌ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်၏ ဘဝဖြစ်ရပ်အား ရေးသားတင်ပြ သည့် စာပေအမျိုးအစားကို အတ္ထုပ္ပတ္တိစာပေဟူ၍ ခေါ်ဆို သည်။ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ဘဝနှင့် စရိုက်ကို ဖော်ပြသည့်စာသည် အတ္ထုပ္ပတ္တိဖြစ်သည်။ အတ္ထုပ္ပတ္တိ သည် ကဗျာ၊ ပြဇာတ်၊ ဝတ္ထုစသည်တို့ကဲ့သို့ပင် စာပေ၏ အင်္ဂါအစိတ်အပိုင်းတစ်ခု ဖြစ်သည်။

စာပေ၏ အခြားအင်္ဂါအစိတ်အပိုင်းတစ်ခုကဲ့သို့ပင် အတ္ထုပ္ပတ္တိသည် စာဖတ်သူတို့အား “စိတ်ဝင်စားမှုလည်း ဖြစ်ပွားစေသည်။ အကျိုးလည်း များစေသည်။ အတ္ထုပ္ပတ္တိ ကိုဖတ်လျှင် စာဖတ်သူသည် စိတ်ဝင်စားမှုရရှိပြီး မိမိ အတွက် အကျိုးများစေမည့် အချက်အလက်များကို သိရှိ နားလည်နိုင်သည်။ အခြားသောပုဂ္ဂိုလ်များ၏ ဘဝဖြစ်ရပ် နှင့် စရိုက်ကို သိရှိနားလည်ပါက မိမိဘဝဖြစ်ရပ်နှင့်စရိုက် ကို ပြန်လည်သုံးသပ်ပြီး ပြုပြင်သွားသင့်သည်ကို ပြုပြင် သွားနိုင်ပေသည်။ အတုယူသင့်သည်ကို အတုယူသွားနိုင် သည်။ စွန့်ပယ်သင့်သည်ကို စွန့်ပယ်သွားနိုင်ပေသည်”ဟု ပန်းဆက်လမ်းစာအုပ်တိုက်က ဦးသန့်အတ္ထုပ္ပတ္တိ စာအုပ်ထုတ်ဝေမှုအတွက် ဖော်ပြမိတ်ဆက်ထားပါသည်။ ၂၀၂၀ ဧပြီလတွင် စာစဉ်အယ်ဒီတာ အောင်ချိုချိုကျော်က စီစဉ်ထုတ်ဝေသည်။

ကျွန်တော်ကြိုက်သောကောက်နုတ်ချက်များ

ဦးသန့်အကြောင်းရေးသော စာအုပ်များစွာကို ကျွန်တော်ဖတ်ဖူးသည်။ ဤစာအုပ်မှာ တစ်မျိုးတစ်ဖုံ သုတရသပေးသည်။ ဆောင်းပါးပုဒ်ရေ ၂၀ အနက် ကျွန်တော်ကြိုက်နှစ်သက်သော ဆောင်းပါးအချို့ကို ကောက်နုတ်တင်ပြခွင့်ပြုပါ။

ဦးသန့်၏ မွေးဖွားရာဒေသနှင့် ငယ်ဘဝ

၁၉၀၉ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်၊ သောကြာနေ့၊ ညသန်းခေါင်ကျော်ပြီးစ ၅ မိနစ်တွင် မြစ်ဝကျွန်းပေါ် ပန်းတနော်မြို့လေးတွင် စက်ပိုင်ရှင် မြေပိုင်ရှင်ကြီး ဦးဘိုးနှစ် + ဒေါ်နန်းသောင်တို့မှ သားကြီး ဩရသ ဦးသန့်ကို မွေးဖွားခဲ့သည်။ ဦးသန့်တွင် ညီအစ်ကို လေးယောက် ရှိသည်။ ၎င်းတို့မှာ ဦးသန့်၊ ဦးခန့်၊ ဦးသောင်း၊ ဦးတင်မောင် တို့ဖြစ်သည်။ ညီအစ်ကိုများသည် နှစ်နှစ်ခြားစီ မွေးလာကြ သည်။ ပန်းတနော်မြို့ အမည်တွင်ရခြင်းမှာ မွန်ဘာသာ ဖြင့် - ပန်း= အဝ၊ နော်= တခြား “ဧရာဝတီမြစ်ဝမှ

အခြားတစ်နေရာတွင်တည်ရှိသောမြို့”ဟု ဆိုလိုကြောင်း ပြောစမှတ်ရှိလေသည်။ အချို့ကလည်း မွန်မင်းသမီးလေး ဥမ္မာဒန္တီသည် မင်းသားများ၏ ဘေးရန်မှ ပြေးရှောင်ရာ၌ မောပန်းနွမ်းလျကာ ပန်ထားသောပန်းများ လွင့်ကျသော နေရာတွင် တည်ထားသော ရွှေမြင်တင် (ဂေဇက်မှတ်တမ်း ဝင်) ဘုရားဖြစ်၍ ပန်းကျနော်ဘုရားဟု အမည်တွင် ခဲ့သေးသည်။ ပန်းကျနော်ဘုရားကို အစွဲပြု၍ ပန်းကျနော် မြို့၊ နောင်အခါ အလွယ်ခေါ်ပြောရာက ပန်းတနော်မြို့ဟု ခေါ်ဝေါ်ခဲ့ကြသည်ဟု အဓိပ္ပာယ်ဖွင့်ဆိုကြလေသည်ဟု (စာ-၉) တွင်ဖော်ပြသည်။

ဦးသန့်၏ ဖူးစာကြင်ဖက် ဘဝသက်လျာ

ရှေ့နေကြီး ဦးခင်၊ ဒေါ်ကျေးတို့၏သမီး မသိန်းတင်သည် ယဉ်ကျေးသိမ်မွေ့ပြီး လိမ္မာရေးခြားရှိသည်။ ဘာသာ တရား ရိုသေကိုင်းရှိုင်းသည်။ အိမ်ထောင်ထိန်းသိမ်းမှုကို မြတ်နိုးသည်။ မြန်မာဆန်ဆန် လှပကျော့ရှင်းပြီး မဟာ ဆန်သူဖြစ်သည်။ ဦးသန့်နှင့် အလွန်လိုက်ဖက်သည်။ နေနှင့်လ၊ ရွှေနှင့်မြဆိုသည်မှာ ဦးသန့်နှင့် ဒေါ်သိန်းတင်ကို ရည်ညွှန်းဆိုသည့်ပမာ။ ၁၉၃၄ ခုနှစ် နိုဝင်ဘာလတွင် ဦးသန့်နှင့် ဒေါ်သိန်းတင်တို့ နှစ်ဖက်မိဘ သဘောတူ ခွင့်ပြုချက်အရ ထိမ်းမြားလက်ထပ်ကြသည်။ (စာ-၄၁)

အလုပ်နှင့် လူ

အလုပ်လုပ်လွန်းသော လူသားဟု ဦးသန့်ကို ကင်ပွန်း တပ်ရမလောက်ကို အလုပ်ကြိုးစားသည်။ အလုပ်ကြွေး မထား။ တာဝန်ကျေပွန်သည်။ ဦးသန့်နှင့်ပတ်သက်ပြီး ဗိုလ်ချုပ်အောင်ဆန်း၏အစ်ကို ဦးအောင်သန်းက ပြောခဲ့ ဖူးသည်မှာ “တစ်နေ့တွင် ဦးနုက ကျွန်တော့်ကို ပြောလာ သည်။ ဦးသန့်ကို ကျွန်တော့်လက်အောက်၌ ဒုတိယ အတွင်းဝန်အဖြစ် လက်ခံနိုင်မည်လားဟု ကျွန်တော်အား မေးလာတယ်။ ကျွန်တော်ကလည်း သဘောတူကြောင်း ဖြေကြားလိုက်သည်။

ထိုအချိန်မှစ၍ ဦးသန့်လည်း အလုပ်လက်ခံပြီး အလုပ်မှန်သမျှကို ပြီးပြတ်အောင်ဆောင်ရွက်လေသည်။ တိတိကျကျ ခြေခြေမြစ်မြစ် လုပ်တတ်ပြီး တိုးတက်မှု များစွာရရှိအောင် စွမ်းဆောင်နိုင်ပေသည်။ ဦးသန့်မှာ အကြံအစည် စိတ်ကူးတွေ၊ တာဝန်ယူထိုးထွင်း ဆောင်ရွက်မှုတွေ အပြည့်ရှိလေသည်။ ခြောက်လျှင်လည်း မကြောက်၊ ချော့လျှင်လည်း မပျော့သော လူစားမျိုးဖြစ် သည်။ ဦးသန့်သည် အထက်အရာရှိများအပေါ် သစ္စာရှိ တတ်ပြီး၊ အထက်အရာရှိများ မှားနေလျှင်လည်း ထောက်ပြ ပြောဆိုဝေဖန်ရဲသည်။ အလုပ်လုပ်ရာတွင် လည်း စည်းစနစ်ကျပြီး ဖိစီးနေသောလုပ်ငန်းတွေကို တစ်ခုချင်း စိတ်မွှာဖြေရှင်းယူတတ်သည်။ သဲနာရီကဲ့သို့ သဲပွင့်ကျနေသည်နှင့်အမျှ အလုပ်လုပ်နိုင်လွန်းသော ဦးသန့်ဖြစ်သည်” ဟု ပြောဆိုခဲ့သည်။ (စာ- ၅၃)

ကမ္ဘာတုန်သတင်းနှင့် ကမ္ဘာဂုဏ်အလုပ်

၁၉၆၁ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့တွင် တစ်ကမ္ဘာ လုံးတုန်လှုပ်သွားသော သတင်းတစ်ခု ထွက်ပေါ်လာသည်။ ထိုသတင်းမှာ “ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဒက်ဟမ္မားရှိုးလ်နှင့် ကွန်ဂိုငြိမ်းချမ်းရေးမစ်ရှင်အဖွဲ့တို့ အာဖရိကအလယ်ပိုင်း နဒိုလာဒေသအနီး မီးတောင်ကြီး များအတွင်းသို့ လေယာဉ်ပျက်ကျသွားသည့်သတင်းဖြစ် သည်။ ထိုသတင်းကြောင့် နိုင်ငံတကာမြို့တော်ကြီးများ တွင် တုန်လှုပ် အံ့ဩကုန်ကြသည်။ ဝမ်းနည်းကြေကွဲ ပူဆွေးကြကုန်သည်။ ဒက်ဟမ္မားရှိုးလ်လို ပုဂ္ဂိုလ်မျိုး အစားထိုးနိုင်ပါဦးမည်လား”ဟု တွေးပူ သောကရောက် ကုန်ကြသည်။ (စာ-၆၅)

အတွင်းရေးမှူးချုပ်ဟာ “ထိန်းသိမ်းချုပ်တည်းနိုင်သူဖြစ်ရမည်” ဟု အမေရိကန်သမ္မတဟောင်း ရုစဗဲ့ ပြောသွား သည့်အချက်ကို ကိုးကားပြီး လိုက်လံရှာဖွေအံကိုက်ကြည့် ရာက လိုချင်သောအချက်တွေနှင့် ကွက်တိဝင်သူမှာ ဦးသန့်တစ်ဦးတည်းသာ ဖြစ်နေတော့လေသည်။ သံအမတ်ကြီး ဘိုလန်က ဦးသန့်ကို ရွေးချယ်ရန် စတင် အကြံရရှိသူဖြစ်သည်။ ကွယ်လွန်သွားသော ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဒက်ဟမ္မားရှိုးလ် ကိုယ်တိုင်က အတွင်းရေးမှူးချုပ်လောင်းမှာ ဦးသန့်ဖြစ်ကြောင်း ပြောသွားသည်မို့ အကောင်းဆုံးအဖြေကို ထပ်ပြီး ဖွေရှာ နေစရာ မလိုအပ်တော့ချေ။ မြန်မာပြည်၏ အိမ်နီးချင်း အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နေရူး၊ အင်ဒိုနီးရှား သမ္မတ ဆူကာနို၊ ကမ္ဘောဒီးယားနိုင်ငံမှ မင်းသားကြီး နိုရိုဒွန်သီဟာနု တို့က ဦးသန့်ကို အပြည့်အဝထောက်ခံကြလေသည်။ ကုလသမဂ္ဂတွင် ဦးသန့်မှာ ရန်သူမရှိပေ။ (စာ-၆၇)

ဦးသန့်ကို အတွင်းရေးမှူးချုပ် တင်မြှောက်ဖို့ အဆိုပြုတင်သွင်းသူများတွင် ဆိုဗီယက်အုပ်စုသည် ထိပ်ဆုံးမှ ပါဝင်သည်။ ၁၉၆၁ ခုနှစ် နိုဝင်ဘာလ ၁ ရက် တွင် ကျင်းပသော အထွေထွေညီလာခံကြီး၌ ကြေညာချက် တစ်စောင်တင်သွင်းပြီးနောက် နိုဝင်ဘာလ ၃ ရက်တွင် ဦးသန့်ကို ခေတ္တအတွင်းရေးမှူးချုပ်အဖြစ် တင်မြှောက် လိုက်ရာ ကန့်ကွက်သူမရှိ တညီတညွတ်တည်း တစ်ခဲနက် ထောက်ခံလိုက်ကြလေသည်။(စာ-၇၂)

လူပီသသောသူ၏မျက်ရည်နှစ်ကြိမ်

အလုပ်ထဲအာရုံနှစ်ထားသော ဦးသန့်သည် ၁၉၆၂ ခုနှစ်၊ မေလ ၂၁ ရက်နေ့တွင် သားဖြစ်သူ တင်မောင် ရန်ကုန်မြို့ရှိ ရွှေတိဂုံလမ်းအလွန်တွင် အမှတ် (၇) ဘတ်စ် ကားပေါ်မှ ပြုတ်ကျ၍ ရုတ်တရက်သေဆုံးသွားပြီးနောက် အုတ်ဂူသို့သွားကာ လွမ်းသူ့ပန်းခွေချစဉ်က သောက မျက်ရည်ကျခဲ့ရသည်။ အမေရိကန်သမ္မတ ကနေဒီ လုပ်ကြံခံရ၍ ကွယ်လွန်ကြောင်းသတင်းကို ကြားရစဉ် ကလည်း နေ့လယ်စာစားပွဲတစ်ခုကို တက်ရောက်နေရင်းမှ ဦးသန့် မျက်ရည်တစ်ကြိမ်ကျခဲ့ရပြန်သည်။ မှတ်မှတ်ရရ၊ ရှားရှားပါးပါး ဦးသန့် မျက်ရည်နှစ်ကြိမ်ကျခဲ့ရသောအဖြစ် များသာဖြစ်သည်။ (စာ-၁၂၁)

ပြန်ခြင်းကောင်းသောပုဂ္ဂိုလ်

ဆေးရုံတက်ပြီး ခွဲစိတ်ကုသသော်လည်း ကင်ဆာဆဲလ် များမှာ ပို၍ပင် ပြန့်ပွားလာကာ ပခုံးနှစ်ဖက်ထိ ရောက်ရှိ ကုန်သည်။ ဦးသန့်က ဆရာဝန်ကို “ဘယ်လောက်ထိ သက်တမ်းနေရမလဲ”ဟု ခန့်မှန်းခိုင်းပြီး ကုသိုလ် တရားပွားများရာတွင် ဖိလုပ်တော့သည်။ အသက် ၆၅ နှစ်အရွယ်မှာ ဦးသန့်ကွယ်လွန်သွားသည်။ ဦးသန့် ကွယ်လွန်ပြီးနောက် ဇနီး ဒေါ်သိန်းတင်၊ သမီး ဒေါ်အေး အေးသန့်၊ မွေးစားသား ဦးစောလွင်၊ မြေး သန့်မြင့်ဦးတို့ ကျန်ရစ်ခဲ့ကြသည်။ ၁၉၇၄ ခုနှစ် နိုဝင်ဘာ ၂၅ ရက်၊ တနင်္လာနေ့တွင် ကွယ်လွန်သွားခြင်းဖြစ်သည်။(စာ-၁၂၃)

ဦးသန့်အရေးအခင်း

ဦးသန့်မသေခင် သဘောဆန္ဒအရ ဦးသန့်၏အခေါင်းကို ကုလသမဂ္ဂအလံ လွှမ်းခြုံပြီး၊ အထူးလေယာဉ်ဖြင့် နိုဝင်ဘာလကုန်ပိုင်းတွင် မြန်မာပြည်သို့ သယ်ဆောင် လာကြသည်။ မြန်မာပြည်သို့ရောက်သောအခါ ကမ္ဘာက လေးစားရသော ဦးသန့်ကို မဆလအစိုးရပါတီ ခေါင်းဆောင်များက လာရောက်မကြိုဆိုကြပေ။(စာ-၁၂၆)

ဦးသန့်ရုပ်အလောင်း

ဦးသန့်အလောင်းပါသောအခေါင်းကို အယူအဆ ပြင်းထန်သော ကျောင်းသားတစ်စုက ဖမ်းဆွဲယူငင်ပြီးရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမသို့ ဆောင်ယူသွား လေသည်။(ဦးသန့်အခေါင်းလုခံရသည်ဟု သတင်းထွက်ခဲ့ သေးသည်) ခန်းမဆောင်အတွင်းတွင် စင်မြင့်တစ်ခုပေါ်၌ အလောင်းကိုထားရှိပြီး ပြင်ဆင်ကြသည်။ သံဃာတော် များက ပရိတ်ရွတ်ခြင်း၊ မေတ္တာပို့ ဆုတောင်းပေးခြင်း များ ပြုလုပ်ပေးကြသည်။ အခြားဘာသာဝင်များကလည်း သူတို့ ဘာသာရေးအစဉ်အလာတွေ ပြုလုပ်ပေးကြသည်။ ကျောင်းသားများသည် အလောင်းကို နိုးနိုးကြားကြားဖြင့် သတိထား စောင့်ကြပ်ကြသည်။(စာ-၁၂၉)

လူသားထုတစ်ရပ်လုံး၏ လောကနတ်ကြီး

မြန်မာမှာ တစ်ယောက်ဆို တစ်ယောက်၊ အာရှမှာ တစ်ဦးဆို တစ်ဦး၊ ကမ္ဘာမှာ ရှာမှရှားသော လူအဖြစ် ပေါ်ထွန်းလာသော ငြိမ်းချမ်းရေး၏ ဗိသုကာ၊ လူသားထု တစ်ရပ်လုံး၏ လောကနတ်ကြီး ဦးသန့်မှာ “မြန်မာပြည်သူ ပြည်သားများအဖို့ ဘယ်သောအခါမှ မမေ့အပ်သော သမိုင်းဝင် အဖိုးတန်ရတနာကြီးပါတကား”။ (စာ-၁၃၆) ဟူ၍ မော်ကွန်းနိဂုံး တင်ခဲ့ပေသည်။

နိဂုံး

မြန်မာလူမျိုး၊ ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်သား ဦးသန့်၏ဂုဏ်ရည်ကို ယနေ့လူငယ်အပေါင်းက အားကျ လေးစား အတုယူသင့်လှပါကြောင်း ... ။ ။

ဦးဟန်ညွန့် (ဥပဒေ)