ရှေ့နေနှင့် မကောင်းမှု

ဦးဟန်ညွန့် 

 

 

နိဒါန်း

 

 

“ဆရာ” 

 

 

“ဗျာ”

 

 

“နေကောင်းရဲ့လားဆရာ”

 

 

“ကောင်းပါတယ်”

 

 

“ဆရာ့ကြည့်ရတာနေမကောင်းသလိုပဲ”

 

 

“ဗျာ”

 

 

“ဆရာစကားနည်းသွားသလိုပဲ”

 

 

“ဪ.......”

 

 

“ဘာလို့ စကားနည်းသွားတာလဲ၊ ဘဝင်မြင့်သွားတာလား”

 

 

“ဗျာ”

 

 

“ပြောပါဦးဆရာရဲ့”

 

 

“ပြောမယ်ဗျာ၊ မကောင်းမှုနည်းအောင်လို့ပါ”

 

 

“ဘာကိုဆိုလိုတာလဲဆရာ”

 

 

“ဖတ်ကြည့်ကြစို့”

 

 

မကောင်းမှုဆိုတာဘာလဲ မကောင်းသော ကိုယ်မှု၊ နှုတ်မှု၊ စိတ်မှုတို့ကိုဒုစရိုက် ဟု ခေါ်သည်။ (ဒု-မကောင်းသော၊ စရိတ-ကျင့်ကြံပြုလုပ်ခြင်း) 

 

 

(၁) သူတစ်ပါးပစ္စည်းကို ငါ့ပစ္စည်းဖြစ်ရင်ကောင်း မှာပဲဟု မတရားကြံစည်ခြင်း၊ 

 

 

(၂) ဒီကောင် မြန်မြန်သေပါစေဟု စိတ်မာန် ပွားခြင်း၊ 

 

 

(၃) အယူဝါဒမှားခြင်းဟု ကျမ်းစာများတွင် မကောင်းမှု၏ အင်္ဂါရပ်များအကြောင်း လေ့လာဖတ်ရှုရသည်။

 

 

နှုတ်ကဖွင့်ပြောပြီ 

 

 

(၁) မဟုတ်မမှန်တာပြောသည်။ 

 

 

(၂) ကုန်းတိုက်စကားပြောသည်။ 

 

 

(၃) ဆဲရေးတိုင်းထွာသည်။ 

 

 

(၄) အကျိုးမရှိသည့် စကားပြောသည်။ ဤလေးချက်ကလည်း သိသာလွန်းသည်။ စိတ်ကူးမျှ သာမဟုတ်။ နှုတ်ကဖွင့်ပြောသည့်အဆင့် ရောက်ပြီ။ ဆိုးရွားလှသည်။ မကောင်းမှု၏ အဓိပ္ပာယ်ပါပဲ။

 

 

မြန်မာ-အင်္ဂလိပ်အဘိဓာန် 

 

 

မြန်မာအင်္ဂလိပ်အဘိဓာန်၊ စာ-၃၃၀ တွင် မကောင်းမှု (makaunhmu )(n) bad, evil or sinfuldeed  ဟုဖော်ပြသည်။ မကင်းရာမကင်းကြောင်း၊ မကောင်းဆိုးရွား၊ မကောင်းတကောင်း၊ မကောင်းတတ်၍၊ မကောင်းမကန်း စသည့် စကားလုံးအဓိပ္ပာယ်တွေလည်း ဖတ်ရ၊ လေ့လာရသည်။ (ဆက်လက်၍မကောင်းမှုအကြောင်းသာ ကျွန်တော် တင်ပြရေးသားပါမည်)

 

 

ဓမ္မပဒ 

 

 

ကမ္ဘာအေးဆရာတော် အရှင်ပညာဒီပစီရင်ရေးသားသော ပါဠိ၊ မြန်မာ၊ အင်္ဂလိပ်သုံးဘာသာ ဓမ္မပဒနိဗ္ဗာန် လမ်းပြကျမ်းစာအုပ်၊ စာ-၅၁ တွင် (ပါပဝဂ္ဂ)မကောင်းမှုအကြောင်း အကျယ်တဝင့်ရေးသားထားသည်။ ကျွန်တော် ဖတ်ရှုနားလည်မိသမျှ ကောက်နုတ်တင်ပြပါရစေ။

 

 

(၁) မကောင်းမှု၌ စိတ်သည် မွေ့လျော်တတ်သဖြင့် ကောင်းမှုပြုဖို့ရန် နုံ့နှေးတတ်ရကား မကောင်းမှုပြုခြင်းမှ စိတ်ကိုတားမြစ်၍ ကုသိုလ်ကောင်းမှုတို့ကို ဆောလျင်မြန်စွာ ပြုလုပ်ရာ၏။

 

 

(၂) ပုဂ္ဂိုလ်တစ်ယောက်သည် မကောင်းမှုကို ပြုမိစေကာမူ ထိုမကောင်းမှုကို ထပ်ကာ ထပ်ကာ မပြုမိစေရာ။ ထိုမကောင်းမှု၌ စိတ်၏ အလိုဆန္ဒကိုမပြုလုပ်ရာ။ မကောင်းမှုကို ပွားစေခြင်းသည် ဆင်းရဲခြင်း၏ အကြောင်းဖြစ်ပေ၏။

 

 

(၃) ပုဂ္ဂိုလ်တစ်ယောက်သည် ကောင်းမှုကို ပြုပြီးသော်လည်း ထိုကောင်းမှုကို ထပ်ကာထပ်ကာ ပြုလုပ်ရာ၏။ ထိုကောင်းမှု၌ စိတ်၏အလို ဆန္ဒကိုပြုလုပ်ပေးရာ၏။ ကောင်းမှုကို ပွားစေခြင်းသည် ချမ်းသာခြင်း၏ အကြောင်း ဖြစ်ပေ၏။

 

 

(၄) မကောင်းမှုပြုသောသူပင် ဖြစ်သော်လည်း မကောင်းကျိုးမပေးသရွေ့ ကာလပတ်လုံး ကောင်းမြတ်သော အာရုံကို တွေ့မြင်နိုင်သေး၏။ ယင်းမကောင်းမှုက အကျိုးပေးလာသောအခါ၌မူကား မကောင်းမှုပြုသူသည် မကောင်းကျိုးတို့ကိုသာ တွေ့မြင်ရပေတော့၏။

 

 

(၅) ကောင်းမှုပြုသောသူပင် ဖြစ်သော်လည်း ကောင်းကျိုးမပေးသရွေ့ ကာလပတ်လုံး မကောင်းသောအာရုံကို တွေ့မြင်နိုင်သေး၏။ ယင်းကောင်းမှုက အကျိုးပေးလာသော အခါ၌မူကား ကောင်းမှုပြုသူသည် ကောင်းကျိုးတို့ကိုသာ တွေ့မြင်ရပေတော့၏။

 

 

(၆) အနည်းငယ်သော မကောင်းမှုသည် (မိမိအား) အကျိုးသက်ရောက်လိမ့်မည် မဟုတ်ဟု မကောင်းမှုကို မထီမဲ့မြင် မအောက်မေ့ရာ။ မိုးရေပေါက်သည် ကျဖန်များလတ်သော် ရေအိုးပြည့်လာဘိသကဲ့သို့ လူမိုက်သည် အနည်းငယ် အနည်းမျှသော (အကုသိုလ်) မကောင်းမှုကို ပြုလုပ်ဆည်းပူးဖန်များလတ်သော် မကောင်းမှုဖြင့် ပြည့်လေတော့၏။

 

 

(၇) အနည်းငယ်သောကောင်းမှုသည် မိမိအား အကျိုးသက်ရောက်လိမ့်မည် မဟုတ်ဟု ကောင်းမှုကို မထီမဲ့မြင် မအောက်မေ့ရာ။ မိုးရေပေါက်သည် ကျဖန်များလတ်သော ရေအိုးပြည့်လာဘိသကဲ့သို့ ပညာရှိသည် အနည်းငယ်မျှသာ ကုသိုလ်ကောင်းမှုကို ပြုလုပ်ဆည်းပူးဖန်များလတ်သော် ကောင်းမှုဖြင့် ပြည့်လေတော့၏။

 

 

(၈) အငယ်နည်း၍ များသောဥစ္စာရှိသည့် ကုန်သည်ကြီးသည် ဘေးအန္တရာယ်များသော ခရီးကို ရှောင်ကြဉ်သကဲ့သို့လည်းကောင်း၊ အသက်ရှင်လိုသောသူသည် (လတ်တလော သေစေတတ်သည့်) အဆိပ်ကို ရှောင်ကြဉ် သကဲ့သို့လည်းကောင်း၊ ပညာရှိတို့သည် မကောင်းမှုကို ရှောင်ကြဉ်ရာ၏။

 

 

(၉) လက်၌အနာမရှိလျှင် လက်ဖြင့် အဆိပ်ကို ကိုင်ဆောင်နိုင်၏။ အဆိပ်သည် အနာမရှိ သောလက်ကို အစဉ်မလိုက်(မထိခိုက်) နိုင်ပေ။ မကောင်းမှု (စေတနာဖြင့်) မပြုသောသူအား မကောင်းမှုကံသည် မဖြစ်နိုင်ပေ။ စသည်ဖြင့် ကျွန်တော် ဖတ်ရှုမှတ်သားမိပါသည်။ အချို့စာများ နားလည်သော်လည်း အချို့ကိုကား ကျွန်တော်နားမလည်သေး။ ရှည်ရှည်ဝေးဝေးတွေး၍ မှတ်၍ လေ့လာရဦးမည်။ မကောင်းမှုတွေနေ့စဉ် လုပ်မေိ သော ကျွန်တော်သည် မကောင်းမှု၏ အဓိပ္ပာယ်ကို ထင်ထင်ရှားရှား သိကြားပါပြီလော။ ကျွန်တော့်မိတ်ဆွေများရောဤသို့ ပါပဲလား။ ထင်ရှားစေချင်ပါသည်။ သိကြားစေချင်ပါသည်။

 

 

ဆရာတော်၏ကျေးဇူး 

 

 

ဆရာတော် အရှင်ပညာဒီပ ရေးသားစီရင်အပ်သော ဓမ္မပဒလမ်းပြ စာအုပ်၏ ကျေးဇူးကြောင့် မကောင်းမှု၏ အဓိပ္ပာယ် ဘာသာပြန်ဆိုချက်အား ဉာဏ်မီသမျှ သိခွင့် ရချေပြီ။

 

 

ဓမ္မပဒဟူသောကျမ်းမြတ် 

 

 

ဓမ္မပဒဟူသောကျမ်းမြတ်သည် ပိဋကတ်သုံးပုံ၏ အနှစ်သာရဖြစ်ပါ၏။ စိတ်၏လျော်ကန် သင့်မြတ်မှု၊ နူးညံ့မှု၊ ညစ်နွမ်းမှု၊ တက်ကြွမှု၊ ကြည်လင်မှုများ ခွဲခြား ပြပါ၏။ ဓမ္မရသစာပေစုလည်းဖြစ်ပါပေ၏။

 

 

နေ့စဉ်အလုပ် 

 

 

ကျွန်တော်၏ နေ့စဉ်အလုပ်မှာကောင်းမှု၊ မကောင်းမှုများနှင့် ရောပြွမ်းနေမည်သာဖြစ်ပါ၏။ ကောင်းမှုများ သလား။ မကောင်းမှုများသလား။ ဝေခွဲပိုင်းခြားရမည်ဖြစ်ပေတော့သည်။ ကောင်းမှုလုပ်ချင်ပါသည်။ မကောင်းမှု မလုပ်ချင်ပါ။ ထိုအခါ –

 

 

(၁) စေတနာကိုအခြေခံကြပါစို့။ နေရာတကာ စေတနာနှင့်ပြော၊ စေတနာနှင့်လုပ်၊ စေတနာ နှင့် ဆက်ဆံ၊ မှန်မှန်ကန်ကန် ကျင့်သုံးလျှင် မကောင်းမှု ကင်းနိုင်မည်ဟု ယုံကြည်မိပါ၏။

 

 

(၂) စေတနာဆိုရာတွင်လည်း မကောင်းသော ကိုယ်မှု၊ နှုတ်မှု၊ စိတ်မှုတွေ ကင်းဝေစေခြင်း ဖြစ်ရပါမည်။

 

 

(၃) မတော်လောဘမဖြစ်ရ။ သူ့ပစ္စည်းကို မတရား မရယူရ။ မတရားမကြံစည်ရ။

 

 

(၄) သူတစ်ပါးအပေါ် မေတ္တာအပြည့်အဝထား။ ကြင်နာသနား။ ကျန်းမာပါစေ။ ချမ်းသာပါစေ ဟု ရင်ထဲကမေတ္တာ အမြဲပို့ အမြဲဆုတောင်း။ မေတ္တာစူးစူးရှရှ ပို့လေလေ၊ ငါ့သူငယ်ချင်း ကျန်းမာလေ၊ ချမ်းသာလေ။ ငါ့သူငယ်ချင်း ကြီးပွားပါစေ။ ငါ့သူငယ်ချင်းတိုးတက်ပါစေ။ ငါ့သူငယ်ချင်း အရာရာအောင်စေ၊ နိုင်စေ၊ ပိုင်စေ။ ရောဂါခံစားနေရပြီးဆေးရုံတက် နေရသော သူငယ်ချင်း ဆေးရုံက အမြန်ဆုံး ဆင်းနိုင်ပါစေ။ ငါ့သူငယ်ချင်း အသက်ရှည်ပါစေ။ ငါ့သူငယ်ချင်း သူ့မိသားစုနှင့် ပျော်ရွှင်စွာ ပေါင်းဖက်နိုင်ပါစေ။ သူ့ဇနီး၊ သူ့သားတွေ သမီးတွေနှင့် အိုအောင်မင်းအောင် ပေါင်းရပါစေ။ သုခအဖုံဖုံကြုံပါစေ။ သူငယ်ချင်း သာမက သတ္တဝါအားလုံးအကျုံးဝင်ပါစေဗျာ။

 

 

(၅) အယူဝါဒမှန်ပါစေ။ လောဘ၊ ဒေါသ၊ မောဟကင်းကြပါစို့။ မေတ္တာဝါဒ၊ သစ္စာဝါဒ၊ ချစ်စရာဝါဒတွေကိန်းဝပ်ကြပါစို့။ လေ့လာ ကျင့်ကြံကြပါစို့။

 

 

(၆) သူကောင်းမှ ကိုယ့်ကောင်းမယ်ဟု မလုပ်နှင့်။ သူကောင်းသည်ဖြစ်စေ၊ မကောင်းသည် ဖြစ်စေ၊ ကိုယ်ကောင်းပါစေဟု ဆရာတော် ဘုန်းဘုန်းတစ်ပါးက မိန့်ကြားသည်။ အလွန်နာယူကျင့်ကြံဖွယ် အမှာစကားပေတည်း။ ဗုဒ္ဓဘာသာမျှသာမက ဘာသာစုံ၏ မေတ္တာ၊ စေတနာ၊ အယူဝါဒ၊ ရည်ရွယ်ချက်များကိုလည်း ဤသို့ပင် လေးစားရိုသေပါသည်။ ကျင့်ကြံ အားထုတ်နိုင်ကြပါစေသတည်း။

 

 

(၇) မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထားဟူသော ဆောင်ပုဒ်မှာလည်း လေးစားရိုသေထိုက်ပေ၏။ စိတ်ထား ဖြူစင်ကြပါစေသတည်း။

 

 

(၈) မကောင်းမှု မလုပ်ကြနှင့်ဟူသော စကားမှာ ပြောသလောက်မလွယ်။ တကယ်လက်တွေ့ ကျင့်ကြံမှဖြစ်မည်ဟု သတိပေးသူရှိပါ၏။ မှန်ကန်လှပေသည်။ ကြိုးစားတည်ဆောက် ကြရပေလိမ့်မည်ဟု ကျွန်တော်တွေးမိပါ၏။ ယုံကြည်မိပါ၏။

 

 

အားထုတ်ခြင်း မကောင်းတာပယ်၊ ကောင်းတာဆောင်ဟု ထပ်မံ ယုံကြည်မိပါ၏။ ကောင်းတာကို အားထုတ်ယူမှရမည်။ အားမထုတ်၊ မကြိုးကုတ်လျှင် မရနိုင်။ ကောင်းမှုကို ရအောင်ရှာ၊ ဖြစ်အောင်လုပ်ဟု ဆရာကြီးများက အမြဲ သွန်သင်ပါ၏။ အပြောနည်း၍ အလုပ်များပါစေ။ အပြောလျှော့။ အလုပ်လုပ်။

 

 

တရားသူကြီးချုပ် အငြိမ်းစားတရားသူကြီးချုပ်တစ်ဦးက သူ့အတွေ့အကြုံကို ရှေ့နေတစ်ဦးဖြစ်သော ကျွန်တော့်အား ပြောပြဖူးပါ၏။ “မောင်ရင်၊ မကောင်းမှုလုပ်တဲ့ တရားခံတွေကို ထောင်ထဲမှာ ထောင်ချပြီးနောက် ကိုယ်ပြန်တွေ့တယ်၊ ကိုယ်ထောင်စစ်တဲ့နေ့မှာ မျက်ရည်တွေကျပြီး ကိုယ့်ကို ထိုင်ကန်တော့တယ်။ ဘာလို့ ဝမ်းနည်းမျက်ရည်ကျရသလဲ မေးတော့ ကောင်းမှုရှာရမယ်ဆိုတာ ထောင်ကျ တရားခံတွေကသိလာပြီ။ ဒါပေမယ့် နောက်ကျပြီးမှ သူတို့ နောင်တရလို့ပါ၊ ဒါကြောင့် မျက်ရည်ကျတာပါ” . တဲ့ ။ 

 

 

နိဂုံး 

 

 

(၁) မကောင်းမှုနည်းပါးပါစေ။ 

 

 

(၂) ကောင်းမှုပွားများပါစေဟု မိမိကိုယ်မိမိ အပြောလျှော့၍ သတိရှိကြရပေမည်။ 

 

 

(၃) သတိ။

 

 

ကြေးမုံ