ရှေးနှစ်ပေါင်း ၁၅၀ ကျော်ရှိ လက်ရေးမူပေလွှာများ တံခွန်တိုင်ဘုန်းကြီးကျောင်းတွင် တွေ့ရှိ

ကသာ  ၁၃   မတ်

 

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် တံခွန်တိုင် ဘုန်းတော်ကြီးကျောင်းအတွင်း မှန်ဘီရိုထဲတွင် သိမ်းထားသောသံဗူးကြီးများ အတွင်း၌ ကောဇာသက္ကရာဇ် ၁၂၂၂ ခုနှစ်စာတမ်းပါ လက်ရေးမူပေစာများ တွေ့ရှိခဲ့ ကြောင်းသိရသည်။

 

တံခွန်တိုင် ကျောင်းထိုင်ဆရာတော် ဦးဝိလာသဂ္ဂက "သံဗူးတွေကို ဘီရိုထဲမှာ စနစ်တကျ သိမ်းထားရတာ ဘာဖြစ်လို့လဲ ဆိုတော့ ဒီသံဗူးထဲက လက်ရေးမူပေစာတွေက ရှေးနှစ်ပေါင်းတစ်ရာကျော်လောက်မှာ ဘုရင်တွေကို တင်လျောက်တဲ့ လက်ရေးမူ ပေလွှာတွေအများအပြားရှိနေလို့ပါ"ဟု မိန့်ကြားခဲ့ပါသည်။

 

သံဗူး၏ အရှည်မှာ ငါးပေခန့်ရှိပြီး စုစုပေါင်း လေးဗူး ရှိပါသည်။ ယင်းပေလွှာထည့်ပြိး သိမ်းထားသော သံဗူးများလည်း ယင်းပေလွှာများ ကဲ့သို့ပင် နှစ်ပေါင်း ၁၅၀ ကျော်ပြီ ဖြစ်သည်။

 

ခွန်နန်း၊ တံခွန်တိုင်၊ ကွမ်းချောင်း၊ နွယ်ချို၊ ကျောင်းကုန်း၊ တဲကြီးကုန်း၊ အောင်သာကုန်းတို့ဖြစ်ကြသည်၊ နှစ်ကာလများ ရှည်ကြာလာသည်နှင့်အမျှ ယခုအခါတွင် ခွန်နန်းနှင့် နွယ်ချို ဟုခေါ်သော ကျေးရွာများ မရှိကြတော့ပေ။ ဘိုးတော်မင်းတရား၏ သမီးတော် မြတောင်မင်းသမီး စားစဉ်ကခေါင်းတုန်း အောက်တိုက်ဖြစ်တဲ့ မဲဇာခွန်နှစ်ရွာကို လက်ဖွဲ့ရစဉ်ကာလများက တံခွန်တိုင်သူကြီးများ အဆက်ဆက် ကြီးစိုးအုပ်ချုပ်ခဲ့ကြသည်။ ထိုခေတ်များတွင် တံခွန်တိုင် ဘုန်းတော်ကြီးကျောင်းတိုက်တို့လည်း ရှေးဘုရင်မင်းများအဆက်ဆက်ပင် အဝင်အထွက် ရှိဟန်တူပေသည်။

 

ယင်းရှေးဟောင်းသံဗူးများနှင့် ပေလွှာများကို မဲဇာချောင်းအနီးတွင်ရှိသော ဘုန်းကြီးကျောင်း၌ တွေ့ရှိနိုင်ပါသည်။ ထိုဒေသသည် ရှေးကာလများက မဲဇာခွန်နှစ်ရွာစခဲ့သော နေရာဖြစ်ပေသည်။ 

 

ရှေးလက်ရေးစာမူ ပုရပိုဒ်များရှိနေသည့် တံခွန်တိုင် ဘုန်းတော်ကြီးကျောင်းသို့ ပြည်တွင်းပြည်ပရှိ ကမ္ဘာလှည့် ခရီးသည်များ အနေဖြင့် သွားရောက်၍ လေ့လာကြည့်ရှုနိုင်ပါသည်။ တံခွန်တိုင်သည် အင်းတော်မြို့၏ အနောက်ဘက်တွင်ရှိပြီး မြို့နှင့်ရှစ်မိုင်သာ ဝေးပါသည်။ မဲဇာချောင်းအနီးတွင် ရှိသောကြောင့် ကားများဆိုင်ကယ်များဖြင့် အလွယ်တကူ သွားလို့ရကြောင်းသိရသည်။

 

သန်းမောင်လေး (ကချင်မြေ)