ရေနစ်မြုပ်ပျက်စီးခဲ့သည့် မိုးစပါးစိုက်ဧက ၇၅၇ ဧကအတွက် ထောက်ပံ့ငွေပေးအပ်

ဇီးကုန်း ၂၂  ဇွန်

 

၂၀၁၉ ခုနှစ်အတွင်း ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ်၌ ရေကြီးနစ်မြုပ်ပျက်စီးခဲ့သည့် လယ်ယာမြေများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်က အမှာစကား ပြောကြားပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းဌေးအောင်က ထောက်ပံ့ငွ ေပေးအပ်ခြင်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။

 

ဆက်လက်၍ ၂၀၁၉ ခုနှစ်အတွင်း သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ဘော်ဘင်ချောင်းရေ မြင့်တက်မှုကြောင့် ရေနစ်မြုပ်ပျက်စီးခဲ့သည့် စပါယ်မျှောင်ကျေးရွာအုပ်စု၊ တယ်ပင်ကန်ကျေးရွာအုပ်စု၊ ဇရပ်လှကျေးရွာအုပ်စုတို့မှ မိုးစပါးစိုက်ဧက ၇၅၇ ဧကအတွက် ထောက်ပံ့ငွေ ၇ ဒသမ ၅၇ သန်းကို ပြည်နယ်ဝန်ကြီး ဦးအောင်ဇော်နိုင်က ပေးအပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်နှင့် တောင်သူတစ်ဦးတို့မှ လက်ခံရယူခဲ့ကြောင်း သိရသည်။

 

တင့်ဆွေ(ဇီးကုန်း)