ရေးမြို့နယ်တွင် အပူပိုင်းမုန်တိုင်း နို(လ်)၏အရှိန်ကြောင့် ထိခိုက်ပျက်စီးသွားသည့် အိုးအိမ်များအား ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်

ရေး ၂၃ စက်တင်ဘာ

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် တောင်တရုတ်ပင်လယ်ပြင်မှ စတင်ဖြစ်ပွားခဲ့သော အပူပိုင်းမုန်တိုင်း နို(လ်)သည် ကုန်းတွင်းမုန်တိုင်းအဖြစ်သို့ အားလျော့သွားခဲ့ပြီးဖြစ်သော်လည်း ၎င်း၏အရှိန်ကြောင့် စက်တင်ဘာ ၁၉ ရက်ညတွင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်း၊ ပင်လယ်ရေမြင့်တက်လာခြင်းကြောင့် ပျက်စီးဆုံးရှုံးသွားသည့် လူနေအိမ်များအား စက်တင်ဘာ ၂၂ ရက်က လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးနှင့် ရေးမြို့နယ်ဦးစီးမှူးရုံးတို့မှ တာဝန်ရှိသူများက ကွင်းဆင်းကာ ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ရေးမြို့နယ်အတွင်းရှိ သဘာဝဘေးသင့်ရွာများဖြစ်သည့် အံဒင်ကျေးရွာ(ငါးမျှားစခန်း)၊ ဇီးဖြူသောင်ကျေးရွာ၊ ရင်းဒိန်းဝကျေးရွာ၊ ကဗျာဝကျေးရွာနှင့် ကော့ဒွတ်ကျေးရွာရှိ အိမ်ထောင်စု (၅၃)စုတို့အား ဆန်ရိက္ခာဖိုး၊ အိမ်ဆောက်ပစ္စည်းနှင့် ကယ်ဆယ်ရေးပစ္စည်း မျိုးစုံတို့အပါဝင် ထောက်ပံ့ငွေ ကျပ် ၅၃၅၂၄၀၀ နှင့် ရေးမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ  (၃၉)အိမ်ထောင်စုအတွက် ကယ်ဆယ်ရေးပစ္စည်းတန်ဖိုးငွေ ကျပ် ၁၄၅၀၁၁၇ တို့ကို ထောက်ပံ့ကူညီပေးခဲ့ကြသည်။

ပြည်သူလူထုအနေဖြင့် မိုးလေဝသဆိုင်ရာ သတင်းအချက်အလက်များ သတိပေးချက်များကို အလေးထား ဂရုပြုလိုက်နာရန်နှင့် သဘာဝဘေးအန္တရာယ်များနှင့် ကြုံတွေ့လာပါက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် ဖွင့်လှစ်ထားရှိသည့် Hot - Line ဖုန်းများဖြစ်သော ၀၆၇-၃၄၀၄၆၆၆ နှင့် ၀၆၇-၃၄၀၄၇၇၇ တို့ကို အချိန်မရွေး ဆက်သွယ်အကူညီ တောင်းခံနိုင်ပါကြောင်း မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တာဝန်ရှိသူမှ ပြောကြားသည်။

မြို့နယ်(ပြန်/ဆက်)