ရေးမြို့နယ် ကုလားကုတ်ကျေးရွာအုပ်စု အောက်ဆိပ်ကျေးရွာရှိ လေဘေးသင့် ပြည်သူများအတွက် ပြန်လည်ထူထောင်ရေး ထောက်ပံ့ကူညီဆောင်ရွက်

နေပြည်တော် ၉ ဇန်နဝါရီ 

 

အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမိုးအောင်တို့သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရေးမြို့နယ် ကုလားကုတ်ကျေးရွာ အုပ်စုအောက်ဆိပ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိ ကာကျောင်းထိုင်ဆရာတော်ထံ လှူဖွယ်ပစ္စည်းများကို ဆပ်ကပ်လှူဒါန်းပြီး လေဘေးသင့်ပြည်သူများကို တွေ့ဆုံအားပေးခြင်းနှင့် လိုအပ်သော ထောက်ပံ့ပေးခြင်းတို့ ဆောင်ရွက်ခဲ့သည်။

 

ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရေးမြို့နယ်၊ ကုလားကုတ်ကျေးရွာအုပ်စု အောက်ဆိပ်ကျေးရွာတွင် ဇန်နဝါရီ ၈ ရက်က လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်း၊ နေအိမ်များ၊ စာသင်ကျောင်းများ ပျက်စီးဆုံးရှုံးခဲ့သည့် အခြေအနေများကို ကြည့်ရှုပြီး ဘေးသင့်ပြည်သူများကို တွေ့ဆုံအားပေးစကား ပြောကြားသည်။

 

ထို့နောက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးက လေဘေးသင့်ပြည်သူများအတွက် သွပ်(၃၀ဝ)ချပ်၊ ဆန်ခေါက်ဆွဲခြောက်နှင့် ကြက်ဥများအားလည်းကောင်း၊ ဒုတိယဝန်ကြီးက လေဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာဖိုး ၈၀၇၆၆၀ဝ ကျပ်၊ အဘိုးအဘွား (၂၂)ဦးအတွက် ထောက်ပံ့ငွေ ၆၆၀ဝ၀ဝ ကျပ်၊ ကိုယ်ဝန်ဆောင်မိခင် (၃၀)ဦးအတွက် ထောက်ပံ့ငွေ ၉၀ဝ၀ဝ၀ ကျပ်၊ မသန်စွမ်း(၁) ဦးအတွက် ၃၀ဝ၀ဝ ကျပ်၊ အိမ်ဆောက်ပစ္စည်း ထောက်ပံ့ငွေအဖြစ် ပြိုကျပျက်စီးလူနေအိမ် (၁၁၄)လုံး အတွက် ၁၁၄၀ဝ၀ဝ၀ ကျပ်၊ အမိုးလန်တစ်စိတ်တစ်ပိုင်း ပျက်စီးလူနေအိမ် (၂၈၂)လုံးအတွက် ၁၄၁၀ဝ၀ဝ၀ ကျပ်၊ ဘုန်းတော်ကြီးကျောင်း အမိုးလန်တစ်စိတ်တစ်ပိုင်း ပျက်စီး (၂)လုံးအတွက် ၂၀ဝ၀ဝ၀ ကျပ်၊ မိသားစုသုံး ကယ်ဆယ်ရေးပစ္စည်း (၃၉၆)ပုံး၊ ဆိုလာမီးအိမ်(၅၀၁)လုံးကို လည်းကောင်း၊ မွန်ပြည်နယ်အစိုးရအဖွဲ့က နေအိမ်များ ပြန်လည်ပြုပြင် တည်ဆောက်ရန်အတွက် ကျပ် ၃၀ဝ၀ဝ၀ဝ၀ တို့ကိုလည်းကောင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းက မိသားစုသုံးပစ္စည်းများ၊ အမျိုးသမီး တကိုယ်ရေသန့်ရှင်းရေးသုံး ပစ္စည်းများနှင့် တာပေါ်လင်စများကိုလည်းကောင်း လေဘေးသင့် ပြည်သူများထံ ထောက်ပံ့ပေးအပ်သည်။

 

ထို့နောက် ပြည်သူများကိုယ်စား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မင်းစိုးလင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ 

 

(သတင်းစဉ်)