ရေကြည်ရွာတွင် ပန်းစည်းနှီးနှင့်ပျိုးနှီးဖြာလုပ်ငန်း စတင်လုပ်ကိုင်

မန္တလေး  ၁၉  ဒီဇင်ဘာ

မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် ရေကြည်စံပြကျေးရွာတွင် တန်ဆောင်မုန်းလကုန် နတ်တော် လဆန်းမှစတင်ကာ ပန်းစည်းနှီးနှင့် ပျိုးနှီးဖြာသည့်လုပ်ငန်းကို စတင်လုပ်ကိုင်လျှက်ရှိရာ ပုံမှန်ဝင်ငွေရရှိကြောင်း သိရသည်။

ရေကြည်စံပြကျေးရွာတွင်  ဝါးယပ်တောင်လုပ်ငန်းကို အားထားလုပ်ကိုင်ပြီး ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလတွင် ဝါးယပ်တောင်လုပ်ငန်းရပ်နားထား ရသည့်အတွက် ပန်းစည်းနှီးနှင့် ပျိုးနှီးဖြာသည့်လုပ်ငန်းကို လုပ်ကိုင်ကြသည်။

ပုံမှန်အားဖြင့် နှီးဖြာသည့်လုပ်ငန်းကို တန်ဆောင်မုန်းလကုန် နတ်တော်လဆန်းမှ တန်ခူးလအထိ ပြုလုပ်ကြကြောင်း ရေကြည်ရွာမှနှီးဖြာသူ တစ်ဦးထံကသိရသည်။

နှီးဖြာသည့်လုပ်ငန်းမှာ အိမ်ရှင်မများချက်ရင်းပြုတ်ရင်း ပုံမှန်ဝင်ငွေ ဖော်ဆောင်ပေးနေသည့် အိုးမကွာအိမ်မကွာ လုပ်ကိုင်ရသောလုပ်ငန်းပင် ဖြစ်သည်။ ဝါးနှီးဖြာသည့်လုပ်ငန်းတွင် ဝါးခုတ် ရောင်းချသူ  ဝါးနှီးဖြာသူဟူ၍ အလုပ်ခွဲခြားလုပ်ကိုင်ကြသည်။

ဝါးခုတ် ရောင်းသူများမှာ ဒေသအခေါ်သိုက်ဝါး တစ်တောင်အတိုင်း အတာရှိဝါးများအဖြစ် ဖြတ်ယူကာ အိတ်အတွင်းထည့်ကာ ရောင်းချကြသည်။ တစ်တောင်အရွယ်အစားရှိ ဝါး၃၅လုံးပါရှိသည့် အိတ်တစ်အိတ် လျှင်ငွေကျပ် ၂၀၀၀ ဖြင့် ဝယ်ယူကာ အိုးမကွာ အိမ်မကွာ နှီးဖြာကြသည်။ ငွေကျပ်နှစ်ထောင် ဖိုးဝယ်ယူကာ နှီးဖြာပါက ငွေကျပ် ၇၅၀၀ ရရှိသည့် အတွက်ငွေကျပ် ၅၅၀၀ လုပ် အားခအဖြစ် အမြတ်ရရှိကြောင်းသိရသည်။

ပျိုးနှီးဖြာရာတွင် နှီးတစ်ရာပါသည့် အစည်းများပြုလုပ်ကာ နှီးငါးရာပါအစည်း နှီးတစ်သောင်းပါ အစည်းကြီးများအဖြစ် ပြုလုပ်ရောင်းချကြသည်။ ပျိုးနှီးတစ်သောင်းပါ အစည်းတစ် စည်းလျှင် ငွေကျပ်ခြောက်ထောင်ကျပ်ဖြင့် ဖောက်သည်ပေးကြရသည်။ ပျိုးနှီးများကို ပျိုးစည်းခြင်း၊ ပန်းစည်းခြင်းများတွင် အဓိကအသုံးပြုကြရာ ရေကြည်ရွာအထိဖောက်သည် ယူသူများပြား လျက်ရှိသည်။ လက်ရှိကာလ  နတ်တော်လမှစတင်ကာ ပန်းစည်းနှီးနှင့် ပျိုးနှီးများကို အားထား ပြုလုပ်ရောင်းချလျက်ရှိကြောင်း သိရသည်။

တိမ်တမန်