ရေကြောင်းတက္ကသိုလ်ပညာသင်နှစ် ၆ နှစ်မှ ၅ နှစ်သို့လျှော့ချ

ရန်ကုန် ၂၈  ဇွန် 

 

လုပ်ငန်းသဘော သဘာဝအရ မြန်မာနိုင်ငံ ရေကြောင်းတက္ကသိုလ် ပညာသင်နှစ်ကို ၆ နှစ်မှ ၅ နှစ်သို့ လျှော့ချလိုက်သဖြင့် ရေကြောင်းတက္ကသိုလ် တက်ရောက်နေသော ကျောင်းသူများအား ငါးနှစ်ဖြင့် ဘွဲ့ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရေကြောင်းတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမြတ်လွင်က ပြောသည်။

 

“ ကျောင်းသား ကျောင်းသူတွေရဲ့ သဘောဆန္ဒ၊  ဆရာဆရာမတွေရဲ့ သဘောတူညီချက် ခေတ်ကာလ အခြေအနေ မတူညီတဲ့ တက္ကသိုလ်ရဲ့ လုပ်ငန်းသဘောသဘာဝအရ အထက်အဆင့်ဆင့်ကို တင်ပြပြီး မြန်မာနိုင်ငံ ရေကြောင်းတက္ကသိုလ်ရဲ့ ပညာသင်နှစ်ကို ၆ နှစ်ကနေ ၅ နှစ်သို့ လျှော့ချလိုက်ရခြင်းပါ။ ဒီလိုလျော့ချလိုက်ရခြင်းမှာ ကျွန်တော်တို့ကလေးတွေဟာ ဘွဲ့ရပြီးတာနဲ့ လုပ်ငန်းခွင် တန်းဝင်လို့ မရပါဘူး။ Sea time တစ်နှစ်ယူရပါသေးတယ်။ ပြန်လာရင် အရာရှိတန်း မဖြစ်သေးပါဘူး။ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက လုပ်တဲ့ လက်မှတ်တွေရဖို့ စာမေးပွဲ ဖြေဆိုရပါသေးတယ်။ စာမေးပွဲကလည်း တစ်ကြိမ်နဲ့ မအောင်ရင် နှစ်ကြိမ် သုံးကြိမ် ဖြေရပါတယ်။ လက်မှတ်သုံးလေးမျိုး  ရယူနိုင်ဖို့အတွက် နောက်ထပ်အချိန် ထပ်ကုန်ပါတယ်။ ဒီအတွက်ပညာသင်နှစ်ကို လျော့ချလိုက်ခြင်း ဖြစ်ပါတယ်" ဟု ဒေါက်တာမြတ်လွင်က ပြောသည်။

 

အဆိုပါ မြန်မာနိုင်ငံ ရေကြောင်းတက္ကသိုလ် ပညာသင်နှစ် ၆ နှစ်မှ ၅ နှစ်သို့လျှော့ချလိုက်ခြင်းကို အမျိုးသားပညာရေးမူဝါဒကော်မရှင်( NEPC) သို့ တင်ပြဆုံးဖြတ်ချက်ရယူ ဆောင်ရွက်ခဲ့ကြောင်း၊ လာမည့် ၂၀၁၈ -၂၀၁၉ ပညာသင်နှစ်အတွက် မြန်မာနိုင်ငံရေကြောင်းတက္ကသိုလ် အနေဖြင့် ကျောင်းသားကျောင်းသူ  ဦးရေ ၃၂၀ လက်ခံပညာသင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ ယင်းတို့တွင် ကျောင်းသားခေါ်ယူမှု  ၈၀ ရာခိုင်နှုန်း ၊ ကျောင်းသူ ၂၀ ရာခိုင်နှုန်း ခေါ်ယူမည်ဖြစ်ကြောင်း သိရသည်။

 

ကျောင်းဝင်ခွင့်ကို စုစုပေါင်း ရမှတ် ၄၇၀ သတ်မှတ်ထားပြီး ဝင်ခွင့်ကို ယခင်က အဆင့်မြင့်ပညာဦးစီးဌာနမှ ခေါ်ယူခဲ့ရာမှ ယခုအခါ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်မှ တိုက်ရိုက်ခေါ်ယူမည်ကြောင်သိရသည်။

 

သတင်း-မြင့်မောင်
ဓာတ်ပုံ- တင်စိုး (မြန်မာ့အလင်း)