ရွေးကောက်ပွဲဝင်မယ့် ထိုင်းတော်ဝင်မင်းသမီးကို ရွေးကောက်ပွဲကော်မရှင်က ပယ်ချပြီးနောက် တော်ဝင်မင်းသမီးက ပြည်သူကို တောင်းပန်

၁၃ ဖေဖော်ဝါရီ

ထိုင်းတော်ဝင်မင်းသမီး အူဘွန်ရတ် က မတ်လ ၂၄ မှာ ကျင်းပမယ့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ နာမည်စာရင်းတင်သွင်းပြီးနောက် ထိုင်းရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ်ချက်နှင့် မကိုက်ညီဟုဆိုကာ ဖေဖေါ်ဝါရီ ၁၁ ရက်က ပယ်ချလိုက်ပါတယ်။ ကော်မရှင်က တော်ဝင်မင်းသမီးကို ဝန်ကြီးချုပ်လောင်းအမည်စာရင်းက ပယ်ချပြီးနောက် မင်းသမီးက ဒီကနေ့ တောင်းပန်လိုက်ပါတယ်။

တော်ဝင်မင်းသမီးက “ထိုင်းနိုင်ငံနဲ့ ထိုင်းပြည်သူတွေအတွက် ရိုးရိုးသားသားကူညီချင်တဲ့အတွက် သာဖြစ်တယ်။ ထိုင်းနိုင်ငံမှာ ဒီနေ့လိုခေတ်အခါမှာ အခုလို ပြဿနာတွေ မရှိသင့်လို့ပါဆိုပြီးတောင်းပါတယ်” လို့ ဆိုရှယ်မီဒီယာ အင်စတီဂန်မှာ စာရေးသားပြီး တောင်းပန်လိုက်ပါတယ်။ 

ထိုင်းဘုရင် မဟာဗာဂျီရာလောင်ကွန်းရဲ့ အစ်မတော်ဖြစ်သူ အူဘွန်ရတ်ဟာ ရာထူးမှ ဖယ်ရှားခံခဲ့ရသည့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်တရာနဲ့ မဟာမိတ်ပြုလုပ်ထားသည့် နိုင်ငံရေးပါတီ ထိုင်းရာဆက်ချက် (Thai Raksa Chart )မှ ဝန်ကြီးချုပ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် ထိုင်းရွေးကောက်ပွဲကော်မရှင်ကို ပြီးခဲ့တဲ့ သောကြာနေ့ (ဖေဖေါ်ဝါရီ ၈ ရက်) က အမည်စာရင်းတင်သွင်းခဲ့ပါတယ်။ 

ဖေဖော်ဝါရီ ၉ ရက်နေ့မှာ ထိုင်းဘုရင်က သူ့အမတော် အူဘွန်ရက် ဟာ ထိုင်းဝန်ကြီးချုပ်အဖြစ် ဝင်ယှဉ်ပြိုင်တာက လုံးဝမသင့်တော်သလို တော်ဝင်ထုံးတမ်းစဉ်လာနဲ့ ဆန့်ကျင်ကြောင်း ပြောကြားလိုက်ပါတယ်။

 

mdn

 

ထိုင်းနိုင်ငံမှာ ၁၉၃၂ ခုနစ်ကစပြီး စည်းမျဉ်းခံဘုရင်စနစ်ကိုစတင် ကျင့်သုံးလာရာ တော်ဝင်မိသားစုဟာ နိုင်ငံရဲ့ အကြီးအကဲရာထူး ယူခြင်းမရှိတော့တာဖြစ်ပါတယ်။

ထိုင်းတော်ဝင်မိသားစုဟာ ထိုင်းနိုင်ငံရေးမှာ အထက်စီးမှ ရှိနေပြီးတဲ့အတွက် ထိုင်းရာဆက်ချက် (Thai Raksa Chart ) က တင်သွင်းခဲ့သော တော်ဝင်မင်းသမီးရဲ့ ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းလျှောက်လွှာကို ပယ်ချခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။

၁၉၅၁ ခုနှစ် ဧပြီလ ၅ရက်နေ့တွင် ဆွစ်ဇာလန်နိုင်ငံတွင် ဖွားမြင်ခဲ့ပြီး အမေရိကန်နိုင်ငံက ထိပ်တန်း နည်းပညာတက္ကသိုလ် တစ်ခုဖြစ်တဲ့ မက်ဆာချူးဆက် နည်းပညာတက္ကသိုလ်ကနေ သင်္ချာ၊ ဓာတု၊ ဇီဝဗေဒ ဘာသာရပ်တွေနဲ့ သိပ္ပံဘွဲ့ကို ရရှိခဲ့ပါတယ်။ အဲဒီနောက် ကယ်လီဖိုးနီးယား တက္ကသိုလ်ကနေ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုပညာ မဟာဘွဲ့ကိုလည်း ရရှိခဲ့ပါတယ်။

တော်ဝင်မင်းသမီးဟာ ၁၉၇၂ ခုနှစ်မှာ အမေရိကန်နိုင်ငံသားတစ်ဦးနဲ့ လက်ထပ်ပြီး တော်ဝင်မင်းသမီးရာထူးကို စွန့်လွတ်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုမှာ၂၆ နှစ် ရွေ့ပြောင်းနေထိုင်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံသားနဲ့ ၁၉၈၈ ခုနစ်တွင်လမ်းခွဲခဲ့ပြီး ထိုင်းနိုင်ငံကို ၂၀ဝ၁ခုနစ်တွင် ပြန်လည်ရောက်ရှိလာပြီး ထိုင်းတော်ဝင်မိသားစုဘဝကို ပြန်လည် ရယူခဲ့ပါတယ်။ သားသမီး ၃ ဦးရှိပြီး တစ်ဦးဟာ ၂၀ဝ၄ခုနှစ် ထိုင်းဆူနာမီ ငလျင်မှာ သေဆုံးခဲ့ပါတယ်။ ကျန်သားသမီး၂ ဦးဟာ အမေရိကန်နိုင်ငံမှာ လက်ရှိနေထိုင်ဆဲဖြစ်ပါတယ်။

MDN
ကိုးကား - AFP

 

mdn