ရှေးဟောင်းထုံးကျောက်လိုဏ်ဂူများနှင့် ဂေဟစနစ်များ ပေါင်းဆုံရာ ရွာငံဒေသ

 

သိန်းညွန့်(PZL)

 

ပေ ၁၀၀၀ မှသည် ပေ ၄၀၀၀အထိ မြင့်မားလှသော တောင်ကုန်း၊ တောင်တန်းများက သာမောဖွယ်ရာအတိ။ ပန်းလောင်မြစ် ရေစီးဆင်းသံများက သာ‌တောင့်သာယာ ရှိလှပါဘိ။

 

ဤသို့သော မြင်ကွင်းအဖုံဖုံဖြင့် အလှဆင်မြန်းထားသည့် နေရာကား “ပန်းလောင်နှင့် ပြဒါးလင်းဂူ တောရိုင်း တိရစ္ဆာန်ဘေးမဲ့တော”ပင် ဖြစ်ချေသည်။

 

တည်နေရာအားဖြင့် ဆိုရပါမူ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင် ရွာငံမြို့နယ်အတွင်း၌ရှိသော ဘေးမဲ့တော။ မတ်စောက်၍ မြေပြန့်လွင်ပြင် နည်းပါးလှသည့် ယင်းဒေသ၌ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကျက်စား၊ ရှင်သန်ပေါက်ရောက် ဖြစ်တည်လျက်ရှိနေ ပေသည်။

 

ဝိသေသ လက္ခဏာ

 

သဘာဝတောတောင် အလှကို ဖြန့်ကြက် လွှမ်းခြုံထားသည်မှာကား အထက်ရွက်ပြတ် ရောနှောတောစို၊ တောခြောက်နှင့် အင်တိုင်းတောနိမ့်တို့ ဖြစ်ကြသည်။ တစ်ဆက်တည်း၌ပင် ပြဒါးလင်းဂူနှင့် ကျောက်ခေတ်ပန်းချီလက်ရာများ တည်ရှိနေခြင်းကလည်း ယင်းနေရာ၏ ထူးခြားသော ဝိသေသ လက္ခဏာတစ်ခုအဖြစ် ထင်ဟပ်နေ‌ပေသည်။

 

mdn

 

ဤဒေသတွင် နို့တိုက်သတ္တဝါမျိုးစိတ် ၄၄ မျိုး၊ တွားသွားသတ္တဝါမျိုးစိတ် ၄၆ မျိုး၊ လိပ်ပြာမျိုးစိတ် ၂၇ မျိုးတို့ကို မြင်တွေ့နိုင်ကြသည်။ ထို့ပြင် ငါးမျိုးစိတ် ၂၈ မျိုး၊ ငှက်မျိုးစိတ် ၂၂၇ မျိုးတို့ ရှင်သန် ကျက်စားနေခြင်းကလည်း ဘေးမဲ့တော ၏ ပြယုဂ်အဖြစ် သိမှတ်နိုင်ကြသည်။

 

ကြိုးဝိုင်းအဖြစ် စတင်ဖွဲ့စည်း

 

သစ်တောဦးစီးဌာန သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေး ဌာနက ၁၉၁၃ ခုနှစ်၌ ပန်းလောင်ကြိုးဝိုင်းအဖြစ် စတင်ဖွဲ့စည်းခဲ့သော ယင်းဒေသကို ၂၀၀၂ ခုနှစ် မတ် ၁၈ ရက်မှ စ၍ စတုရန်းမိုင် ၁၂၈ ဒသမ ၈၈ မိုင် အကျယ်အဝန်းရှိ “တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော”အဖြစ် သတ်မှတ်ဖြစ်တည် လာခဲ့ခြင်းဖြစ်သည်။ ဘေးမဲ့တောကို ကင်းတားဆည်၏ ရေဝေရေလဲသစ်တောများ ထိန်းသိမ်းကာကွယ်နိုင်ရေး၊ ရှားပါး တောရိုင်းတိရစ္ဆာန်များနှင့် ဂေဟစနစ်များ မပျက်မယွင်း ရေရှည်တည်တံ့ စေနိုင်ရေးနှင့် သဘာဝအခြေခံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ ရည်မှန်း ဖော်ဆောင်နေကြောင်း သိမှတ်ရသည်။

 

ကျောက်ခေတ်ပန်းချီလက်ရာ

 

ထို့ပြင် တစ်ချိန်တည်း၌ပင် ပြဒါးလင်းဂူနှင့် ရှေးဟောင်းကျောက်ခေတ် ပန်းချီလက်ရာများကို လေ့လာခြင်း၊ တောခရီးကြမ်းနှင်ခြင်း စသည်တို့ကို လုပ်ဆောင်နိုင်မည်ဖြစ်သကဲ့သို့ တောင်တက်လေ့ကျင့်ပြီး ငှက်ကြည့်ကြမည့် ဝါသနာရှင်တို့ သဘောခွေ့စေမည့် တောတောင်ရေမြေ အခင်းအကျင်းများကလည်း ဘေးမဲ့တောသို့ လာရောက်ကြရန် ဆွဲဆောင်နေပေသည်။

 

mdn

 

 

ကာကွယ်ထိန်းသိမ်းရေးဇုန်

 

ပြဒါးလင်းဂူဒေသသည် ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်၏ ပြယုဂ်ဘူမိနက်သန်နေရာမှန် တစ်ခုဖြစ်ပေရာ သက်ဆိုင်ရာဝန်ကြီးဌာနက ကာကွယ်ထိန်းသိမ်းရေး ဇုန်နယ်များအဖြစ် ၂၀၁၂ ခုနှစ် စက်တင်ဘာလတွင် စတင်သတ်မှတ် ထားခဲ့ကြောင်းသိရသည်။ ရွာငံမြို့မှသည် သဘာဝနယ်မြေအတွင်းသို့ လမ်းလျှောက်၍တစ်သွယ် အပျော်စီးစက်လှေများဖြင့် သာမက လက်လှော်လှေများဖြင့်ပါ ကြည့်ရှုခံစားနိုင်ကြမည်ဖြစ်သည်။

 

သွားရောက်လေ့လာနိုင်ကြ

 

မြို့တော်ရန်ကုန်မှ မော်တော်ယာဉ် ဖြင့် မိုင် ၃၅၀ ခန့်အကွာအဝေး၊ မန္တလေးမှ ဆိုပါလျှင် ၁၂၁ မိုင်ခန့် ခရီးနှင်ကာ ရွာငံသို့ လာရောက်နိုင်ကြမည်ဖြစ်သည်။ ရွာငံမြို့မှ မျှားကလေးရွာသို့ ကျောက်ချော လမ်းအတိုင်း မော်တော်ယာဉ်၊ ဆိုင်ကယ် များဖြင့် ရောက်ရှိနိုင်ပြီး အဆိုပါရွာမှ ၁၂ မိုင်ခန့် ကွာဝေးသော ပြဒါးလင်းဂူသို့ ခြေကျင်လျှောက်လှမ်းပါက လေးနာရီခန့် ကြာမြင့်နိုင်ပေသည်။

 

သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ် များ စုစည်းရာ “ပြဒါးလင်းဂူ တောရိုင်း တိရစ္ဆာန်ဘေးမဲ့တော” ပတ်ဝန်းကျင်ရှိ ကင်းတားဆည် ရေဝေရေလဲဒေသ အဓွန့်ရှည်တည်တံ့ရေးနှင့် မျိုးသုဉ်းပျောက်ကွယ်လု နီးပါးဖြစ်နေသော တောရိုင်းတိရစ္ဆာန်များ ကာကွယ် စောင့်ရှောက်ရေးတို့အတွက် ဝိုင်းဝန်းပူးပေါင်း ဖော်ဆောင်ပေးကြရန် တိုက်တွန်း ရေးသားအပ်ပါသည်။ ။