ရွှေစက်တော် ဘုရားပွဲတော် ကျင်းပပြုလုပ်ခြင်းဆိုင်ရာ လေ့လာစုံစမ်းရေးကော်မတီ ဖွဲ့စည်းမည့် အဖွဲ့ဝင်ဦးရေ၊ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့ကို လွှတ်တော်တွင် အတည်ပြု

မကွေး ၄ ဧပြီ

 

မန်းရွှေစက်တော် ဘုရားပွဲတော် ကျင်းပပြုလုပ်ခြင်း လုပ်ငန်းများဆိုင်ရာ လေ့လာစုံစမ်းရေးကော်မတီ ဖွဲ့စည်းမည့် အဖွဲ့ဝင်ဦးရေ၊ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့ကို တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းက လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခဲ့ပြီး ယနေ့ကျင်းပသည့် ဒုတိယအကြိမ် မကွေးတိုင်းဒေသ ကြီးလွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး တတိယနေ့တွင် အတည်ပြုခဲ့ကြောင်း သိရသည်။

 

 

အလားတူ မန်းရွှေစက်တော် ဘုရားပွဲတော် ကျင်းပပြုလုပ်ခြင်း လုပ်ငန်းများဆိုင်ရာ လေ့လာစုံစမ်းရေးကော်မတီ ဖွဲ့စည်းမည့် အဖွဲ့ဝင်များ၏ အမည်စာရင်းကို တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတာက လွှတ်တော်သို့ ဖတ်ကြားခဲ့ပြီး အဆိုပါ ဖွဲ့စည်းမည့် ကော်မတီဝင်များ၏ အမည်စာရင်းများနှင့် စပ်လျဉ်း၍ လွှတ်တော်၏ သဘောထားဆန္ဒ ရယူခဲ့ရာ လွှတ်တော်က လက်ခံသဘောတူခဲ့သည့်အတွက် အတည်ပြုခဲ့သည်။

 

ယနေ့ကျင်းပသည့် မကွေးတိုင်းဒေသကြီးလွှတ်တော် ပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း (၁၇)ခုကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၁၂)ဦးက မေးမြန်းခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီး (၄)ဦးတို့မှ ပြန်လည်ဖြေကြားခဲ့သည်။

 

အစည်းအဝေးတွင် ချောက်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးစိုးဝင်းက “ ပြည်သူ့ဘဏ္ဍာငွေဖြင့် ကျေးလက် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဌာနဆိုင်ရာ အင်ဂျင်နီယာများ၏ ငွေကြေးကုန်ကျ တွက်ချက်မှု (Estimate)နှင့် အမှန်တကယ် ဆောင်ရွက်ရာတွင် ငွေကြေးကုန်ကျမှု ကွာဟလျော့နည်း နေခြင်းများအပေါ် ထိရောက်လျင်မြန်စွာ စိစစ်ဆောင်ရွက်ပေးနိုင်ရန် လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို့ တိုက်တွန်းကြောင်း” အဆိုကို တင်သွင်းခဲ့ပြီး မင်းတုန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးတင်ဝင်းက ထောက်ခံဆွေးနွေးခဲ့သည်။

 

ယင်းအဆိုကို လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူခဲ့သည့်အတွက် အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း သိရသည်။

 

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ၂၀၁၈ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့ (ကြာသပတေးနေ့) နံနက် (၁၀)နာရီအချိန်တွင် ဆက်လက် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

MDN