ရေစကြိုမြို့နယ်တွင် ပြောင်းလဲလာသည့် ရာသီဥတုနှင့် လိုက်လျောညီထွေရှိသည့် SRI စပါးအစွမ်းဖွင့် စိုက်ပျိုးနည်း စနစ်ကို စိုက်ပျိုးသူများလာ

ရေစကြို  ၂၆   နိုဝင်ဘာ 

 

ပခုက္ကူခရိုင် ရေစကြိုမြို့နယ်တွင် ရာသီဥတုပြောင်းလဲမှု့နှင့် လိုက်လျောညီထွေ ရှိသည် System of Rice Intensification(SRI) စပါးအစွမ်းဖွင့် စိုက်ပျိုးနည်းစနစ်ဖြင့် စပါးစိုက်ပျိုးမှု ပိုများလာကြောင်း သိရသည်။

 

  “ ဒီမြို့နယ်မှာကSRI   စနစ်နဲ့ပတ်သက်ပြီးတော့ စိတ်ဝင်စားမှုများတယ် ။ စိုက်တဲ့ဧကလည်း မနှစ် ကထက် များလာတယ်။ ပညှင်းကျေးရွာမှာစိုက်ပြလိုက်တဲ့ အတွက် တခြားတောင်သူတွေကလည်း စိုက်ချင်တဲ့စိတ် ပေါ်လာကြတယ် ”ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးဦးကျော်ဌေးကပြောသည်။

 

ရာသီဥတု ပြောင်းလဲမှု့နှင့် လိုက်လျောညီထွေရှိသည့် SRI စပါးအစွမ်းဖွင့်စိုက်ပျိုးနည်းစနစ်ကို ရေစကြို မြို့နယ်တွင် မြေပုလ္လင် ညီညာသော စိုက်ပျိုးမြေများတွင် စိုက်ပျိုးမှုများလာသည်ဟု သိရသည်။

 

အဆိုပါ စိုက်ပျိုးနည်းစနစ်သည် မျိုးစပါးကုန်ကျမှုသက်ခြင်း ၊စိုက်ပျိုးစရိတ်ကုန်ကျမှုသက်သာခြင်း ၊ဧရိယာ ကျဉ်းကျဉ်းလေးတွင် ပျိုးထောင်ရလွယ်ကူခြင်း  စသည့်ကောင်းကျိုးများကို ရရှိစေသည်ဟု သိရသည်။

 

ထို့ပြင် အဆိုပါ စိုက်နည်းစနစ်သည် စပါးခင်းအား ရေအနည်းငယ်သာအသုံးပြုရသဖြင့်  ရာသီဥတု ပြောင်းလဲကာ  မိုးခေါင်လာသည့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများနှင့် အထူးသင့်လျော်သည်ဟု သိရသည်။

SRI စပါးအစွမ်းဖွင့် စိုက်ပျိုးနည်းစနစ်သည် ရေသွင်းရေထုတ် လွယ်ကူနိုင်သည့် စိုက်ပျိုးမြေ ညီညာသော ကျေးရွာ စိုက်ခင်းများတွင် အများဆုံး စိုက်ပျိုးလာကြပြီး  ရွှေချောင်းကျေးရွာ  ၊  ပညှင်းကျေးရွာ  ၊ကံစွယ် ကျေးရွာ၊ ဂွေးချိုကျေးရွာတို့တွင် အများဆုံး စိုက်ပျိုးလာကြသည်ဟု သိရသည်။

 

စပါး စိုက်ပျိုးရာတွင်  ရိုးရိုးကျဲပက်စနစ်ဖြင့်စိုက်ပျိုးပါက  စပါးတစ်ဧကလျှင်မျိုးစေ့  ၂တင်းခန့်ကုန်ကျပြီး ပျိုးပေါင် စနစ်ဖြင့်စိုက်ပျိုးပါက မျိုးစေ့ ၁ တင်းခန့်ကုန်ကျကာ  SRIစနစ်ဖြင့်စိုက်ပျိုးပါက စပါးမျိုးစေ့  နို့ဆီဗူး ၁၃ ဗူးသာ ကုန်ကျကြောင်း သိရသည်။

 

 “ ကျွန်တော်က SRIစနစ်နဲ့  မနှစ်က စစိုက်တယ် မျိုးစပါး ကုန်ကျစရိတ်က တော်တော်သက်သာတယ်။  စပါးမျိုးကတော့ မနှစ်က ဆင်းသုခစစိုက်တယ်။   ဒီနှစ်မနောသုခစိုက်တယ်။  ပျိုးထောင်ရတာက အိမ်ထဲတင် ပျိုးထောင်လို့ရတယ် အထွက်နှုန်းကျတော့လည်း အဲဒီစနစ်က  ရိုးရိုးစနစ်ထက်  အထွက် ပိုတယ်။ အဲဒါကြောင့် ဒီနှစ်လည်း ထပ်စိုက်ဖြစ်တာပါ  ”ဟု  ပညှင်း   ကျေးရွာမှ SRIစနစ်ဖြင့် စပါးစိုက်ပျိုးသည့်  တောင်သူ   ဦးမြင့်မောင် ကပြောသည်။

 

2

 

ရေစကြိုမြို့နယ်တွင်  SRIစပါးအစွမ်းဖွင့်စိုက်ပျိုးနည်းစနစ်ဖြင့် စိုက်ပျိုးမှု  သိသိသာသာ များလာသော ကျေးရွာမှာ ဂွေးချိုကျေးရွာဖြစ်သည်ဟု မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။ အဆိုပါ ကျေးရွာ စိုက်ခင်းများတွင် ယခင်နှစ်က  SRI စပါးအစွမ်းဖွင့် စိုက်ပျိုးနည်းစနစ်ဖြင့် စိုက်ပျိုးသည့်စိုက်ဧက  ၅ဧက ခန့်သာရှိရာမှ ယခုနှစ်တွင် ဧက ၅၀ ခန့်ရှိလာသည်ဟု သိရသည်။

 

ယနေ့အခါတွင်  ကမ္ဘာ့ရာသီဥတုမှဖောက်ပြန်  ပြောင်းလဲမှုများဖြစ်ပေါ်လာ လျက်ရှိရာစိုက်ပျိုးမြေကြီးကို ထွန်ယက်ခြင်း၊ အပင်များခုတ်ကာတောရှင်းခြင်း ၊ပင်ကြွင်းပင်ကျန်များ မီးရှို့ခြင်း ၊စပါးခင်းများ ရေမြုပ်ခြင်း စသည့်စိုက်ပျိုးရေး လုပ်ငန်းများကြောင့် ဖန်လုံအိမ်ဓါတ်ငွေ့  Green House Gas ထုတ်လွှတ်မှုများကို ဖြစ်ပေါ်စေသည်ဟု သိရသည်။

 

စိုက်ပျိုးမွေးမြူရေး ကဏ္ဍကြောင့် ဖန်လုံအိမ်ဓါတ်ငွေ့ ထုတ်လွှတ်မှု့သည် စုစုပေါင်း ၏ ၃၂ ရာခိုင်နှုန်း ရှိသည်ဟု  ဆရာဦးသိန်းဆုထံမှ သိရသည်။

 

ယခုတောင်သူများ စိုက်ပျိုးမှုမြင့်တက်လာသော  SRI စပါးအစွမ်းဖွင့် စိုက်ပျိုးနည်းစနစ်သည်  စပါးခင်း ရေမြှုပ်မထားခြင်းကြောင့် မီသိန်းထုတ်မှုနည်းခြင်း ၊ ဓါတ်မြေသြဇာ အသုံးနည်းသဖြင့် ဖန်လုံအိမ် ဓါတ်ထုတမှုကို အားမပေးခြင်း၊  ဓါတုဆေးများအသုံးနည်းသဖြင့် ဖန်လုံအိမ်ဓါတ် ထုတ်မှုကို အားမပေးခြင်း   ၊ ရာသီကြမ်းဒဏ်  ပိုးမွှားရောဂါဒဏ်ခံနိုင်ရည်ရှိခြင်း ၊ အထွက်နှုန်းကောင်းခြင်း စသည့် ကောင်းကျိုးများကို ရရှိစေသည်ဟု စိုက်ပျိုးရေးပညာရှင် ဆရာဦးသိန်းဆုထံမှ သိရသည်။

 

အိမွန်ဆွေ(ရေစကြို)