ရေစကြိုမြို့နယ်တွင် မိုးသက်လေပြင်း ကျရောက်ခဲ့သဖြင့် လူနေအိမ် ၂၀၀ ကျော် လေဘေးသင့် 

ရေစကြို ၅ နိုဝင်ဘာ 

ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် နိုဝင်ဘာ ၄ ရက် ညနေက  မိုးသက်လေပြင်း ကျရောက်ခဲ့သောကြောင့် လူနေအိမ် ၂၀၀ ကျော်ခန့်  လေဘေးသင့်ပျက်စီးခဲ့ပြီး လူနေအိမ်တချို့ သစ်ပင်ပိခဲ့ကြောင်းနှင့် သစ်ပင်ကြီးတချို့ ပြိုလဲကာ ကားလမ်းပိတ်ဆို့ခြင်းများ ဖြစ်ပေါ်ခဲ့သည်ဟု  သိရသည်။

မိုးသက်လေပြင်း ကျရောက်မှုကြောင့် မြေစွန်းတော်ကျေးရွာ၊ မြေစွန်းတော်ကျေးရွာအုပ်စု ရွာသစ်ကျေးရွာ၊ ရွှေလှံကျေးရွာ၊ မြေဖြူကျေးရွာ၊ ဆင်ခြေယာကျေးရွာ၊ မာလကာခြံကျေးရွာ၊ ဇရပ်နီကျေးရွာ၊ အမှတ်(၇)ရပ်ကွက် စသည့်ရပ်ကွက် ကျေးရွာများရှိ  လူနေအိမ် ၂၀၀ ကျော် လေဘေးသင့် ပျက်စီးခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန စာရင်းများအရ သိရသည်။

မိုးသက်လေပြင်း ကျရောက်မှုကြောင့် ပခုက္ကူ  - မန္တလေး ကားလမ်းမဘေးရှိ လုံးပတ် ၆ ပေ၊ အမြင့် ပေ ၆၀ ကျော်ရှိ ထနောင်းပင် တစ်ပင်နှင့် လုံးပတ် ၄ ပေကျော်၊ အမြင့် ပေ ၄၀ ကျော်ရှိ ထနောင်းပင်ကြီးတစ်ပင် ပြိုလဲခဲ့ကြောင်း သိရသည်။ အလားတူ ရေစကြိုမြို့အဝင်ရှိ သစ်ပင်တစ်ပင် ပြိုလဲခြင်းကြောင့် ကားလမ်းခေတ္တပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့ပြီး အဆိုပါ သစ်ပင်ကြီးများကို  မြို့နယ်မီးသတ်တပ်ဖွဲ့က ရှင်းလင်းဆောင်ရွက်ခဲ့ကြသည်ဟု သိရသည်။ ထို့ပြင် မြေဖြူကျေးရွာနှင့် အမှတ် (၇) ရပ်ကွက်တို့တွင် လူနေအိမ် နှစ်လုံး သစ်ပင်ပိခဲ့သဖြင့် ရှင်းလင်း ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်မီးသတ်တပ်ဖွဲ့ ဦးစီးမှူး ဦးညီညီအောင်ထံမှ သိရသည်။

မိုးသက်လေပြင်း ကျရောက်မှုကြောင့် လူနှင့် တိရိစ္ဆာန်များ ထိခိုက်သေဆုံးခြင်း မရှိကြောင်း မြို့နယ် အထွေေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရင်းများအရသိရသည်။

အိမွန်ဆွေ(ရေစကြို)