ရေစကြိုမြို့နယ်၌ ထိန်းသိမ်းရန်လိုအပ်သည့် ကုန်းဘောင်ခေတ်နှောင်းလက်ရာ သာသနိကအဆောက်အအုံ စေတီ ၂၈၄ ဆူ တွေ့ရှိ

ရေစကြို   ၂၅  ဇူလိုင်

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မကွေးဌာနခွဲ)တာဝန်ခံနှင့် ဝန်ထမ်းများ၏ ကွင်းဆင်း သုတေသနပြုချက်အရ မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ရေစကြိုမြို့နယ်အတွင်း၌ ထိန်းသိမ်းရန် လိုအပ်သည့် ကုန်းဘောင်ခေတ်နှောင်းလက်ရာ သာသနိကအဆောက် အအုံ ၂၈၄ ဆူကို တွေ့ရှိထားကြောင်း သိရသည်။

သာသနိကအဆောက်အအုံများကို ရေစကြိုမြို့နယ် ကြက်ဆူကျင်းရွာ တွင် ၃၃ဆူ၊ အောက်နန်းရွာတွင် ၁၁၇ ဆူ၊ မအူအလယ်ရွာတွင် ၇၄ ဆူ၊ မအူအောက်ရွာတွင် အဆူ ၆၀ စုစုပေါင်း ၂၈၄ ဆူ တွေ့ရှိမှတ်တမ်းတင်ထားခြင်း ဖြစ်သည်။

“ကုန်းဘောင်ခေတ်နှောင်းလက်ရာတွေပါ။ အားလုံးက သာသနိကအဆောက်အအုံတွေ ဖြစ်ပါတယ်။ ဌာနရဲ့ ဥပဒေနဲ့အညီ ထိန်းသိမ်းခြင်း ပထမအဆင့်ဖြစ်တဲ့ Inventory ကောက်ယူခြင်းလုပ်ငန်း လုပ်နိုင်ဖို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ထံကိုခန့်မှန်းခြေစာရင်းနဲ့တကွ တင်ပြပြီး ခွင့်ပြုချက်ရယူပါမယ်။ ခွင့်ပြုချက်ရတာနဲ့ တစ်ပြိုင်နက် ထိန်းသိမ်းခြင်းလုပ်ငန်းကို စနစ်တကျ ဆက်လက်ဆောင်ရွက်သွားဖို့ရှိပါတယ် ” ဟု ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မကွေး ဌာနခွဲ) တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်သိန်းက ပြောသည်။

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာန(မကွေးဌာနခွဲ) အနေဖြင့် ဒေသတွင်းခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ရှေးဟောင်း အမွေအနှစ်များ တိမ်ကောပျောက်ပျက်သွားခြင်း မရှိ စေရန် ရည်ရွယ်၍ ကွင်းဆင်းသုတေသနပြုခြင်း၊ ထိန်းသိမ်း ခြင်းလုပ်ငန်းများလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ဇေယျတု(မကွေး)