ရေစီမံခန့်ခွဲမှုဖြင့် လူမှုစီးပွားဘဝဖြည့်ဆည်း

လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတွင် ရေသည် အခြေခံလိုအပ်ချက်တစ်ခုဖြစ်သည်။ လူမှုဘဝပတ်ဝန်းကျင်တွင် သန့်ရှင်းသော သောက်သုံးရေ လုံလောက်စွာ ရရှိပါမှ အစစအရာရာ အဆင်ပြေမည်ဖြစ်သည်။ ယခုအခါ နွေရာသီကာလသို့ ရောက်ရှိလာပြီဖြစ်ရာ ပူပြင်းခြောက်သွေ့မှုကြောင့် သောက်သုံးရေ ရှားပါးပြတ်လပ် မှုများကို မြန်မာနိုင်ငံရှိ အချို့ဒေသများတွင် ကြုံတွေ့လာကြသည်ကို တွေ့မြင်နေရသည်။

ထို့ကြောင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက နှစ်စဉ်နှစ်တိုင်း နွေရာသီကာလ သောက်သုံးရေ ပြတ်လပ်မှုဖြစ်နိုင်ခြေရှိသောကျေးရွာများအား ကြိုတင်စာရင်း ကောက်ယူခြင်း၊ ကျေးရွာများနှင့် တိုက်ရိုက်ဆက်သွယ်ဆောင်ရွက်နိုင်ရန်နှင့် သောက်သုံးရေ အလျင်အမြန်ပံ့ပိုး ဖြည့်ဆည်းပေးနိုင်ရန်အတွက် အစီအစဉ်များ ကြိုတင်ချမှတ်ဆောင်ရွက်လျက်ရှိသကဲ့သို့ နွေရာသီကာလ ရေပြတ်လပ်မှုများ ဖြစ်ပေါ်လာပါက ချက်ချင်းတုံ့ပြန်ဖြည့်ဆည်းပေးနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။

သောက်သုံးရေများ ပြတ်လပ်မှုဖြစ်ပေါ်လာပါက ချက်ချင်းတုံ့ပြန်ဆောင်ရွက် နိုင်ရန်အတွက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှတစ်ဆင့် သက်ဆိုင်ရာကျေးရွာများသို့ ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်များကိုလည်း အသိပေးထားပြီးဖြစ်ရာ ပြီးခဲ့သည့်ရက်များက ရေလိုအပ်သည့် ကျေးရွာများသို့ သန့်ရှင်းသော သောက်သုံးရေများ ဖြန့်ဝေပေးလျက်ရှိသည်။ အလားတူ မြန်မာနိုင်ငံအတွင်းရှိ သောက်သုံးရေလိုအပ်သော မြို့ရွာများအား မြို့နယ်မီးသတ်ဦးစီးဌာနက မြို့နယ်အတွင်းရှိ ကျေးရွာရပ်ကွက်များနှင့် နွေရာသီတွင် ရေရှားပါးလေ့ရှိသည့် ကျေးရွာများရှိ နေအိမ်များ၊ ရေလှောင်ကန်များအား သန့်ရှင်းသည့် သောက်သုံးရေများ အခမဲ့လိုက်လံဖြန့်ဝေပေးနေသည်ကို တွေ့ရသည်။

ရေအခက်အခဲသည် ရေအရင်းအမြစ်ပေါများသော မြန်မာနိုင်ငံတွင်သာမက ကမ္ဘာ့နိုင်ငံများတွင်ပါ ရင်ဆိုင်ရလျက်ရှိသည့် အရေးအကြီးဆုံးစိန်ခေါ်မှုများထဲမှ တစ်ခုဖြစ်သည်။ ကုလသမဂ္ဂ၏အဆိုအရ ကမ္ဘာ့လူဦးရေ နှစ်ဘီလီယံကျော်သည် သန့််ရှင်းသောသောက်သုံးရေ မရရှိကြသည့်အပြင် လေးဘီလီယံကျော်သည်လည်း တစ်နှစ်လျှင် အနည်းဆုံးတစ်လတာ ရေရှားပါးမှုနှင့် ကြုံတွေ့နေကြောင်း သိရှိရသည်။ တစ်ဖက်တွင် ရာသီဥတုပြောင်းလဲလာမှုနှင့် လူတို့၏ပယောဂများကြောင့် ရေသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်မှုများဖြစ်ပေါ်လျက်ရှိပြီး ရေအရင်းအမြစ်များ လျော့နည်းလာသည်ကို တွေ့ရသည်။

မြေပြင်ပေါ်ရှိ ရေအားလုံး၏ သုညဒသမ ၅ ရာခိုင်နှုန်းနှင့် မြေအောက်ရေ ၃၀ ဒသမ ၁ ရာခိုင်နှုန်းကိုသာ လူတို့သုံးစွဲနိုင်သည့်အတွက် အသုံးပြုနိုင်သည့်ပမာဏ အလွန်နည်းပါးနေသည်ကို တွေ့ရသည်။ ၂၀၂၂ ခုနှစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ လေ့လာမှုများအရ နှစ်စဉ်လူဦးရေ ၁ ဒသမ ၄ သန်းသည် မသန့်ရှင်းသည့်ရေကြောင့် ဖြစ်ပေါ်လာသည့်ရောဂါများနှင့် မိလ္လာကဲ့သို့ရေဆိုးများကြောင့် လူအများကျန်းမာရေးထိခိုက်ပြီး အသက်သေဆုံးမှုများ ရှိနေသည့်အပြင် လူဦးရေ ၇၄ သန်း သည် တဖြည်းဖြည်းနှင့်သက်တမ်းတိုလာသည်ဟု အသိပေးထားသည်။ မြန်မာ နိုင်ငံတွင်လည်း ရေရှားပါးမှုနှင့် မသန့်ရှင်းသောရေကြောင့် လူတို့ကျန်းမာရေး ထိခိုက်လျက်ရှိသည်ကိုတွေ့ရသည်။

ရေအရင်းအမြစ်ပေါများသော မြန်မာနိုင်ငံအနေဖြင့် နွေရာသီကာလတွင် ရေရှားပါးမှုအခက်အခဲများ၊ မသန့်ရှင်းသောရေကြောင့် ကျန်းမာရေးထိခိုက်မှု ပြဿနာများစသည့် ရေနှင့်ပတ်သက်သောစိန်ခေါ်မှုများကို ပြည်သူများအား အသိပညာပေးမှုများ၊ ရေစီမံခန့်ခွဲမှုဆိုင်ရာအစီအစဉ်များဖြင့် ဖြေရှင်းဆောင်ရွက်နိုင်မည် ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ရေမူဝါဒဆိုင်ရာများနှင့် ဥပဒေများကို ချမှတ်ဖော်ဆောင်လျက်ရှိပြီး စိုက်ပျိုးရေးကဏ္ဍအတွက် ရေတိုးမြှင့်ရရှိရေး၊ စွမ်းအင်ကဏ္ဍ အတွက် ရေအားလျှပ်စစ် တိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ အိမ်သုံးရေ တိုးမြှင့်ပေးဝေနိုင်ရေး၊ စက်မှုလုပ်ငန်းသုံးရေ ပိုမိုပေးဝေနိုင်ရေးတို့အတွက် ဘက်စုံရေစီမံခန့်ခွဲမှု နည်းလမ်းများဖြင့် ရေအရင်းအမြစ်များကို ထိရောက်စွာစီမံခန့်ခွဲနိုင်အောင် ဆောင်ရွက်လျက်ရှိသည်။

ရေစီမံခန့်ခွဲမှုဆိုသည်မှာ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်မှုများကို တုံ့ပြန်ဆောင်ရွက်နိုင်ရေး၊ စားရေရိက္ခာ ဖူလုံစေရေး၊ ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေး၊ ဇီဝမျိုးစုံမျိုးကွဲများကာကွယ်ရေး၊ ရေညစ်ညမ်းမှုကို တားဆီးရေးနှင့် ရေဆိုင်ရာ ပြဿနာများကို ဖြေရှင်းရေးစသည့်ပန်းတိုင်များစွာကို ရောက်ရှိနိုင်စေမည့် အရေး ကြီးသည့် အခြေခံဆောင်ရွက်ချက်ဖြစ်သည်။ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သန့်ရှင်းသော သောက်သုံးရေရရှိရေးသည် နေ့စဉ်နှစ်စဉ်လိုအပ် ချက်မြင့်မားလျက်ရှိသောကြောင့် ရေအရင်းအမြစ်များအား စနစ်တကျစီမံခန့်ခွဲနိုင် သည့်အစီအစဉ်များကို တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် ပြည်သူများအတွက် သောက်သုံးရေလိုအပ်ချက် မြင့်မားနေသလို စိုက်ပျိုးရေး ကဏ္ဍသည် ရေချိုသုံးစွဲမှုအများဆုံးဖြစ်သဖြင့် ရေအရင်းအမြစ်များကို အကျိုးရှိစွာအသုံးချနိုင်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲစေရန် ရေစီမံခန့်ခွဲနိုင်ရေးသည် နိုင်ငံအတွက် အရေးပါသည့်ကဏ္ဍ တစ်ရပ်ဖြစ်သဖြင့် ရေစီမံခန့်ခွဲ မှုလုပ်ငန်းများတွင် နိုင်ငံတော်နှင့်အတူ ပြည်သူတစ်ရပ်လုံး ပါဝင်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။

ကြေးမုံ