ရွှေ့ဆိုင်းထားသည့် (၃၁)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကို ၂၀၂၂ ခုနှစ် မေလတွင် ပြန်လည်ကျင်းပရန် စီစဉ်

ရန်ကုန်  အောက်တိုဘာ  ၆

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ရွှေ့ဆိုင်းထားသည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲ (ဆီးဂိမ်း) ကို ၂၀၂၂ ခုနှစ် မေလတွင် ပြန်လည်ကျင်းပရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

ဗီယက်နမ်အိုလံပစ်ကော်မတီသည် ယခင်က ရွှေ့ဆိုင်းထားသည့် ဆီးဂိမ်းပြိုင်ပွဲကို ဧပြီလကုန် သို့မဟုတ် မေလဆန်းတွင် ကျင်းပရန် လျာထားသော်လည်း ကပ်ရောဂါအခြေအနေများအပေါ် ထည့်သွင်း တွက်ချက်ကာ မေလတွင်ပြုလုပ်ရန် စီစဉ်နေခြင်းဖြစ်သည်။ ဗီယက်နမ် အိုလံပစ်ကော်မတီအနေဖြင့် (၃၁)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကျင်းပ မည့်ကာလကို ယခုလအတွင်း အတည်ပြုထုတ်ပြန်သွားဖွယ် ရှိနေပြီး လာမည့်နှစ်တွင် အာရှအားကစားပြိုင်ပွဲအပါအဝင် အခြားနိုင်ငံတကာအားကစားပြိုင်ပွဲများစွာ ကျင်းပရန်ရှိနေသဖြင့် မေလထက် နောက်မကျဘဲ ပြုလုပ်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

ဗီယက်နမ်နိုင်ငံအနေဖြင့် ဆီးဂိမ်းပြိုင်ပွဲ ရွှေ့ဆိုင်းသွားသော်လည်း ထည့်သွင်းကျင်းပမည့် အားကစား နည်းများ ပြောင်းလဲမည်မဟုတ်ဘဲ ယခင်သတ်မှတ်ထားသည့်အတိုင်း အားကစားနည်း ၄၀ ပြုလုပ်သွား မည်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း ၁၈ မျိုး ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားပြီး အားကစားနည်းအများစုမှာလေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်နေပြီဖြစ်သည်။ ထို့ပြင် မြန်မာအားကစား အဖွဲ့အချို့မှာ ပြည်ပနိုင်ငံ၌ သွားရောက် လေ့ကျင့်လျက်ရှိသည်။ ဆီးဂိမ်းပြိုင်ပွဲကို ၁၉၅၉ ခုနှစ်မှ စတင်ကာ နှစ်နှစ်လျှင် တစ်ကြိမ် ပုံမှန်ကျင်းပလျက်ရှိပြီး (၃၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲမှာ ပြိုင်ပွဲ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ရွှေ့ဆိုင်းရသည့်ပြိုင်ပွဲအဖြစ် မှတ်တမ်းဝင်မည်ဖြစ်သည်။

ကိုညီလေး