ရွှေစာရံဘုရားပွဲတော်ကအပြန် ဝယ်ယူကြသည့် လက်ဆောင်ကလေးများ

မန္တလေး  ၂၀ ဖေဖော်ဝါရီ 

 

 

‘ကျွန်မတို့အရွယ် လှဖို့ရယ်….

 

အသက်မကြီးသေးပါမောင်ရယ် ထန်းရွက်ပုတီးလေးဆွဲဖို့ 

 

ရွှေစာရံကို အရောက်သွားလို့ဝယ်…’

 

 

ရွာစားကျော် စိန်တင်ဟန်ရေးသားပြီး တေးဆို ဒေါ်မာမာအေး၏ ထန်းရွက်ပုတီး သီချင်းသံ ကလွင့်ပျံလာသည်။ နွေဦး၏အစ တပေါင်းလတွင် ကျင်းပသည့် ရွေစာရံဘုရားပွဲတော်သည် ထင်ရှား သည့်ပွဲတော်တစ်ခုဖြစ်သည်။ 

ရွှေစာရံဘုရားပွဲတော်ကို မန္တလေးတိုင်း ၊ ပုသိမ်ကြီးမြို့နယ် ၊ ရွှေစာရံကျေးရွာတွင် ကျင်းပခြင်း ဖြစ်သည်။

 

 

 

 

 

 

ရွှေစာရံဘုရားပွဲတွင်သာ အများဆုံးတွေ့ရသည့် ထန်းရွက်ပုတီး ၊ ထန်းရွက်ငါးရုပ်ကလေး များသည် ရွှေစာရံဘုရားပွဲ၏ အထိန်းအမှတ်တစ်ခုဟုပင်ဆိုနိုင်သည်။ ရွှေစာရံဘုရားပွဲအပြန် အမှတ် တရလက်ဆောင်အဖြစ် ထန်းရွက်ပုတီးနှင့် ထန်းရွက်ငါးရုပ်ကလေးများကတော့ မပါမဖြစ် ဝယ်ယူ ကြရသည်။

 

 

‘ဒီအချိန်ရောက်ရင် ဈေးသည်တွေငွေရွှင်တော့ပျော်တယ်။ ကျန်တဲ့အချိန်ဆိုပါးပါးပဲ ရောင်းရ တယ်’ဟု ရွှေစာရံကျေးရွာမှ ဒေါ်ချိုမာက ပြောသည်။ 

 

 

ရွှေစာရံဘုရားပွဲတော်ကာလရောက်သည့်အချိန်တွင် တစ်နေ့ထန်းရွက်ငါးရုပ် အခု ၈၀ ခန့် ရောင်းချရသည်ဟုသိရသည်။

 

 

 

 

 

ပွဲတော်မှာရောင်းချရန်အတွက် ထန်းရွက်ပုတီးနှင့် ထန်းရွက်ငါးရုပ်ကလေးများအား ရွှေစာရံ ဘုရားပွဲတော်ကာလမတိုင်မီ ပြာသိုလကတည်းက ကြိုတင်ပြုလုပ်ထားကြသည်။ ထန်းပင်မှထွက်သည့် ထန်းဖူးကို ထန်းပင်မှခုတ်ပြီး ခြောက်သွေ့စေရန် သုံးရက်ကြာနေလှန်းရသည်။ နေလှန်းပြီး သည့်နောက်မှာတော့ လိုချင်သည့် ဆေးရောင်ဆိုးပေးရသည်။ ထန်းရွက်များကို ကျောက်ဆည် ဒေသမှယူရတယ် လို့သိရပါတယ်။ 

 

 

ဆေးဆိုးပြီး လိုချင်သည့်အရွယ်အစားရစေရန် ငါးရုပ်ပုံစံ ခပ်ဖွဖွလေးချိုးထားရသည်။ ငါးအမြီး လုပ်ရန် ကိုက်ရသည်။ ထန်းရွက်များကျွတ်ဆတ်မနေစေဖို့အတွက် အရုပ်ပုံစံမဖော်ခင် ရေအနည်း ငယ်ဆွတ်ကာ ပုဆိုးဖြင့် အုပ်ထားရသည်။ ပုဆိုးဖြင့်အုပ်ထားပြီး ထန်းရွက်အိလာသည့်အချိန်တွင် အရုပ်စတင်ပြုလုပ်ရသည်။

 

 

ထန်းရွက်ပုတီးတွင် ကြိုက်နှစ်သက်သည့်အရောင်အမျိုးမျိုးချယ်ကာ ဆွဲကြိုးပြုလုပ်ရသည်။ ထန်းရွက်ပုတီးတွင် အမျိုးအစားကွဲပြားမှုမရှိပေမယ့် ထန်းရွက်ငါးရုပ်က အကြီး ၊ အလတ် ၊ အသေး ဟူပြီး သုံးမျိုးရှိသည်ဟုသိရသည်။ 

ထန်းရွက်ပုတီးတစ်ကုံးကို ၂၀ဝ ကျပ် သုံကုံးဝယ်ယူပါက ၅၀ဝ ကျပ်ဖြင့်ရောင်းချကြသည်။ ထန်းရွက်ငါးရုပ်တစ်ရုပ်ကို ၃၀ဝ ကျပ်ဖြစ်ပြီး နှစ်ကောင်ဝယ်ယူပါက ၅၀ဝ ကျပ်ပေးရသည်။ 

 

 

 

 

 

ထန်းရွက်ပုတီးနှင့် ငါးရုပ်ကလေးများအား ယခင်က ရွှေစာရံဘုရားပွဲတော်ကာလမှသာ ရောင်းချရပေမယ့် ယခုအခါ တစ်နှစ်ပတ်လုံးရောင်းချကြကြောင်း သိရသည်။ 

 

 

‘ဝါဆို ၊ ဝါခေါင်ဆိုလည်းရောင်းရတယ်။ တောင်ပြုံးပွဲကိုလာရင်း ရွှေစာရံဘုရားကို အလည်လာကြတော့ အဲဒီအချိန်ဆိုစည်ကားတယ်’ဟု ဒေါ်ချိုမာက ပြောသည်။

 

 

 ရွှေစာရံဘုရားပွဲတော်သည် ပြာသိုလပြည့်နေ့မှ ပြာသိုလပြည့်ကျော် ၈ ရက်အထိကျင်းပသည်။ ရွှေစာရံဘုရား ပွဲတော်မကျင်းပမီ တစ်ပတ်ခန့်ကတည်းက လာရောက်လည်ပတ်သူများဖြင့် စည်ကား နေသည်။ 

ရွှေစာရံဘုရားပွဲတော်မှပြန်လာသည့် ခရီးသွားဧည့်သည်များ၏ အမှတ်တရလက်ဆောင်အဖြစ် မပါမဖြစ်ဝယ်ယူသွားကြရသည်က ထန်းရွက်ပုတီးနှင့် ထန်းရွက်ငါးရုပ်ကလေးများပင်ဖြစ်သည်။

 

 

 

 

အိမို့မို့ခိုင်