ရေဘူးနှင့် ဖိနပ်မပါလျှင် …

မောင်အောင်

“ကိုအောင်ရေ... မိုးလေဝသနဲ့ ဇလဗေဒဌာနက ကြေညာထားတဲ့ ဒီသတင်းမင်းဖတ်ပြီးပြီလား။ မဖတ်ရသေးရင် ငါဖတ်ပြမယ်။”

ကျွန်တော့် အိမ်သို့ ရွာမှ ကျွန်တော့်အစ်ကိုကြီး ရောက်ရှိနေခြင်းဖြစ်သည်။ အစ်ကိုကြီးက အသက် ၈၀ ပြည့်ပြီးပြီ။ သို့သော်လည်း မျက်မှန်မပါဘဲ သတင်းစာဖတ်နိုင်သည်။

ဝန်ထမ်းများသည် ရာသီဥတုနှင့် အလုပ်လုပ်ရ

“ဧပြီလအတွင်း အားအနည်းငယ်ရှိသော အယ်လ်နီညိုအခြေအနေသို့ ရောက်ရှိနိုင်။” အစ်ကိုကြီး သတင်းခေါင်းစဉ်ဖတ်လိုက်ကတည်းကသည်သတင်းကို ကျွန်တော်ဖတ်ပြီးဖြစ်ပါသည်။ မဖတ်၍မရပါ။ ကျွန်တော်တို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဝန်ထမ်းများသည် ရာသီဥတုနှင့် အလုပ်လုပ်ရသည်။ ရာသီဥတု အခြေအနေကို မျက်ခြည်ပြတ်၍မရ။ သို့သော်လည်း အစ်ကိုကြီး အားရှိစေရန် “ဖတ်ပါအုံး အစ်ကိုကြီးရ၊ ဘာတွေများ ရေးထားလို့လဲ” ဟု ကျွန်တော်မေးလိုက်ဖြစ်သည်။

“အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ၏ ပင်လယ်ရေမျက်နှာပြင် အပူချိန်နှင့် လေထုဖြစ်စဉ် များမှာ အားအသင့်အတင့်မှ အားအနည်းငယ်ရှိသော အယ်လ်နီညိုအခြေအနေတွင် ရှိနေပါသည်။ နိုင်ငံတကာမိုးလေဝသဌာနများ၏ သင်္ချာပုံစံပြု မော်ဒယ်များ ခန့်မှန်းချက်အရ ၂၀၂၄ ခုနှစ် ဧပြီလ အတွင်း အားအနည်းငယ်ရှိသော အယ်လ်နီညို အခြေအနေသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါ သည်။”

အစ်ကိုကြီးက သတင်းစာဖတ်ပြနေရာမှ ကျွန်တော်ကိုလှမ်း၍ ကြည့်သည်။ ကျွန်တော်က စိတ်ဝင်စားစွာ နားထောင်နေမိပါသည်။

“အယ်လ်နီညိုဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်သည့်ဖြစ်စဉ်ဖြစ်သော်လည်း အဆိုပါ အယ်လ်နီညိုဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုမှာ ယေဘုယျအားဖြင့် မိုးရွာသွန်းမှု မူမမှန်ခြင်း၊ နေ့အပူချိန်များ မြင့်မားခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှုများ မူမမှန်ခြင်း၊ မိုးခေါင်ရေရှားခြင်း စသည့် အစွန်းရောက် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သည်။”

“သို့ဖြစ်ပါ၍ မိမိတို့သက်ဆိုင်ရာကဏ္ဍများအလိုက် ကြိုတင်ပြင်ဆင်နိုင်ကြပါရန် အသိပေး အပ်ပါသည်။ အယ်လ်နီညိုဖြစ်ပေါ်မှုနှင့်ပတ်သက်သည့် အခြေအနေများအား အချိန်နှင့်တစ်ပြေးညီ ဆက်လက် ထုတ်ပြန်ပေးပို့သွားမည်ဖြစ်သည်” တဲ့။ ကဲ အဲဒီအယ်လ်နီညိုနဲ့ ပတ်သက်ပြီး မင်းတို့ ဝန်ကြီးဌာန ဘာတွေလုပ်ဖို့ အစီအစဉ်ရှိသလဲ။ ဘာတွေ လုပ်ပြီးပြီလဲ။”

အစ်ကိုကြီးက သတင်းကိုဖတ်ပြအပြီး ကျွန်တော့်ကိုကြည့်၍ မေးလိုက်ခြင်းဖြစ်သည်။

“ဒီ အယ်လ်နီညိုနဲ့ပတ်သက်ပြီး ရာသီဥတုဖောက်ပြန်မယ်၊ မိုးခေါင်မယ်၊ ရေရှားမယ်ဆိုတာကို ကျွန်တော်တို့ဝန်ကြီးဌာနက အစောကြီးကတည်းက ကြိုတင်မျှော်မှန်းထားပါတယ်။

သောက်သုံးရေကို ကြိုတင်စီမံဆောင်ရွက်ထား

“ကျွန်တော်တို့ဝန်ကြီးဌာနသာမက နိုင်ငံတော်အစိုးရကိုက ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းက လာမယ့်နွေရာသီမှာ မိုးခေါင်ရေရှားနိုင်တယ်။ အဲဒီတော့ အညာဒေသမှာရှိတဲ့ ပြည်သူလူထု သောက်သုံးရေ ဖူလုံစွာရရှိဖို့နဲ့ လာမယ့်နှစ်စိုက်ပျိုးရာသီမှာ စိုက်ပျိုးရေရရှိဖို့ ကျွန်တော်တို့ ဝန်ကြီးဌာနကို ကြိုပြီးစီမံခိုင်းထားပါတယ်။ ဒီအတွက်ကြောင့် ပြီးခဲ့တဲ့ သုံးလလောက်ကတည်းက ကျွန်တော်တို့ဝန်ကြီးဌာနက ကြိုတင်ပြီး စီမံဆောင်ရွက်ထားပြီးသားပါ။”

“အေး ဒီလိုဆိုတော့ ဒို့အစိုးရက အတော်လေးကို အမြော်အမြင်ကြီးမားတာပဲ။ ကဲပြောစမ်းပါအုံး။ အဲဒီကိစ္စကို မင်းတို့ဝန်ကြီးဌာနက ဘာတွေများ စီမံဆောင်ရွက်ထားသလဲ။”

အစ်ကိုကြီးက ကျွန်တော်၏အဖြေစကားအပေါ် စိတ်ဝင်တစားမေးလာသည်။ သည်တော့လည်း ကျွန်တော်ဖြေရတာ အားရှိပါသည်။

သောက်သုံးရေနဲ့ စိုက်ပျိုးရေကို အဓိက တာဝန်ယူလုပ်ဆောင်

“ကျွန်တော်တို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှာ ဦးစီးဌာန ကိုးခုနဲ့ တက္ကသိုလ်နှစ်ခုရှိပါတယ်။ တက္ကသိုလ်နှစ်ခုကတော့ အစ်ကိုကြီးသိတဲ့အတိုင်း စိုက်ပျိုးရေးတက္ကသိုလ်နဲ့ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်တို့ ဖြစ်ပါတယ်။ ဦးစီးဌာနတွေကတော့ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာန၊ မွေးမြူရေးသုတေသနဦးစီးဌာန၊ စီမံကိန်းဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန ပြီးတော့ ငါးလုပ်ငန်းဦးစီးဌာနတို့ပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ သောက်သုံးရေနဲ့ စိုက်ပျိုးရေရရှိရေးကို အဓိက တာဝန်ယူလုပ်ဆောင်ပေးတာက ဆည်မြောင်းနဲ့ ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဖြစ်ပါတယ်။

“ကျွန်တော်တို့ ဝန်ကြီးဌာနအနေနဲ့ ယခု ၂၀၂၄ ခုနှစ် နွေရာသီပူပြင်းခြောက်သွေ့တဲ့ ကာလမှာ သောက်သုံးရေနဲ့ စိုက်ပျိုးရေလုံလောက်စွာရရှိရေးအတွက် ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ ကြိုတင် စီမံဆောင်ရွက်ထားပါတယ်။ ကချင်ပြည်နယ်မှာ ဆိုရင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာ မြစ်ရေတင် လုပ်ငန်းသစ်တစ်ခုနဲ့ ရေတွင်း ၂၅ တွင်းကို စိုက်ပျိုး မြေ ဧက ၁၉၀ အတွက် စိုက်ပျိုးရေပေးဝေနိုင်ရေး ဆောင်ရွက်ခဲ့ပါတယ်။ ဒါ့အပြင် ဆည်မြောင်း အဆောက်အအုံ ၂ဝ ၊ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း ၂၁ ခု လုပ်ဆောင်ပြီး စိုက်ပျိုးမြေဧက ၂ဝဝဝဝ အတွက် စိုက်ပျိုးရေရရှိအောင် ဆောင်ရွက်ပေးလျက် ရှိပါတယ်။”

အလားတူ ကရင်ပြည်နယ်အတွင်းမှာ သောက်သုံးရေ ငါးတွင်းတူးဖော်ပြီး လူဦးရေ ၁ဝဝဝ အတွက် သောက်သုံးရေရရှိအောင် ဆောင်ရွက်ပေးတဲ့အပြင် ဆည်မြောင်းအဆောက်အအုံ ၂၃ ခုကို ပြုပြင် ထိန်းသိမ်းခြင်းဖြင့် စိုက်ပျိုးမြေ ၂၆၇၂ ဧက အတွက် ရေရရှိအောင် ဆောင်ရွက်ပေးလျက်ရှိပါ တယ်။ ဒါ့အပြင် ချောင်းပိတ်မြောင်းပိတ်လုပ်ငန်း ၂၅ ခု ဆောင်ရွက်ပေးခြင်းဖြင့် စိုက်ပျိုးမြေ ဧက ၆၉၈၀ ကို စိုက်ပျိုးရေ ရရှိစေခဲ့ပါတယ်။

ချင်းပြည်နယ်မှာတော့ ၂၀၂၃-၂၀၂၄ ခုနှစ်မှာ ဆည်မြောင်းအဆောက်အအုံ ၄၁ ခုကို ပြုပြင် ထိန်းသိမ်းခြင်းဖြင့် စိုက်ပျိုးမြေ ၁၇၅၈ ဧကအတွက် စိုက်ပျိုးရေပြည့်ဝစွာရရှိရေး ဆောင်ရွက်ပေးခဲ့ပါ တယ်။

ဆည်မြောင်းအဆောက်အအုံ ၄၁ ခုကို ထိန်းသိမ်း

စစ်ကိုင်းတိုင်းဒေသကြီးမှာတော့ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာ ရေတင်လုပ်ငန်းသစ်တစ်ခုကနေပြီး စိုက်ပျိုးမြေ ဧက ၁၈၀၀ ကို ရေရရှိစေတဲ့အပြင်၊ ဆည်မြောင်းအဆောက်အအုံ ၄၁ ခုကို ထိန်းသိမ်း ပြုပြင်ပေးခဲ့တဲ့အတွက် စိုက်ပျိုးမြေ ဧက ၉၂၀၀၀ နှင့် လူဦးရေ ၃၄၀၀၀ အတွက် စိုက်ပျိုးရေနဲ့ သောက်သုံးရေ ပြည့်ဝစွာရရှိစေခဲ့ပါတယ်။

“ကျေးလက်တောရွာတွေမှာရှိတဲ့ ဆည်တွေ၊ ကန်တွေ ပြုပြင်ပေးမှုနဲ့ ပတ်သက်ပြီး ဟုမ္မလင်းမြို့နယ်၊ ကသာမြို့နယ်၊ ဝက်လက်မြို့နယ်၊ စစ်ကိုင်း မြို့နယ်နဲ့ ထီးချိုင့်မြို့နယ်တွေက ကျေးလက်ဆည်၊ ကန် ၁၄ ကန် ကို ပြုပြင်တည်ဆောက်ပေးခြင်းဖြင့် စိုက်ပျိုးမြေ ၅၆၈၃ ဧကအတွက် စိုက်ပျိုးရေ လုံလောက်စွာပေးဝေနိုင်ဖို့ ဆောင်ရွက်ခဲ့ပါတယ်။”

“အေး နောက်ပြီးတော့ရော”

ကျွန်တော်က စကားအရှည်ကြီးပြောလိုက်ရ၍ ရေနွေးကြမ်းခွက်ငှဲ့သောက်နေချိန်တွင် အစ်ကို ကြီးက အားမလို အားမရသံဖြင့် ထပ်၍မေးလိုက်ခြင်းဖြစ်သည်။

“အစ်ကိုကြီးသိတဲ့အတိုင်း စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်မှာ သဖန်းဆိပ်ရေလှောင် တမံကြီးရှိတယ်လေ။ အဲဒီက ရေတွေကို ရွှေဘိုမှာရှိတဲ့ ကျုံးနဲ့ မဟာနန္ဒာကန်ကို ရေဖြည့်ပေးတဲ့အပြင် တူးမြောင်းတွေကတစ်ဆင့် မြို့နယ် ရှစ်မြို့နယ်က ရေကန် ၉၉ ကန်ကို ရေဖြည့်ပေးခဲ့ပါတယ်။ ဒီလိုလုပ်တဲ့အခါ ကျေးရွာအုပ်ချုပ်ရေးမှူး တွေနဲ့ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးရတာ ဖြစ်ပါတယ်။ ဒါ့အပြင် အခြားရေလှောင်တမံများရဲ့ ဆည်ရေသောက် ဧရိယာတွေမှာရှိတဲ့ ကျေးရွာ ရေကန်တွေကိုလည်း ရေဖြည့်ပေးခဲ့ပါတယ်။”

“စစ်ကိုင်းတိုင်းဒေသကြီးအပြင် မကွေးတိုင်းဒေသကြီးမှာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာ ရေတင် လုပ်ငန်းသစ်နှစ်ခု အကောင်အထည်ဖော်ခဲ့ပြီး စိုက်ပျိုးမြေ ၉၆၄ ဧကကို စိုက်ပျိုးရေ တိုးချဲ့ပေး ဝေနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဆည်မြောင်းအဆောက်အအုံ ၄၀၉ ခုကို ပြုပြင်ထိန်းသိမ်းပေးတဲ့အတွက် စိုက်ပျိုးမြေ ဧက ၂၃၉၀၀၀ ခန့်နဲ့ လူဦးရေ ၂၉၅၀ အတွက် စိုက်ပျိုးရေနဲ့ သောက်သုံးရေ ပြည့်ဝစွာ ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။

 သဲလွှာများအတွင်း ရေသိုလှောင်ထားရှိ

“မကွေးတိုင်းဒေသကြီး အောင်လံခရိုင် ဆင်ပေါင်ဝဲမြို့နယ် ဝါးရှီးကျေးရွာအနီးက လင်ပန်းချောင်း ရေအောက်တမံကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာ တည်ဆောက်ပေးတဲ့အတွက် တမံအထက်ပိုင်းမှာရှိတဲ့ သဲလွှာများအတွင်း ရေသိုလှောင်ထားရှိပြီး ကျေးရွာနှစ်ရွာနဲ့ ကာကွယ်ရေး ပစ္စည်းစက်ရုံရှိ အိမ်ထောင်စု ၆၂၄ စုမှ လူဦးရေ ၂၉၁၀ အတွက် သောက်သုံးရေ ဖူလုံစေခဲ့ပါတယ်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အထိ မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ငါးခုမှ မြေအောက်တမံ စုစုပေါင်း ၁၆ ခု တည်ဆောက် ပေးနိုင်ခဲ့တဲ့အတွက် ကျေးရွာ ၃၇ ရွာနဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံရှိ အိမ်ထောင်စု ၆၃၉၇ စုမှ လူဦးရေ ၂၉၃၈၆ ဦးအတွက် သောက်သုံးရေဖူလုံစေခဲ့ပါတယ်။

“၂၀၂၃-၂၀၂၄ ခုနှစ်အတွင်း မကွေးတိုင်းဒေသကြီးအတွင်းရှိ ကျေးလက်ဆည်၊ ကန်ကိုးခု ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့တဲ့အတွက် စိုက်ပျိုးမြေ ၁၈၈၈ ဧကနဲ့ လူဦးရေ ၄၀၇ ဦးအတွက် စိုက်ပျိုးရေနဲ့ သောက်သုံးရေဖူလုံစေခဲ့ပါတယ်။ ဒါ့အပြင် မကွေးတိုင်းဒေသကြီးအတွင်းရှိ ရေလှောင် တမံများရဲ့ ရေပေးမြောင်းတွေကနေ ကျေးရွာ ၂၂ ရွာရှိ ရေကန် ၃၃ ကန်ကို ရေကူဖြည့်သွင်း ပေးတဲ့အတွက် စိုက်ပျိုးမြေ ၆၂၅၅ ဧကနဲ့ လူဦးရေ ၆၈၁၆ ဦးကို အကျိုးပြုစေတာဖြစ်ပါတယ်။”

“အေး ကဲ ဟုတ်ပါပြီ။ မင်းအခုပြောတာ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းဒေသကြီးပဲရှိသေး တယ်။ ကျန်တဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေရော ရေရရှိရေး လုပ်မပေးဘူးလား။”

စိုက်ပျိုးရေနဲ့ သောက်သုံးရေ တိုးချဲ့ပေးဝေ

“လုပ်ပေးတာပေါ့ အစ်ကိုကြီးရယ်။ ရေအကျိုး ၁၀ ပါးဆိုတာ မတောင်းဘဲနဲ့ပြည့်တဲ့ ဆုပဲကို။ မလုပ်ပေး ဘယ်ရှိပါ့မလဲ။ အထူးသဖြင့် မန္တလေးတိုင်းဒေသကြီး။ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာနှစ်မှာ မန္တလေးတိုင်း ဒေသကြီးအတွင်း ရေတင်လုပ်ငန်းသစ် တစ်ခုနဲ့ စက်ရေတွင်း ငါးတွင်းတူးဖော်ပေးတာ ကြောင့် စိုက်ပျိုးမြေ ၁၀၃၂ ဧကနဲ့ လူဦးရေ ၂၀၀ အတွက် စိုက်ပျိုးရေနဲ့ သောက်သုံးရေ တိုးချဲ့ပေးဝေ နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဆည်မြောင်းအဆောက်အအုံ ၆၆၈ ခုကို ပြုပြင်ထိန်းသိမ်းခြင်း လုပ်ပေးတဲ့အတွက် စိုက်ပျိုးမြေဧက ၄၃၃၀၀၀ ခန့်နဲ့ လူဦးရေ ၇၉၅၁ ဦးအတွက် စိုက်ပျိုးရေနှင့် သောက်သုံးရေ ပြည့်ဝစွာ ပေးဝေနိုင်ခဲ့ပါတယ်။”

“မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်ညောင်ဦးမြို့နယ်ရှိ ကန်ကြီးကုန်းတောင်ရွာ ကန်ကြီးကုန်း မြောက်ရွာနဲ့ နပ္ပလင်ရွာတွေမှာ သောက်သုံးရေပြတ်လပ်မှု ကာကွယ်ဖို့အတွက် ကန်ကြီးကုန်းချောင်း မြေအောက်တမံကို တည်ဆောက်ပေးလျက်ရှိပါတယ်။ အဲဒီတမံဟာ ရေဂါလန် ၇၄ သန်းခန့် သိုလှောင်ထားနိုင်မှာဖြစ်ပြီး ကျေးရွာ သုံးရွာမှာရှိတဲ့ အိမ်ထောင်စု ၇၆၂ စု၊ လူဦးရေ ၃၆၄၆ ဦးအတွက် သောက်သုံးရေဖူလုံစွာ ရရှိစေမှာဖြစ်ပါတယ်။ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာနှစ်အထိ မန္တလေးတိုင်း ဒေသကြီးအတွင်း ညောင်ဦးမြို့နယ်နဲ့ ကျောက်ပန်းတောင်း မြို့နယ်တွေမှာ မြေအောက်တမံ လေးခုဆောင်ရွက်ပြီးဖြစ်တဲ့အတွက် ကျေးရွာ၂၂ ရွာရှိ အိမ်ထောင်စု ၂၆၈၈ စု လူဦးရေ ၁၀၆၅၀ အတွက် သောက်သုံးရေ ဖူလုံစေမှာဖြစ်ပါတယ်။

တပျော်ချောင်းလျှိုပိတ်တမံ တည်ဆောက်လျက်ရှိ

ဒါ့အပြင် ကျေးလက်ဆည်၊ ကန်တွေနဲ့ပတ်သက်ပြီး ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာနှစ်မှာ ကျေးလက် ဆည်ကန် ၁၄ ခုပြုပြင်ခဲ့တဲ့အတွက် ကျေးရွာ ၁၉ရွာ ရှိ အိမ်ထောင်စု ၃၈၁၇ စုမှ လူဦးရေ ၂၀၀၈၈ ဦး အတွက် သောက်သုံးရေဖူလုံစေမှာဖြစ်ပါတယ်။ ပြီးတော့ မိတ္ထီလာမြို့နယ် ရေဝေကျေးရွာအုပ်စု အင်ပင်ဝကျေးရွာ အနီးမှာရှိတဲ့ အိုင်တိုချောင်း (ခေါ်) တပျော်ချောင်းကို ပိတ်ပြီး တပျော်ချောင်းလျှိုပိတ်တမံ တည်ဆောက် လျက်ရှိပါတယ်။ အဲဒီတမံကလည်း အိမ်ထောင်စု ၃၀၀ မှာရှိတဲ့ လူဦးရေ ၁၂၀၀ အတွက် သောက်သုံးရေလုံလောက်စွာရရှိမှာဖြစ်ပါတယ်။”

ကျွန်တော်တို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေနဲ့ ပဲခူးတိုင်းဒေသကြီးမှာ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာနှစ်မှာ ရေတင်လုပ်ငန်းသစ် ၁၃ ခု တိုးချဲ့ဆောင်ရွက်ခဲ့ပြီး စိုက်ပျိုး မြေ ၁၂၈၉ ဧကအတွက် စိုက်ပျိုးရေပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဆည်မြောင်း အဆောက်အအုံ ၃၄၅ ခုကို ပြုပြင်ထိန်းသိမ်းပြီး စိုက်ပျိုးမြေဧက ၂၀၀၀၀၀ ခန့်နဲ့ လူဦးရေ ၈၁၈ ဦးအတွက် စိုက်ပျိုးရေနှင့် သောက်သုံးရေရရှိစေခဲ့ပါတယ်။ ရေရရှိစေတဲ့ နည်းလမ်းတွေထဲမှာ ချောင်းပိတ်မြောင်းပိတ် လုပ်ငန်းတွေကလည်း အရေးပါပါတယ်။ ပဲခူးတိုင်းဒေသကြီးအတွင်း ချောင်းပိတ် မြောင်းပိတ်လုပ်ငန်း ၃၂ ခု ဆောင်ရွက်ခဲ့ပြီး စိုက်ပျိုးမြေ ၃၄၂၂၆ ဧကအတွက် နွေရာသီမှာ စိုက်ပျိုးရေ ရရှိစေပြီး ရေငန် ဝင်ရောက်မှုကိုလည်း ကာကွယ်ပေးနိုင်ခဲ့ပါတယ်။

ကျေးရွာရှိ သောက်သုံးရေကန်ကို ပြန်လည်တူးဖော်

ဒါ့အပြင် Quick Win (အချိန်တိုအတွင်း အောင်မြင်မှု) လုပ်ငန်းအနေနဲ့ ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်း၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၊ အောင်းကြီး ၂ ချောင်း ဧရိယာ စိုက်ပျိုးရေရရှိရေး လုပ်ငန်းနဲ့ ဇီးဖြူဘုရားရိုးဧရိယာစိုက်ပျိုးမြေ ဧက ၃၅၀၀ စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ခဲ့ပါတယ်။ ပြီးတော့ ပန်းတောင်းမြို့နယ် တောင်ဘွေ ကျေးရွာအုပ်စုရှိ အိမ်ထောင်စု ၂၄၇ စု လူဦးရေ ၈၁၈ ဦးအတွက် သောက်သုံးရေရှားပါး ပြတ်လပ်မှုမရှိစေရေး၊ ငါးမျက်နှာ(ရွာလေး) ကျေးရွာရှိ သောက်သုံး ရေကန်ကို ပြန်လည်တူးဖော်ပြီး ရေသိုလှောင်ထားရှိပါတယ်။

ကျွန်တော်တို့ဝန်ကြီးဌာနက မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးတွေမှာလည်း စိုက်ပျိုးရေနဲ့ သောက်သုံးရေရရှိရေး ဆောင်ရွက်ပေးလျက်ရှိပါတယ်။ အထူးသဖြင့် မွန်ပြည်နယ်မှာ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာနှစ်မှာဆည်မြောင်း အဆောက်အအုံပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်း ၅၁ ခု ဆောင်ရွက်ပေးမှုကြောင့် စိုက်ပျိုးမြေ ဧက ၁၉၀၀၀ ခန့်နဲ့ လူဦးရေ ၁၁၁၅၅ ဦးအတွက် စိုက်ပျိုးရေနဲ့ သောက်သုံးရေရရှိစေခဲ့ပါတယ်။ ဒါ့အပြင် နွေရာသီကာလ စိုက်ပျိုးရေရရှိဖို့အတွက် ချောင်းပိတ်မြောင်း ပိတ်လုပ်ငန်း ၅၂ ခု ဆောင်ရွက်ပေးခဲ့တဲ့အတွက်စိုက်ပျိုးမြေ ၇၀၄၂ ဧကအတွက် စိုက်ပျိုးရေရရှိခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာတော့ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာနှစ်မှာ ဆည်မြောင်းအဆောက်အအုံ ၃၃ ခု ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့တဲ့အတွက် စိုက်ပျိုးမြေဧက ၂၇၀၀ အတွက် စိုက်ပျိုးရေ ပြည့်ဝစွာရရှိစေတဲ့အပြင် မြို့နယ်ခုနစ်ခုမှာ လျှိုပိတ်တမံခြောက်ခုနဲ့ သောက်သုံးရေကန် တစ်ကန် တူးဖော်ပေးခဲ့တဲ့အတွက် လူဦးရေ ၂၈၆၄၁ ဦးအတွက် သောက်သုံးရေရရှိရေး ဆောင်ရွက်နိုင်ခဲ့ ပါတယ်။

“တနင်္သာရီတိုင်းဒေသကြီးမှာတော့ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာနှစ်မှာ ဆည်မြောင်း အဆောက်အအုံ ၂၀ ကို ပြုပြင်ထိန်းသိမ်းခဲ့တဲ့အတွက် စိုက်ပျိုးမြေ ၂၂၄၇ ဧကနဲ့ လူဦးရေ ၇၀၀၀ အတွက် စိုက်ပျိုး ရေနဲ့ သောက်သုံးရေပြည့်ဝစွာ ပေးဝေနိုင်ရေး ဆောင်ရွက်ပေးခဲ့ပါတယ်။ အလားတူ ချောင်းပိတ် မြောင်းပိတ်လုပ်ငန်း ၃၆ ခုကနေ စိုက်ပျိုးမြေ ၈၄၅ ဧကအတွက် စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ပေးနိုင်ခဲ့ ပါတယ်။”

“ရှမ်းပြည်နယ်မှာလည်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာ စိုက်ပျိုးရေတွင်းနှစ်တွင်းနဲ့ သောက်သုံးရေတွင်း ၁၀ တွင်း တူးဖော်ပေးခဲ့ပြီး စိုက်ပျိုးမြေဧက ၂၀ နဲ့ လူဦးရေ ၂၀၀၀ အတွက် စိုက်ပျိုးရေနဲ့ သောက်သုံးရေရရှိရေး ဆောင်ရွက်ပေးခဲ့ပါတယ်။ ပြည်နယ်အတွင်းမှာရှိတဲ့ ဆည်မြောင်းအဆောက် အအုံ ၁၅၀ ကို ထိန်းသိမ်းပြုပြင်ခြင်းဆောင်ရွက်ခဲ့တဲ့အတွက် စိုက်ပျိုးမြေ ဧက ၁၃၈၀၀၀ နဲ့ လူဦးရေ ၃၇၂၁၁ ဦးအတွက် စိုက်ပျိုးရေနဲ့သောက်သုံးရေ ပြည့်ဝစွာပေးဝေနိုင်ရေး ဆောင်ရွက်ခဲ့ပါတယ်။ ဒါ့အပြင် ချောင်းပိတ်မြောင်းပိတ်လုပ်ငန်း ၅၀ ကနေပြီး နွေရာသီကာလ စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ပေးလျက် ရှိပါတယ်။”

ရေငန်ဝင်ရောက်မှုကို ကာကွယ်တားဆီးနိုင်ခဲ့

“ရေရရှိရေး ဆောင်ရွက်ပေးခဲ့တဲ့အပိုင်းမှာ ရန်ကုန်တိုင်းဒေသကြီးနဲ့ ဧရာဝတီတိုင်းဒေသကြီး ကလည်း ချန်လှပ်ထားလို့မရပါဘူး။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ရေတင်လုပ်ငန်း သစ် သုံးခုနဲ့ သောက်သုံးရေတွင်း ခုနစ်တွင်း အသစ်တူးဖော်ပေးခဲ့တဲ့အတွက် စိုက်ပျိုး ရေနဲ့ သောက်သုံးရေတိုးချဲ့ပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဆည်မြောင်းအဆောက်အအုံ ၂၅၁ ခု ထိန်းသိမ်း ပြုပြင်ခဲ့တဲ့အတွက် စိုက်ပျိုးမြေ ဧက ၁၂၄၀၀၀ နဲ့ လူဦးရေ ၁၅၁၄၀၀ အတွက် စိုက်ပျိုးရေနဲ့သောက်သုံးရေ ပြည့်ဝစွာပေးဝေနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ချောင်းပိတ်မြောင်းပိတ်လုပ်ငန်း ၆၈ ခု ဆောင်ရွက်ခဲ့တဲ့အတွက် နွေရာသီမှာ စိုက်ပျိုးမြေ ၇၄၄၉၃ ဧက ကို ရေရရှိရေးဆောင်ရွက် ပေးနိုင်တဲ့အပြင် ရေငန်ဝင်ရောက်မှုကိုလည်း ကာကွယ်တားဆီးနိုင်ခဲ့ပါတယ်။”

ဧရာဝတီတိုင်းဒေသကြီးဟာလည်း မြစ်ဝကျွန်းပေါ်ဖြစ်ပေမယ့် စိုက်ပျိုးရေနဲ့ သောက်သုံးရေ ရရှိရေးဆောင်ရွက်ပေးရတဲ့ ဒေသတွေထဲမှာ ပါဝင်ပါတယ်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာ စိုက်ပျိုးရေ တွင်း ၈၃ တွင်းနဲ့ သောက်သုံးရေတွင်း ၃၆ တွင်းတူးဖော်ပြီး စိုက်ပျိုးမြေ ၄၁၅ ဧက လူဦးရေ ၇၂၀၀ အတွက် စိုက်ပျိုးရေနဲ့ သောက်သုံးရေတိုးချဲ့ပေးဝေနိုင်ရေး ဆောင်ရွက်လျက်ရှိပါတယ်။ တိုင်းဒေသကြီး အတွင်းမှာရှိတဲ့ ဆည်မြောင်းအဆောက်အအုံ ၉၅ ခုကို ပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီး စိုက်ပျိုးမြေ ဧက ၂၃၉၀၀၀ စိုက်ပျိုးရေ ပြည့်ဝစွာ ပေးဝေနိုင်ရေး ဆောင်ရွက်လျက် ရှိပါတယ်။ ဒါ့အပြင် ချောင်းပိတ် မြောင်းပိတ်လုပ်ငန်း ၄၂ ခု ဆောင်ရွက်ခဲ့ပြီး စိုက်ပျိုးမြေ ၁၃၆၃၃ ဧကခန့်ကို နွေရာသီရေရရှိရေးနဲ့ ရေငန်ဝင်ရောက်မှု ကာကွယ် ရေး ဆောင်ရွက်ပေးလျက်ရှိပါတယ်။

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်ခရိုင် ကြံခင်းမြို့နယ် ကွင်းကြီးရွာမှာ သောက်သုံးရေကန် တူးဖော်ပေးတဲ့အတွက် လူဦးရေ ၇၈၀ အတွက် သောက်သုံးရေလုံလောက်စွာရရှိဖို့ ဆောင်ရွက်ပေးခဲ့ ပါတယ်။ ဒါ့အပြင် ကန်ကြီးထောင့်မြို့နယ်၊ အင်္ဂပူမြို့နယ်၊ ဘိုကလေးမြို့နယ်တို့ရှိ ချောင်းများ၊ ရိုးများ၊ ရေနုတ်မြောင်းများပေါ်မှာ ရေတံခါး၊ ရေထိန်း၊ ရေမြှင့်အဆောက်အအုံ ခုနစ်ခု တည်ဆောက်ပေးပြီး စိုက်ပျိုးမြေ ၁၂၃၁ ဧကကို စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ပေးလျက်ရှိပါတယ်။ အလားတူ မြို့နယ် ရှစ်မြို့နယ်မှာရှိတဲ့ ရေတံခါးဟောင်း ၂၄ ခု ပြုပြင်ပေးခြင်းဖြင့် စိုက်ပျိုးမြေ ဧက ၁၃၃၉၀ ကို စိုက်ပျိုး ရေလုံလောက်စွာ ရရှိရေးဆောင်ရွက်ပေးလျက်ရှိတဲ့ အပြင် ဖျာပုံမြို့နယ် ကြက်ဖမွေးဇောင်းကျွန်းပတ် တာအတွင်း ရေချိုရရှိရေးအတွက် မမိုးသူရေသွင်း တံခါးတည်ဆောက်ခြင်းနဲ့ ရေချိုသွင်းမြောင်း ၁၃ မြောင်း တူးဖော်ခြင်းလုပ်ငန်းများကို ဆောင်ရွက်တဲ့အတွက် နွေစပါးဧက ၃၀၀၀ နဲ့ နွေသီးနှံ ၃၈၅၄ ဧက အကျိုးပြုစိုက်ပျိုးနိုင်မှာဖြစ်ပါတယ်။

ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးမှာ စိုက်ပျိုးရေနဲ့ သောက်သုံးရေရရှိရေး ဆောင်ရွက်ပေး

“အေးကွာ မင်းရှင်းပြရတဲ့အလိုအရဆိုရင်တော့ မင်းတို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးလိုလိုမှာ စိုက်ပျိုးရေနဲ့ သောက်သုံးရေ ရရှိရေး ဆောင်ရွက်ပေးနေတာပဲ။ အဲဒါနဲ့ နေပြည်တော် ကောင်စီနယ်မြေမှာရော ရေရရှိရေး ဆောင်ရွက်ပေး ရသေးလား။”

အစ်ကိုကြီးက ကျွန်တော့်စကားများအပေါ် သုံးသပ်ရင်း ကျန်ရှိမည်ဟု သူထင်နေသည့် နေပြည်တော် ကောင်စီနယ်မြေအတွက် မေးလာခြင်းဖြစ်သည်။

“ပေးရတာပေါ့ အစ်ကိုကြီးရယ်။ နေပြည်တော် ကောင်စီနယ်မြေမှာလည်း ကျွန်တော်တို့ ပြည်သူတွေ၊ ဝန်ထမ်းတွေ၊ တိုင်းရင်းသားတွေ နေနေကြတာ ပဲလေ။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာ နေပြည်တော် ကောင်စီနယ်မြေအတွင်း ရေတင်လုပ်ငန်းသစ်တစ်ခုနဲ့ စက်ရေတွင်း ၁၁ တွင်း တူးဖော်ပေးခဲ့တဲ့ အတွက် စိုက်ပျိုးမြေ ၄၃၅ ဧကနဲ့ လူဦးရေ ၂၀၀ အတွက် စိုက်ပျိုးရေနဲ့ သောက်သုံးရေ တိုးချဲ့ပေးဝေ နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဆည်မြောင်းအဆောက်အအုံ ၁၇၆ ခုကို ထိန်းသိမ်းပြုပြင်ပေးနိုင်ခဲ့လို့စိုက်ပျိုး မြေ ဧက ၃၄၀၀၀ ခန့်ကို စိုက်ပျိုးရေ အပြည့်အဝပေးနိုင်ခဲ့ပါတယ်။ ချောင်းပိတ် မြောင်းပိတ်လုပ်ငန်း ၁၀ ခု ဆောင်ရွက်ခြင်းကလည်း နွေရာသီကာလ စိုက်ပျိုးရေရရှိရေးအတွက် တစ်တပ်တစ်အား ဖြစ်ခဲ့ပါတယ်။”

“နေပြည်တော်ကောင်စီနယ်မြေကို စတင်တည်ဆောက်ခဲ့တဲ့၊ နေရာရွေးချယ်ခဲ့တဲ့ နိုင်ငံတော်အကြီးအကဲ များရဲ့ အမြော်အမြင်ကြီးမားမှုကိုလည်း ဒီနယ်မြေနွေရာသီမှာ ရေရှားပါးမှု မဖြစ်ပေါ်စေတာ ဖြစ်ပါတယ်။ ငလိုက်ရေလှောင်တမံ၊ ချောင်းမကြီးရေလှောင်တမံ၊ ချောင်းမငယ်ရေလှောင်တမံတို့မှ အဆင့်ဆင့် ဆင်အုံကန်ထဲကို ရေကူဖြည့်ပေးပြီး ဆင်အုံကန်ကတစ်ဆင့် ရုံး၊ ဌာနဆိုင်ရာများနှင့် ပုဂ္ဂလိကနေအိမ်များသို့ နေ့စဉ်ရေဂါလန် ၁၁ ဒသမ ၅၅ သန်း ဖြန့်ဝေပေးလျက်ရှိပါတယ်။ ဒါ့အပြင် ရေဆင်းရေလှောင်တမံ၊ ကင်းသာရေလှောင်တမံနဲ့ တောက်ပြိုရေလှောင်တမံတို့ကလည်း မြို့ပြနဲ့စက်မှု လုပ်ငန်းသုံး ရေထုတ်ယူသုံးစွဲနေတာဖြစ်ပါတယ်။ စိုက်ပျိုးရေနဲ့ ပတ်သက်ပြီးလည်း ဒီဆည်ရေလှောင် တမံတွေက ရေပေးမြောင်းများမှတစ်ဆင့် ရေပေးဝေလျက်ရှိပြီး မုန်ရေထိန်းတံခါးမှလည်း နွေစပါးအတွက် စိုက်ပျိုးရေပေးဝေရင်း ရေပေးမြောင်းများမှ နောင်အိုးဘိုကန်သို့ သောက်သုံးရေပါ ဖြန့်ဝေပေး လျက်ရှိပါတယ်။”

“အေးပါကွာ မင်းတို့ဝန်ကြီးဌာနက နိုင်ငံတော်အကြီးအကဲရဲ့ လမ်းညွှန်ချက်နဲ့ အခုလို နွေရာသီမှာ ရေရှားပါးမှုမဖြစ်ပေါ်စေရေး ကြိုတင်တွက်ဆထားပြီး ဆောင်ရွက်ထားတာသိရတော့ အားရစရာ ပါကွာ။ အဲဒါနဲ့ ဒီရေကို ရှာပေးတဲ့လူတွေက ရှာပေးသလို သုံးစွဲတဲ့ သူတွေဘက်ကလည်း စနစ်တကျ အလေအလွင့်မရှိအောင် သုံးစွဲတတ်ကြဖို့လိုတယ်ကွ။ ဒါနဲ့ပတ်သက်ပြီးရော မင်းတို့ဝန်ကြီးဌာနက ဘာတွေလုပ်ပေးထားသေးလဲ။”

အစ်ကိုကြီးက မေးသင့်မေးထိုက်သည့် မေးခွန်းမေးလာခြင်း ဖြစ်သည်။

“ရေကို စနစ်တကျသုံးစွဲရေးနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဝန်ကြီးဌာနက ၂၀၂၃ ခုနှစ် ဇန်နဝါရီလကုန်အထိ ရေအသုံးချသူများ အဖွဲ့ ၈၉၈၂ ဖွဲ့ကို တောင်သူဦးရေ ၂၂၈၇၉၉ နဲ့ ဖွဲ့စည်းထားခဲ့ပါတယ်။ အလားတူပဲ ရေအသုံးချသူများအသင်း ၁၀ သင်းကိုလည်း ဖွဲ့စည်း ထားပါတယ်။ ဒီအဖွဲ့တွေက စိုက်ပျိုးရေသုံးစွဲရာမှာ ရေလေလွင့်ဆုံးရှုံးမှုနည်းပါးစေဖို့၊ စနစ်တကျအသုံးပြုစေဖို့နဲ့ ရေစီမံခန့်ခွဲမှုလုပ်ငန်းတွေမှာ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနနဲ့ ပူးပေါင်းပါဝင်ကြဖို့ပဲ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ခြင်းဖြင့် ရေလေလွင့်ဆုံးရှုံးမှု နည်းပါးစေမှာဖြစ်ပါတယ်။”

ကျွန်တော်၏စကားကို အစ်ကိုကြီးက ခေါင်းညိတ်နားထောင်ကာ ပြုံးလိုက်ရင်း...

“မင်း ဟို တို့မြန်မာစကားလေးတစ်ခု မှတ်မိသေးလား”

“ဒါနနဲ့ သီလ မပါရင် သေခါမှသိတဲ့။” ကဲ ပြီးတော့ရော...

“ရေဘူးနဲ့ ဖိနပ်မပါရင် နွေခါမှသိပေါ့” အစ်ကိုကြီးရ။ ဒီလောက်တော့မှတ်မိပါသေးတယ်။

ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက် ပြောရယ် ရယ်မိလိုက်ပါသည်။ ။