ရွှေဘိုရှိ  မြို့ထောင့်စေတီဘုရားပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနေ

ရွှေဘို   ၂၆  စက်တင်ဘာ 
    
အညာဒေသဘုရားပွဲတော်များမှ အစည်ကားဆုံးပွဲတော်ဖြစ်သော ရွှေဘိုမြို့ မြို့တည်၊ နန်းတည် အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ တည်ထားကိုးကွယ်တော်မူခဲ့သော မော်ဓောမြင်သာ မြို့ထောင့်စေတီဘုရားပွဲတော်ကို တော်သလင်းလပြည့်ကျော် ၇ ရက်နေ့မှ စတင်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။
     
အညာဒေသ၏ နာမည်ကျော်မြို့ထောင့်စေတီ ဘုရားပွဲတော်ကြီးကို တော်သလင်းလပြည့်ကျော် ၇ ရက်နေ့မှ သီတင်းကျွတ်လဆန်း ၁ ရက်နေ့အထိ ၁၀ ရက်တိုင်တိုင် ကျင်းပလျက်ရှိရာ အဆိုပါ ဘုရားပွဲ ကျင်းပချိန်သည် နွေစပါးရိတ်သိမ်းပြီး ငွေရွှင်ချိန် မိုးစပါးစိုက်ပျိုးပြီးသော အားလပ်ချိန်ဖြစ်သောကြောင့် ရွှေဘိုမြို့အနီး တစ်ဝိုက်ရှိ တောင်သူအများစု လာရောက်ကြသော ဘုရားပွဲတော်ဖြစ်သည်။ 

ယင်းဘုရားပွဲတော်၌ မနက်ခင်းပိုင်းတွင် ခြင်းအလှခတ်ပြပွဲများ၊ လှေလှော်ပြိုင်ပွဲများတွင် အားပေးကြည့်ရှုသူများဖြင့် လူစည်းကားလျက်ရှိကာ ဈေးဆိုင်တန်းများဖြစ်သော အညာဒေသ၏ မပါမရှိဖြစ်သော ကရေကရာဆိုင်တန်းများ ၊ နံမည်ကျော် ပခုက္ကူစောင်များ ၊ မီးဖိုချောင်သုံးပစ္စည်းများ ၊ ကလေးကစားစရာ အရုပ်ဆိုင်များ ၊ ပရိဘောဂဆိုင်များ ၊ သင်ဖြူးဖျာဆိုင်များ ၊ ဒေသထွက် နာမည်ကျော် ရွှေဘိုသနပ်ခါးတုံးဆိုင်များ၊ ဆန်ကောဆန်ကာ ဆိုင်များစသည့် ဈေဆိုင်းများတွင်လည်း ဝယ်ယူသူများ  ပေါများစွာတွေရှိပြီး ဈေးဆိုင်ခန်းပေါင်း (၂၀ဝဝ)ကျော်တို့ဖြင့် ကျင်းပသော  အညာဒေသ၏ နာမည်ကျော်ဘုရားပွဲတော်ဖြစ်ကြောင်း မောဓောမြင်သာမြို့ထောင့်စေတီ ဂေါပကအတွင်းရေးမှူး ဦးသိန်းလွင်ထံမှ သိရသည်။
    
ထို့အပြင်  ညပိုင်းတွင် နာမည်ကြီးဇာတ်ပွဲများ၊ အငြိမ့်ပွဲ လာရောက်ကြည့်ရှုသူများ၊ အပျော်စီးရဟတ် များနှင့် ကလေးဆော့ ကစားစရာများတွင် လာရောက်ဆော့ကစားသူများ၊ ဘုရားဖူးလာရောက်ကြသော နယ်ဝေးဧည်သည့်များဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ထွန်းမြင့်အောင်(ရွှေဘို)

 

1