ရွှေဘိုမြို့နယ် ဘုန်းဘွဲ့ကျေးရွာ၌ မီးလောင်မှုဖြစ်ပွားသဖြင့် နေအိမ်နှစ်လုံးဆုံးရှုံးကာ လူတစ်ဦး သေဆုံး

ရွှေဘို  ၉ မေ 

 

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ် ဘုန်းဘွဲ့ကျေးရွာ၌ ယနေ့ နံနက်ပိုင်းက မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ်နှစ်လုံးမီးလောင်ကျွမ်းခဲ့ပြီး လူတစ်ဦးသေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင် မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးမြင့်ထံမှ သိရသည်။

 

ဖြစ်စဉ်မှာ ဘုန်းဘွဲ့ကျေးရွာနေ ဦးအောင်မြင့်ကျော် (၂၇) နှစ်၏ နေအိမ် မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် ထရံသို့ မီးကူးစက် လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး အနီးရှိ ဦးကျော်ဌေး၏ နေအိမ်သို့ ထပ်မံကူးစက်ကာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

မီးလောင်မှုကြောင့် ဦးအောင်မြင့်ကျော်၏ နေအိမ်နှင့် ဦးကျော်ဌေး၏ နေအိမ်တို့ မီးလောင်ဆုံးရှုံးခဲ့ပြီး အိမ်အတွင်းရှိ ထော်လာဂျီခေါင်းပိုင်း၊ ဆိုင်ကယ် နှစ်စီး၊ အပ်ချုပ်စက်နှစ်လုံးတို့ပါ ဆုံးရှုံးခဲ့ကာ ဦးအောင်မြင့်ကျော် (၂၇) နှစ်သည် မီးလောင်စဉ် အိပ်ပျော်နေသဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

 

မီးလောင်မှုဖြစ်ပွားရာသို့ ရွှေဘိုခရိုင် မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးမြင့် ဦးဆောင်၍ မီးငြှိမ်းသတ်ယာဉ် သုံးစီး၊ ရေသယ်ယာဉ် နှစ်စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ခရိုင် လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ကျေးရွာပြည်သူများက ဝိုင်းဝန်း ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် မီးငြိမ်းသွားကြောင်း သိရသည်။

 

မိုးသောက်(ရွှေဘို)