ရေဘေးကြိုတင်ကာကွယ်ရေး သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်

ဂန့်ဂေါ   ၁၄  စက်တင်ဘာ 

ဂန့်ဂေါခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ကြီးမှူး၍ ရေးဘေးကြိုတင်ကာကွယ်ရေး သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းကို စက်တင်ဘာ ၁၄ ရက် နံနက် ၉ နာရီ က ဂန့်ဂေါမြို့နယ် ပျားကျေးရွာ ဘုန်းတော်ကြီးကျောင်း ပုရိဝဏ်တွင် ပြုလုပ်သည်။ 


အဆိုပါ လေ့ကျင့်ခြင်းတွင် မြစ်သာမြစ်၌ မျောပါနေသူအား ရှာဖွေကယ်ဆယ်ခြင်း၊ ဆေးဝါးကုသပေးခြင်း၊ စာသင်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား ရေဘေးရှောင်စခန်းသို့ စနစ်တကျပို့ဆောင်ပေးခြင်း၊ ကျေးရွာအတွင်းမှ သက်ကြီးရွယ်အိုနှင့် ကိုယ်ဝန်ဆောင်များနှင့် ကလေးသူငယ်များအား ရှာဖွေကယ်ဆယ်ခြင်းတို့ကို သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း ပြုလုပ်ကြသည်။ 


ထို့ပြင် အသိပညာပေးဟောပြောပွဲကို ဆက်လက်ပြုလုပ်ရာ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်နိုင်က အမှာစကားပြောကြားပြီး မြစ်သာရေလှောင်တမံ ဘက်စုံစီမံကိန်း လက်ထောက်ညွှန်ကြားရေးမှူး ဦးဉာဏ်စိုး၊ ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းမော်တို့က သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဆောင်ရန်၊ ရှောင်ရန် အချက်များကို ဆွေးနွေးကြကာ မြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နုနုဆွေ နှင့်အဖွဲ့က ရေဘေးပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးကြသည်။  


အဆိုပါ သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ရာသို့ ဂန့်ဂေါခရိုင်နှင့် ဂန့်ဂေါမြို့နယ်အဆင့် သဘာဝဘေး စီမံခန့်ခွဲမှုကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်းဝင်များ၊ ကျေးရွာနေပြည်သူများ၊ ၄၀၈ ဦးတို့တက်ရောက်ကြကြောင်း ခရိုင်ပြန်/ဆက်မှ သိရသည်။

 
MDN

 

6960353