ရေအသက် တစ်မနက်… ရေကို မဖြုန်းနဲ့၊ မညစ်ညမ်းပါစေနဲ့

 

 

ဒေါက်တာမောင်ကျော်၊ ပါမောက္ခချုပ် (ငြိမ်း)

 

မြန်မာတို့ဟာ ဧရာဝတီ၊ စစ်တောင်းနဲ့ သံလွင်မြစ်ကြီးသုံးသွယ်စီးဆင်းရာ လွင်ပြင်ကျယ်ကြီးရှိတာကြောင့် မိုးရာသီမှာ ရေစတုရန်းကီလိုမီတာ ခြောက်သောင်းနဲ့ လွှမ်းခြုံနေပြီး နွေရာသီမှာသာ ရေရှားပါးမှုကို ကြုံရတတ်ပါတယ်။ မြန်မာပြည် မြို့ပြတွေမှာ စိတ်ချရတဲ့ သောက်သုံးရေဖူလုံမှုဟာ ၇၀ ရာခိုင်နှုန်းခန့်ရှိပြီး ကျေးလက်ဒေသတွေမှာတော့ ၅၀ ရာခိုင်နှုန်းရှိပါတယ်။ အခြားနိုင်ငံတွေနဲ့နှိုင်းယှဉ်ရင် မြန်မာတို့ဟာ သဘာဝရေရှားပါးမှုမရှိသေးဘူးလို့  ပြောနိုင်ပါတယ်။ အမြဲစွတ်စိုလျက်ရှိတဲ့ ဧရာဝတီ၊ စစ်တောင်းမြစ်နဲ့ အရှေ့ဘက်ခြမ်းက သံလွင်မြစ်ကြီးသုံးသွယ်တို့ဟာ မြန်မာတို့အတွက် ချမ်းသာဖို့ပါပဲ။

 

ရေဟာ ရုက္ခသတ္တလောကတို့ရဲ့ အသက်အတွက် အခြေခံအရင်းအမြစ်ဖြစ်ပါတယ်။  ကျန်းမာရေး၊ စားရေရိက္ခာနဲ့ စီးပွားရေးဖွံ့ဖြိုးမှုတို့ရဲ့ ဇာစ်မြစ်ဖြစ်ပါတယ်။ ရေအသက် တစ်မနက်ဆိုသလို ရေမရှိပါက သစ်ပင်နဲ့သစ်တော မရှိနိုင်၊ တိရစ္ဆာန်နဲ့ လူတို့ လည်း ရှိနိုင်မှာမဟုတ်ပါဘူး။ တကယ်တမ်း စဉ်းစားကြည့်ရင် သဘာဝတရားကြီးဟာ  လူသတ္တဝါ အပေါင်းရဲ့ လိုအပ်ချက်ဖြစ်တဲ့ ရေကိုလူသားတို့ အသက်ရှင်နိုင်ဖို့သာမက လူနဲ့လူ့ပတ်ဝန်းကျင်မှာ ရှိတဲ့ သက်ရှိ၊ သက်မဲ့အားလုံးအတွက် ဖြည့်ဆည်း လျက်ရှိပါတယ်။

 

ကမ္ဘာမှာ သဘာဝအလျောက် သောက်သုံးလို့ ရတဲ့ ရေပမာဏဟာ ၂ ဒသမ ၅ ရာခိုင်နှုန်းပဲရှိပါ တယ်။ ထုထည်အနေနဲ့  ၃၅ ကုဗကီလိုမီတာသန်း ဖြစ်ပါတယ်။  ဒီပမာဏဟာလည်း  နေရာတကာမှာ ရနိုင်တာမဟုတ်ဘဲ ဒီပမာဏရဲ့ ၅၀ ရာခိုင်နှုန်းကိုသာ ခုနစ်ဘီလီယံရှိတဲ့ လူထုတို့  မျှဝေသုံးစွဲနေရတာပါ။ နောင်အနှစ် ၂၀-၃၀ ကြာရင် ရေသုံးစွဲမှုပမာဏဟာ ၄၀ ရာခိုင်နှုန်းအထိ မြင့်တက်လာမယ်လို့ ခန့်မှန်းပါတယ်။  လူသတ္တဝါတွေရဲ့ သဘောသဘာဝအရ ရေကြည်ရာ မြက်နုရာဆိုသလို ရေကြွယ်ဝတဲ့နေရာဒေသတွေကို ရွှေ့ပြောင်းလုပ်ကိုင်လိုကြတဲ့ ဆန္ဒရှိပါတယ်။ ဒါကြောင့် ရေအရင်းအမြစ် ပေါကြွယ်တဲ့ဒေသတွေက သုံးစွဲနိုင်တဲ့ ရေအရင်းအမြစ် အခြေခံအဆောက်အအုံတွေဟာ ရေအခက် အခဲနဲ့ ကြုံတွေ့လာနိုင်ဖွယ်ရှိပါတယ်။

 

စိတ်ပူခဲ့ရ

 

မိုးရေချိန်နည်း၊ မိုးရွာသွန်းမှုနည်းတဲ့ အညာဒေသတွေမှာ ညောင်ပင်ကြီးတွေ၊ မန်ကျည်းပင် ကြီးတွေနဲ့ ကုက္ကိုပင်ကြီးတွေကို ငယ်စဉ်ကတွေ့ခဲ့ရပါတယ်။ မြန်မာပြည်အလယ်ပိုင်း သဲကန္တာရကြီးဖြစ်နိုင်ပုံကို ပထဝီဝင်ဆရာက သင်တော့ မူလတန်းမောင်ကျောင်းသား ကျွန်တော်ဟာ စိတ်ပူခဲ့ရပါတယ်။ ၁၉၆၀-၁၉၈၈ ခုနှစ်အတွင်း နွေရာသီ ကျောင်းပိတ်ရက်တွေမှာ မိဘရပ်ထံရထားနဲ့ ပြန်လေ့ရှိတဲ့ခေတ်ကို သတိရမိပါတယ်။ ရထားလမ်း၊ ကားလမ်းဘေး ရထားရပ်နားချိန်မှာ ကလေးငယ်လေးတွေဟာ “ရေရမယ် - ရေရမယ်” ဆိုပြီး ခေါင်းပေါ်ရေအိုးလေးတွေရွက်ပြီး ရေရောင်းတာ တွေဟာ သတိရစရာဖြစ်ခဲ့ပါတယ်။

 

“ရေရမယ်၊ ရေရမယ်” လို့ တကြော်ကြော်အော်ပြီး ရေရောင်းနေတဲ့ ကလေးငယ်လေးတွေရဲ့ ဘဝကို တစေ့တစောင်း ကြည့်မိပါတယ်။ တစ်နေ့လုပ် တစ်နေ့စားဘဝနဲ့ ကျောင်းမတက်ရရှာဘဲ မိဘတွေကို ကူညီလုပ်ကိုင် ပေးနေရသလောပေါ့။ ကလေးငယ်အချို့ဆိုရင် ကျောင်းမတက်နိုင်ဘဲ ရေရောင်းရတဲ့ကိစ္စနဲ့ ဘဝကို ရုန်းကန်ခဲ့ရပါတယ်။ pH 7 သောက်ရေသန့်ပုလင်းတွေကို စက်ရုံတွေက ထုတ်ခဲ့တာရှိပေမယ့်လည်း ဖွင့်ရခက်တဲ့ဒုက္ခနဲ့ ကြုံခဲ့ရတော့ နိုင်ငံဟာ စက်မှုထွန်းကားဖို့ လိုအပ်ကြောင်း ထင်ရှားပါတယ်။

 

၁၉၈၈ ခုနှစ်နောက်ပိုင်း တိုင်းရင်းသားလုပ်ငန်းရှင်တွေနဲ့ သောက်ရေသန့်ထုတ်တဲ့စက်ရုံတွေ ဖွံ့ဖြိုးလာလို့ ဘယ်လိုခရီးပဲသွားသွား ပလတ်စတစ်ရေပုလင်းတွေကြောင့် ခရီးသွားပြည်သူတွေ အဆင်ပြေခဲ့ပါတယ်။ ရေရမယ်လို့ တကြော်ကြော်အော်ရောင်းတဲ့ ကလေးငယ်တွေလည်း ရပ်ထားတဲ့ ရထားဘေးက ပျောက်ကွယ်သွားကာ ကျောင်းနေဖို့ ဖြစ်လာတော့ တိုးတက်မှုကြီးဖြစ်ခဲ့ပါတယ်။

 

မြန်မာတို့ဟာ ကံကောင်းလျက်ရှိနေပါသေးတယ်။ ကမ္ဘာ့ရေရှားပါးမှုနဲ့ ကြုံတွေ့နေရတဲ့ နိုင်ငံ ပေါင်း ၂၅ နိုင်ငံရှိတဲ့အနက် ၁၉ နိုင်ငံဟာ အာဖရိကတိုက်မှာ ရှိနေပါတယ်။ ရေနဲ့ဆက်နွှယ်တဲ့ ရောဂါပိုးမွှားကြောင့် အာဖရိကန်အများအပြားရဲ့ သေနှုန်းဟာ အမြင့်မားဆုံးဖြစ်တယ်လို့ ဆိုတယ်။ အိန္ဒိယနဲ့ အာဖရိကနိုင်ငံတွေမှာ မိသားစုအတွင်း ကလေးမိန်းကလေးတစ်ဦးဟာ နေ့စဉ် ရေကောင်း ရေသန့်ရရှိဖို့ ၂ - ၃ မိုင် (၄-၇ ကီလိုမီတာ) ခန့် သွားရောက်ပြီး ရေခပ်ရတဲ့ အလုပ်ကိုလုပ်နေရပါတယ်။ ဒီရေပြဿနာဟာ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်လေးတွေအပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်နေပါတယ်။ ဒီပြဿနာဟာ ပညာမသင်နိုင်၊ ရောဂါထူပြောပြီး ဆင်းရဲတွင်းက ရုန်းမထွက်နိုင်တဲ့ သံသရာတစ်မျိုးပါပဲ။

 

mdn

 

၂၀၅၀ ပြည့်နှစ်မှာဆိုရင် ကမ္ဘာ့လူဦးရေဟာ ၁၀ ဘီလီယံကျော်မယ်လို့ ကုလသမဂ္ဂ လူဦးရေနဲ့ ရန်ပုံငွေအေဂျင်စီက ခန့်မှန်းပါတယ်။ “ကမ္ဘာ့ လူဦးရေဟာ ၂ ဒသမ ၅ ဘီလီယံဆိုရင် သက်သောင့် သက်သာနဲ့ အတော်ပဲ” လို့ Dr Yuan T Lee က ပြောခဲ့ပါတယ်။ လူဦးရေ အလွန်အမင်းတိုးပွားမှုဟာ အစားအစာ၊ ရေကောင်းရေသန့်နဲ့ လျှပ်စစ်ဓာတ်အားတွေ ပိုလိုအပ်မယ်ဆိုတာ ထင်ရှားပါတယ်။ နောင်အနှစ် ၂၀ ကျော်လာရင် အာဟာရ ပြည့်ဝတဲ့အစားအစာ၊ ရေနဲ့စွမ်းအင်တွေ ပိုလိုအပ်မယ်။ လက်ရှိအခြေအနေမှာ ကမ္ဘာ့လူထု တစ်ဘီလီယံဟာ ဆာလောင်ငတ်မွတ်နေပါတယ်။ သုံးပုံနှစ်ပုံသော အဲဒီလူထုဟာ ကျွန်တော်တို့ အာရှတိုက်နဲ့ ပစိဖိတ်ဒေသမှာ ရှိနေပါတယ်။ ၁ ဒသမ ၄ ဘီလီယံ လူထုဟာ ရေကောင်းရေသန့်နဲ့ အလှမ်းဝေးလျက်ရှိပါတယ်။ အဲဒီစာရင်းထဲမှာ ကျွန်တော်တို့ မြန်မာတွေမပါဘူးလို့ မပြောနိုင်ပါဘူး။

 

mdn

 

နိုင်ငံတကာ စံချိန်စံညွှန်းကတော့ စိုက်ပျိုးရေးအတွက် ရေလိုအပ်ချက် ရေအရင်းအမြစ် လိုအပ်ချက် ၆၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းအထိ ရှိတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာတော့ ၈-၁၀ ရာခိုင်နှုန်းရှိတဲ့ ရေကိုသာ ရေသွင်းဆည်မြောင်းတွေ က စိုက်ပျိုးရေးအတွက် သုံးနေပါသေးတယ်လို့ ဆိုပါတယ်။ မြန်မာတို့ရဲ့ ရေအရင်းအမြစ်ဟာ စက်မှုနဲ့ စိုက်ပျိုးရေးအတွက် ဖူလုံနေတယ်လို့ အဓိပ္ပာယ်ပေါ်ပါတယ်။

 

သိပ္ပံသဘော၊ ဓာတုဇီဝသဘော နားလည်တာ ဖြစ်စေ၊ နားမလည်တာဖြစ်စေ လူနဲ့သတ္တဝါ အပေါင်းဟာ ရေကို သောက်သုံးရမယ်၊ လွန်စွာအရေးကြီးတယ်၊ ရေမရှိရင် မဖြစ်ဘူးဆိုတာသိကြပါတယ်။ မိုးလေးတဖွဲ့ဖွဲကျရင် တောင်သူလယ်သမားတွေဟာ လယ်တောဆင်းဖို့ ပျော်ရွှင်နေကြတာကို တွေ့ရပါတယ်။ စွတ်စိုနေတဲ့ လယ်ယာ၊ ဗွက်ထနေတဲ့ လယ်ခင်းမှာ ပျိုးကြဲ၊ ပျိုးချ၊ ပျိုးစိုက်ရိတ်သိမ်း၊ စပါးလှေ့တဲ့ တောင်သူလယ်လုပ် ဓားမခုတ်ဟာ၊ “သမာအာဇီဝ” မှန်စွာသော အသက်မွေးဝမ်းကျောင်း လုပ်ငန်းဖြစ်လို့ မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ် သူတွေနဲ့မတူပေဘူး။ မြန်မာ့တောင်သူလယ်သမားတွေဟာ ရေနဲ့ မြေကို “မတည်” ဝီရိယနဲ့ဉာဏ်ကို ရင်းနှီးပြီး ဘုရားကျောင်းကန်သွား၊ သီတင်းသီလ စောင့်ကြသူတွေဖြစ်တယ်။

 

ရာသီဥတု မိုးလေမှန်ရင် တစ်နှစ်လောက် နားနေလို့ရတဲ့ သူဌေးလေးတွေဖြစ်ပါတယ်။ နည်းပညာနဲ့ စက်မှုလယ်ယာ ပေါင်းလိုက်ရင်၊ မွေးမြူရေးပါထည့်လိုက်ရင် အမေရိကန်၊ ဂျပန်နဲ့ ထိုင်းက လယ်သမားသူဌေးကြီးတွေလို ဖြစ်လာပါ လိမ့်မယ်လို့ပြောချင်ပါတယ်။ ရေနည်းနည်းနဲ့ အထွက်တိုးအောင်၊ အချိန်တိုတိုနဲ့ သီးထွက်ကောင်းအောင်၊ ပိုးမွှားဒဏ် ခံနိုင်တဲ့ သီးနှံပင်တွေ အလျှံပယ်ထွက်ပေါ်လာပါလိမ့်မယ်။

 

မြေအောက်ရေနည်းပါးခြင်း၊ မိုးခေါင်လာခြင်း

 

တောလမ်းတစ်လျှောက် ကျွဲ၊ နွားတွေသောက် တဲ့ရေကန်တွေဟာ ယခင်ကလို မဟုတ်၊ ခန်းခြောက် စပြုလာကြပြီး ညောင်ပင်အိုတို့မှ အရွက်တွေဟာ လည်း ကျွဲ၊ နွားစာအဖြစ် ရောက်လောက်အောင် အစာရေစာရှားပါးလာရတာဟာ ရေရှားပါး မိုးခေါင်လာလို့ပါပဲ။ အပူပိုင်းဒေသခံပြည်သူတို့ဟာ ရွှေကိုမလို ရေကိုသာ တမ်းတကြပါတယ်။ စက်မှု စက်ရုံတွေကလည်း မထွန်းကားလေတော့ ရေထု ညစ်ညမ်းဖို့ဆိုတာ ပြောပလောက်တဲ့အဆင့်မရှိသေး ပါဘူး။ ဈေးသွား ဈေးပြန်တွေ သောက်သုံးဖို့ ဇရပ် တွေမှာရှိခဲ့တဲ့ ရေအိုးစင်တွေလည်း ကွယ်ပျောက် သွားလေပြီ။ ရေအကျိုးဆယ်ပါး မတောင်းဘဲနဲ့ ပြည့်ဆိုတဲ့အတိုင်း၊ ရေလှူရှင်တွေရှိနေပေမယ့် အနီးတစ်ဝိုက်မှာ ရေတွေရှားလောက်အောင် မိုးခေါင်တာ၊ မြေအောက်ရေနည်းပါးတာတို့ဟာ အကြောင်းတရားပဲဖြစ်နေပါတယ်။

mdn

 

မြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံတို့ဟာ ဆင်းရဲတွင်းက ရုန်းထွက်နိုင်ဖို့ ယနေ့အချိန်အခါမှာ ကျေးလက်တွေမှာ ဆည်ရေရရှိရေးကို အကြီးအကျယ်အားထုတ် ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ မြန်မာတို့အတွက် မြစ်ကြီးသုံးသွယ်နဲ့ ဧရာဝတီမြစ်ရေတင် စီမံကိန်းတွေဟာ ယနေ့အချိန်အခါအထိ အားရ စရာကောင်းနေပါတယ်။ ရေကောင်းရေသန့်နဲ့ အလှမ်းမီလာပါတယ်။ လွန်ခဲ့တဲ့ နှစ် ၃၀ လောက် ကဆိုရင် ကားလမ်းကြီးတွေရဲ့ ဝဲယာမှာ ရေသွား ရေလာကို ထိန်းနိုင်အောင်၊ မြောင်းကြီးချောင်းကြီး တွေ တူးဖော်ခဲ့တာကိုကြည့်ရင် မြေအောက်ရေရဖို့ ဖြစ်ခဲ့ပါတယ်။ ဆည်မြောင်းတာတမံတွေဟာ ရေထိန်းဖို့၊ ရေတင်ဖို့ဖြစ်ပါတယ်။ သောက်သုံးရေနဲ့ စိုက်ပျိုးရေဟာ နေရာအနှံ့နီးပါး ရနေသေးတဲ့ အနေအထားဖြစ်တာကိုတွေ့ရပါတယ်။

 

မြန်မာတို့ဟာ မဝေးလှသေးတဲ့ကာလက ရေတွင်းရေကန်တွေ၊ ဆည်တွေ၊ မြောင်းတွေ၊အကြီး အကျယ်တည်ထောင်ကာ ဒီဇယ်သုံးပြီး ရေသွင်း နွေ၊ မိုး ၊ ဆောင်း စိုက်ပျိုးခဲ့လို့ တောင်သူလယ်သမား တွေ ချောင်လည်ခဲ့ပါတယ်။ ၁၉၉၄ ခုနှစ်ကနေ ၂၀၀၅ ခုနှစ်အတွင်း မြန်မာနိုင်ငံ အပူပိုင်း ကိုးခရိုင် စိမ်းလန်းစိုပြည်ရေးစီမံကိန်းရေးဆွဲကာ အကောင် အထည်ဖော်ခဲ့လို့ မြန်မာနိုင်ငံအလယ်ပိုင်းဟာ ပူပြင်းတဲ့ရာသီဥတုက သက်သာရာရခဲ့ပါတယ်။ ရေလိုအပ်ချက်တွေ ပြည့်ခဲ့ပါတယ်။

 

၁၉၉၉ ခုနှစ်ကနေ ၂၀၀၅ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ဒီဇယ်၊ ဓာတ်ဆီနဲ့စက်တွေမောင်း၊ မြစ်ရေ တင်စီမံကိန်းနဲ့ နွေစပါးစိုက်ပျိုးရေးကို အကြီး အကျယ်ဆောင်ရွက်ခဲ့ရာ ဆန်ရေစပါး ပြည့်စုံခဲ့ပါ တယ်။ နွေ၊ မိုး၊ ဆောင်းစိုက်ပျိုးလို့ရတဲ့ နေရာတွေမှာ ရေသွင်းစိုက်ပျိုးလိုက်ပါ၊ သူဌေးကြီးမဖြစ်ရင်တောင် စပါးတောင်လိုပုံ၊ ဈေးကောင်းတွေရကြဦးမှာဖြစ်ပါ တယ်။ စက်မှုထွန်းကားတဲ့ နိုင်ငံတွေမှာ လူတစ်ဦး ချင်း တစ်နေ့ရေသုံးစွဲမှုဟာ လီတာ ၅၀၀ ကနေ ၈၀၀ အတွင်းရှိပြီး ဖွံ့ဖြိုးဆဲနိုင်ငံမှာတော့ လီတာ ၆၀ ကနေ ၁၅၀ အတွင်းပဲ သုံးစွဲကြပါတယ်။

 

လူဦးရေအထူပြောဆုံး တိုကျို

 

ကမ္ဘာမှာ လူဦးရေအထူပြောဆုံး တိုကျိုမြို့၊ မြန်မာမှာ ရန်ကုန်မြို့ကြီးတွေရဲ့ ရေသုံးစွဲမှုကို စဉ်းစားကြည့်ဖူးပါတယ်။ ရေလုံလောက်အောင် ဘယ်လိုဖြန့်ဖြူးရမလဲဆိုတာ မြို့တော်စည်ပင်နဲ့ ရေအရင်းအမြစ်ဦးစီးဌာနက တာဝန်ရှိပုဂ္ဂိုလ်ကြီး တွေပဲ အသိဆုံးဖြစ်မယ်။ နိစ္စဓူဝကိစ္စနဲ့ ရုန်းကန် လှုပ်ရှားရသူတွေဟာ ထန်းလျက်က ထန်းပင်ပေါ်က ရတယ်လို့ထင်၊ ရေဟာ စည်ပင်သာယာကပဲ ပေးတယ်။ မြူနီစီပယ်ရေလို့ပဲ သိကြမယ်ထင်ပါတယ်။ ဒါကြောင့် ကျေးလက်ဒေသမှာ ရေဖောဖော သီသီသုံးရာက ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေ ရောက်တော့ ရေဟာရှားပါးလာကြောင်း တစ်စ တစ်စ သိလာပါလိမ့်မယ်။ စင်ကာပူရောက်ကြရင်ဖြင့် ရေကိုချွေတာရကြောင်း အိမ်သာအိုးပေါ်ထိုင်ကြည့်မှ သိလိမ့်မယ်လို့ ပြောသံကြားဖူးပါတယ်။

 

လူသာပဓာန

 

လူသာပဓာနပါပဲ။ အတ္တ၊ ပရမျှမျှတတနဲ့ ရေကို ချွေတာသုံးစွဲဖို့ပါပဲ။ ရေကို ချွေတာသုံးစွဲရေးဟာ အခြားသောနိုင်ငံတွေမှာ (ဥပမာ၊ စင်ကာပူ၊ ဩစတြေးလျနိုင်ငံတွေရောက်ရင်) ထမင်းစား ရေသောက်လုပ်သလို ရေကို ချွေတာရေး မေးမြန်း နေစရာ၊ ရှင်းပြနေစရာမလိုလောက်ဘူး။ ရေဖူလုံတဲ့ မြန်မာတို့အတွက် အနာဂတ်မှာ ရေပြဿနာ အကြီးအကျယ် ပေါ်လာခဲ့ရင် မိုးရေကို ဘယ်လိုထိန်း၊ မြစ်ချောင်းကရေကို ဘယ်လိုစုစည်း၊ မြစ်ရေကို ဘယ်လိုနေရာမျိုးမှာတင်ပြီး ဝမ်းစာဖူလုံရေး သာမက ကောက်ပဲသီးနှံမျိုးစုံစိုက်ရုံနဲ့ ချမ်းသာတဲ့ လူမျိုး၊ ကျန်းမာတဲ့လူမျိုး ဖြစ်နိုင်ပါတယ်။

 

ဂျပန်ဟာ စက်မှုအလွန် ထွန်းကားတဲ့နိုင်ငံဖြစ်နေတာတောင် ထူးခြားချက်တစ်ခုက လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လက်မလွှတ်ဘဲ ထိန်းထားတာဟာ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးရဲ့ အကြောင်းရင်းပဲလို့ ထင်မြင်စရာရှိပါတယ်။ လယ်ယာစိုက်ပျိုးရေးဟာ ကုန်ကျစရိတ်မြင့်မားတဲ့ လုပ်ငန်းဖြစ်တယ်။ အမေရိကန်နဲ့ ထိုင်းနိုင်ငံက ဆန်ကို ဈေးသက်သက်သာသာနဲ့ ဝယ်စားနိုင်ပေမယ့် သွင်းကုန်အဖြစ်လက်မခံဘူး။

 

ဘာကြောင့်ပါလဲ

 

ဂျပန်ဟာ စစ်ရေးအရ ကိုယ့်အားကိုယ်ကိုးနိုင်ရမယ့် သဘောလည်းပါမယ်။ မိရိုးဖလာသဘောမျိုး လုပ်နေတာလည်း မဖြစ်နိုင်လောက်ဘူး။ပညာခေတ် ပညာပါတဲ့၊ စိုက်ပျိုးရေးပညာကို အခြေပြုတဲ့ လူမှုစီးပွားဘဝ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးကို လှမ်းတာပဲဖြစ်မယ်။ ၂၀၅၀ ပြည့်နှစ်တွေမှာ ဂျပန် နိုင်ငံရဲ့ လယ်ယာခွင်လုပ်ငန်းတွေဟာ ပိုပြီး အလား အလာကောင်းတဲ့ အခြေခံအုတ်မြစ်တွေဖြစ်လာပါမယ်။ ဂျပန်လယ်သမားတွေဟာ ဒီအတွက် တာစူနေပုံရပါတယ်။ နည်းပညာအခြေခံတဲ့ စိုက်ပျိုးရေး (Knowledge based Agriculture)ကို ပိုပိုပြီး လှမ်းနေတယ်လို့ ခန့်မှန်းရပါတယ်။

မြန်မာနိုင်ငံ ကျေးလက်နေလူထုဟာ ရေကိုခြိုးခြံချွေတာရလောက်အောင် အခက်အခဲမရှိလောက်၊ ရေထုမညစ်ညမ်းဖို့ ဂရုစိုက်ရပေမယ်။ မြို့နေလူတန်းစားတွေကတော့ ရေကိုချွေတာရလိမ့်မယ်။ ရေပုပ်၊ ရေညစ်မဖြစ်ရအောင် အဝတ်လျှော် ဆပ်ပြာ၊ အိုးခွက်ပန်းကန်ဆေးရေကို ကြုံသလို ကိုယ်အဆင်ပြေရင် ပြီးရောဆိုတဲ့သဘောကိုရှောင်ရလိမ့်မယ်။ ရေကို ငွေကြေးပေးပြီး တစ်ကိုယ်တော် ဖောဖောသီသီသုံးဖို့မသင့်၊ မျှဝေသုံးနိုင်ဖို့ ရေကိုချွေတာရလိမ့်မယ်။ စက်ရုံထွက် ရေညစ်ရေဆိုးတွေကို စနစ်တကျ စွန့်ကြရပေလိမ့်မယ်။ ရေကိုဘယ်လိုခြိုးခြံချွေတာ သုံးရမယ်ဆိုတာကို အခြေခံ ပညာအဆင့် သင်ခန်းစာမှာ သင်ထားတဲ့အတိုင်း ဆောင်ရွက်ဖို့နဲ့ စက်ရုံ အလုပ်ရုံ မော်တော်ကား ဝပ်ရှော့တွေမှာ ရေနဲ့လျှပ်စစ်သုံးစွဲတာ၊ ခြိုးခြံချွေတာ တာတို့အတွက် ဥပဒေတွေရှိပြီးဖြစ်ပါတယ်၊ ကိုယ်တိုင်လိုက်နာဖို့ပဲ။

 

ဒါတွေသိရင် ရေကိုချွေတာသုံးစွဲရမယ်ဆိုတာ သဘောပေါက်လာပါလိမ့်မယ်။ စည်ပင်သာယာရေးအတွက် တာဝန်ရှိသူတွေဟာ လိုရင်လိုသလို ကြပ်မတ်ပေးလိုက်ရင် အားလုံးအဆင်ပြေလာပါလိမ့်မယ်။

ကောင်းပါပြီ.. ဒီဆောင်းပါးကို ဒီလို နိဂုံးချုပ် ချင်ပါတယ်။

           
အခြေခံကျကျ လုပ်ရမယ့်ကိစ္စက လျှပ်စစ် ဓာတ်ခြိုးခြံချွေတာသုံးစွဲဖို့က ပထမ လုပ်ငန်းစဉ်ပဲဖြစ်ပါတယ်။ ဒုတိယ လုပ်ငန်းစဉ်က ရေကို ခြိုးခြံချွေတာ သုံးစွဲ ဖို့နဲ့ လျှော့ပြန်လည်သုံးနဲ့ အလီလီသုံးနိုင် တယ်ဆိုတဲ့စနစ်ကို ကျင်းသုံးနိုင်တဲ့ ရေပဲ ဖြစ်ပါတယ်။


“ရေမကြွယ် ထင်းမကြွယ်” ဆိုတဲ့အတိုင်း ရေနဲ့ လျှပ်စစ်ဓာတ်ကို ခြိုးခြံချွေတာ ထုတ်လုပ်သုံးစွဲဖို့ပါပဲ။ ချွေတာစုဆောင်း သူဌေးလောင်းဆိုတာယုံပါ။ ချွေတာ စုဆောင်းလိုက်ရင် ငွေကြေးမဆင်းရဲနိုင်ပါဘူးလို့လည်း ဆိုချင်ပါတယ်။ ရေမြေတောတောင်သယံဇာတ၊ မြေပေါ် မြေအောက်သယံဇာတတွေ ပေါကြွယ်ဝနေတာမို့ ချမ်းသာနိုင်တယ်။ ပညာနဲ့ အတတ်ပညာ အမြော် အမြင်ကြီးရင် ပိုပြီးချမ်းသာလိမ့်မယ်။ သယံဇာတ များများမရှိပေမယ့်လည်း အတတ်ပညာ၊နည်းပညာ ပါတဲ့ လူ့အဖွဲ့အစည်းဟာလည်း ချမ်းသာနိုင်တယ်ဆိုတာ ကမ္ဘာကိုကြည့်ရင် မြင်တွေ့နိုင်ပါတယ်။ ရံဖန်ရံခါဆိုသလို ဥတုရာသီဖောက်ပြန်မှု၊ အမျိုးမျိုးသော ဖောက်ပြန်မှုကြောင့် ရှိတဲ့သယံဇာတဟာ လည်း သုံးမရ၊ ပညာမဲ့ နည်းပညာမဲ့ရင် ဆင်းရဲတွင်း မှာနေဖို့ပဲ ကျန်ပါတော့တယ်။

 

မြန်မာနိုင်ငံရဲ့ မြစ်ချောင်းအင်းအိုင်တွေ၊ တောင်ကျရေတွေကို ပိတ်ဆို့တားဆီးပြီး ရေကို အကျိုးရှိရှိ ရေအားလျှပ်စစ် ထုတ်မယ်ဆိုရင် မြန်မာဟာ နှစ်အနည်းငယ်အတွင်းမှာ ချမ်းသာမှာ ဖြစ်ပါတယ်။ ဖွံ့ဖြိုးတိုးတက်မှုဟာလည်း မှန်မှန် ကန်ကန်ဖြစ်လာမယ်လို့ ပြောနိုင်ပါတယ်။ ကျွန်တော်တို့ဟာ ဧရာဝတီမြစ်ကြောင်း အရေးကြီးပုံအပါအဝင် ဧရာဝတီမြစ်ရေဟာ တန်ဖိုးကြီးပုံသိနေပါတယ်။ နည်းပညာမြင့်မားရင်၊ မြစ်ကြီးသုံးသွယ်ကို အကြောင်းပြုရင် ရေကြောင်းသွားလာရေးတွေ ဖော်ဆောင်နိုင်ပါတယ်။ ရေအားလျှပ်စစ်ထုတ်ရင် အမှောင်ထုကို ခွင်းနိုင်ပါလိမ့်မယ်။ သုတေသန ရလဒ်တွေကို ပိုင်ပိုင်နိုင်နိုင် ယုံယုံကြည်ကြည် သုံးတတ်ဖို့ပဲလိုပါတယ်။

 

မိမိတို့နေထိုင်ရာ ကမ္ဘာဂြိုဟ်မှာ ရေတွေရှိနေပြီး ရှိနေတဲ့ရေကို အရှိပကတိအတိုင်း ထိန်းသိမ်းနိုင်ဖို့ ခြို့ခြံချွေတာဖို့၊ မညစ်ညမ်းစေဖို့၊ ရေနဲ့ မကင်းသူမှန်သမျှ အသိတရားထားကာ ရေကို သုံးစွဲ ကြဖို့ဖြစ်ကြောင်း၊ ‘နွေရောက်ပြီလေ … ရိုးတံ ကျဲကျဲ …’ ဆိုတော့ လွမ်းစရာ ပန်းချီကားဟု မဆိုလို၊ လျှပ်စစ်နဲ့ ရေကို ချွေတာဖို့ဖြစ်ပါတယ်။ “နွေ...နွေ...နွေမ၊ နွေ…နွေ…နွေမ” ဆိုပြီး သင်္ကြန်ရေ ပက်ဖျန်းကြတာ ရိုးရာအစဉ်အလာ အတာကာလမို့ တစ်ဦးကို တစ်ဦး အေးမြစေကြောင်း ရေနဲ့ ပက်ဖျန်းပျော်မြူးကြတာပဲ။ ရေကို မချွေတာတဲ့ သဘောမဆောင်၊ ရေကို အကျိုးရှိရှိ သုံးခြင်းပဲလို့ မြင်ရပါမယ်။

 

မြန်မာတို့ရဲ့ ရေကို ညစ်ညမ်းစေမယ့် အိမ်တွင်း သုံး ရေစွန့်ပစ်မှု ၅၀ ရာခိုင်နှုန်း၊ ပိုးသတ်ဆေး ကြောင့် ရှစ်ရာခိုင်နှုန်း၊ အဝတ်လျှော်ဆပ်ပြာကြောင့် ဖော့စပိတ်မြင့်မားမှု ၁၂ ရာခိုင်နှုန်း၊ ရေတိုက်စား မှုကြောင့် ရေထုညစ်ညမ်းမှု ၂၅ ရာခိုင်နှုန်း ထိရှိနိုင်တာမို့ ဆင်ခြင်တတ်ဖို့ အသိပညာတွေကို တောရော မြို့ပါမကျန် တတ်အောင်သင် လေ့ကျင့် ကြဖို့ “ရေကို မဖြုန်းနဲ့ မညစ်ညမ်းစေနဲ့” ဆောင်ပုဒ် ကို လက်ကိုင်ထားရမှာဖြစ်ပါတယ်။ မတ်လ ၂၂ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ “ကမ္ဘာ့ရေနေ့” ကို ပညာ အမြော်အမြင်၊ နည်းပညာအမြော်အမြင်နဲ့သာ အလှဆင်နိုင်လိမ့်မယ်လို့ ဆိုချင်ပါကြောင်း။ ။