ရေအောက်မီးတောင်ပေါက်ကွဲမှုကြောင့် ပီရူးနိုင်ငံ၌ ဆူနာမီဖြစ်ပေါ်

လီမာ ဇန်နဝါရီ ၁၇

 

တွန်ဂါနိုင်ငံအနီးရှိ ရေအောက်မီးတောင်ပေါက်ကွဲမှုကြီးကြောင့် ဆူနာမီဖြစ်ပေါ်ခဲ့ပြီး ယင်းနေရာမှ ကီလိုမီတာ ၁၀၀၀၀ အကွာရှိ ပီရူးနိုင်ငံ ကမ်းရိုးတန်းတွင်လည်း ဆူနာမီပေါ်ပေါက်ခဲ့သည်ဟု သိရသည်။

 

ပီရူးနိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းမြို့အတွင်းသို့ ပင်လယ်ရေများ ဝင်ရောက်လာသည့် မြင်ကွင်းကို ကောင်းကင်မှ ရိုက်ကူးထားသည့် ဓာတ်ပုံများမှတစ်ဆင့် တွေ့မြင်ရသည်။

 

ဆူနာမီကြောင့် မြို့အတွင်း ရေဝင်မှုမှာ ဒူးအထက်အထိရှိကြောင်း  သိရသည်။ လူအချို့မှာ ရေစီးနောက် မျောပါသွားခြင်း မရှိရန် တိုင်များတွင် ဖက်တွယ်ထားရသည်။

 

လှေများ ကမ်းပေါ်မျောပါသွားသည်ကိုလည်း ဗီဒီယိုဖိုင်တွင် တွေ့မြင်နေရသည်။ အမေရိကန်ပစိဖိတ် ဆူနာမီသတိပေးမှု စင်တာ၏ ပြောကြားချက်အရ ပီရူးနိုင်ငံတွင် ဝင်ရောက်ခဲ့သည့် ဆူနာမီမှာ ၈၀ စင်တီမီတာ မြင့်မားသည်ဟု သိရသည်။

 

ရေအောက်မီးတောင်ပေါက်ကွဲမှုအပြီးတွင် တွန်ဂါနိုင်ငံ၌ ပျက်စီးဆုံးရှုံးမှုများမှာ မသိရသေးဟု မီဒီယာများတွင် ဖော်ပြကြသည်။ တွန်ဂါနိုင်ငံနှင့် အင်တာနက်အဆက်အသွယ်မှာလည်း ပြတ်တောက်နေသည်။

 

နိုင်ငံမြို့တော် နူကူလိုဖာမြောက်ပိုင်း ၆၅ ကီလိုမီတာအကွာရှိ ရေအောက်မီးတောင်မှာ ဇန်နဝါရီ ၁၅ ရက် မွန်းလွဲပိုင်းက ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။ တစ်နိုင်ငံလုံးအနှံ့ ဆူနာမီလှိုင်းဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသဌာနက သတိပေးချက် ထုတ်ပြန်ထားသည်။ ။

 

အင်န်အိတ်ချ်ကေ