ရောဂါကာလ သဘာဝဘေးအန္တရာယ်သတိပြု

မေ ၂

 

မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားနေသောကာလတွင် ထပ်မံ သတိပြုရမည့် ဘေးအန္တရာယ်များကို အသိပေးထားသည်။ ပထမသတိပေးမှုမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသော ကာလတွင် အသွင်ပြောင်းလှုပ်ရှားလာသော ဒုစရိုက်မှု အန္တရာယ်များ ဖြစ်သည်။ လက်ရှိ သတိပြုရမည်မှာ ရောဂါဖြစ်ပွားနေစဉ်ကာလ ထပ်မံကြုံတွေ့နိုင်သည့် မုန်တိုင်းအန္တရာယ် ဖြစ်သည်။

 

မြန်မာနိုင်ငံတွင် မိုးဦးကာလနှင့် မိုးနှောင်းကာလတို့သည် မုန်တိုင်းအဖြစ်များသော ကာလများဖြစ်သည်။ ယခု ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားနေချိန်တွင် ရာသီအလိုက်ဖြစ်ပွားတတ်သည့် သဘာဝ ဘေးအန္တရာယ်အတွက်လည်း ကြိုတင်ပြင်ဆင်မှုများကို ပိုမိုသတိပြု ဆောင်ရွက်ရန် လိုအပ်လာပါသည်။ ယခုအခါ မြန်မာနိုင်ငံတစ်ဝန်းတွင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးရွာသွန်းခြင်းတို့ ဖြစ်ပွားနေသည်။ ထိုသဘာဝဘေးနှင့် ရာသီဥတု အပြောင်းအလဲကြောင့် ဖြစ်ပေါ်လာတတ်သည့် ရာသီတုပ်ကွေး ရောဂါများကိုအထူး သတိထားဖို့ လိုမည်ဖြစ်သည်။

 

ရောဂါဘေးနှင့်ပတ်သက်၍ အဓိကဦးဆောင် လှုပ်ရှားလုပ်ကိုင် ဆောင်ရွက်နေသည်မှာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနဖြစ်ပြီး သဘာဝဘေးနှင့်ပတ်သက်၍ အဓိကဦးဆောင်လုပ်ကိုင်နေသည်မှာ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဖြစ်သည်။ ယင်းဝန်ကြီးဌာနက ရောဂါဖြစ်ပွားနေစဉ် ကာလ၌ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ စီမံဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ အစီအမံများကိုလည်း ပေါင်းစပ်ထည့်သွင်းပြီး ကြိုတင်စီစဉ်ဆောင်ရွက်နေသည်။

 

သဘာဝဘေးအန္တရာယ်သည် မြန်မာနိုင်ငံတွင် နှစ်စဉ်ကြုံတွေ့လျက်ရှိပြီး ပြည်သူများအနေဖြင့် အတွေ့အကြုံ ရှိကြပြီးသားဖြစ်သည်။ ယခုကဲ့သို့ မုန်တိုင်းဖြစ်ပေါ်လာနိုင်သည့် ရာသီကာလတွင် အဆက်မပြတ် ထုတ်ပြန်လျက်ရှိသော ကူးစက်ရောဂါဆိုင်ရာ လိုက်နာရမည့် ညွှန်ကြားချက်များကို မုန်တိုင်းလာစဉ် ပစ်ပယ်မထားဘဲ ဆက်လက်လိုက်နာ ဆောင်ရွက်ရန် လိုအပ်ပါသည်။ ထုတ်ပြန်နေသော မုန်တိုင်းသတင်းများကို စဉ်ဆက်မပြတ် နားထောင်၍ မိမိပတ်ဝန်းကျင်သို့လည်း အသိပေးနှိုးဆော်ရန်လိုပါသည်။

 

မိမိတို့နေအိမ်ခိုင်ခံ့မှု၊ မိမိတို့နေအိမ်ကို ထိခိုက်မှုရှိနိုင်သော အရာများကို သတိပြုဖို့လိုပါသည်။ ရောဂါကြောင့် မိမိတို့နေအိမ်တွင် နေထိုင်ရစဉ် နေအိမ်ကြံ့ခိုင်ရေးကို ပြင်ဆင်ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။ အရေးပေါ် ရွှေ့ပြောင်းနေထိုင်ရေးနှင့် ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ ကို စုဆောင်းထားရန် လိုအပ်ပါသည်။ ဒေသဆိုင်ရာ အဖွဲ့အစည်းများ၏ စီမံဆောင်ရွက်ပေးမှုများကို လိုက်ပါဆောင်ရွက်ကြဖို့လိုပါသည်။ ကမ်းရိုးတန်းဒေသများတွင် မုန်တိုင်းဒီရေကို သတိပြုရန်လိုပြီး ကုန်းတွင်းပိုင်းဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းရာမှ လျှပ်တစ်ပြက်ရေကြီးမှုများ ဖြစ်ပေါ်နိုင်သည်ကို သတိပြုရမည် ဖြစ်သည်။ ။

 

ကမ်းရိုးတန်းနှင့် မြစ်ချောင်းများတွင် အသက်ကယ်ပစ္စည်းများနှင့် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် သောက်ရေများကို အတတ်နိုင်ဆုံး စုဆောင်းထားရန် လိုအပ်ပါသည်။ မိသားစုများ ကွဲပြားသွားပါက ပြန်လည်ဆုံတွေ့နိုင်မည့် ကြိုတင်သတ်မှတ်ထားသည့် နေရာများကို မိသားစုများအား အသိပေးထားရန် လိုအပ်ပါသည်။ လေပြင်းတိုက်ခတ်စဉ်၊ မိုးရွာသွန်းစဉ်၊ လျှပ်စီးလက်စဉ်နှင့် မိုးခြိမ်းမှု ဖြစ်ပွားနေစဉ် လက်ကိုင်ဖုန်းများကို အသုံးမပြုမိစေရန်လည်း လိုအပ်ပါသည်။

 

မုန်တိုင်းသတင်းနှင့်ပတ်သက်၍ ကောလာဟလ သတင်းများကို မယုံစားကြရန်နှင့် တရားဝင်အသိပေး ထုတ်ပြန်ချက်များကိုသာ သိရှိမှတ်သား လိုက်နာကြရန်လိုအပ်ပါသည်။ ယခုမိုးလေဝသဖြစ်စဉ်သည် အစပျိုး အချိန်ယူနေသည်ကို တွေ့ရမည်ဖြစ်သည်။ လက်ရှိတွင် မိုးရွာသွန်းမှု၊ လေပြင်း တိုက်ခတ်မှု ဖြစ်စဉ်များသာ ဖြစ်ပေါ်နေပြီး မေလ ၁ ရက်နေ့မှသာ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်ခြေရှိသည်။ ထိုလေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာပြီး နောက်သုံးရက်မြောက်နေ့တွင် မုန်တိုင်းငယ် ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက တရားဝင်အသိပေးထားသည်။

 

မုန်တိုင်းသည် မြန်မာနိုင်ငံဘက်သို့ ဦးလှည့်ရန် အလားအလာများရှိသည်ဟု ခန့်မှန်းထားပြီး လေဖိအားနည်းရပ်ဝန်း အရှိန်ယူမှုကာလ အနည်းအများအလျောက် မုန်တိုင်းပြင်းအား အနည်းအများ ဖြစ်နိုင်ခြေရှိသည်။ ယခုအခါ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက လေဖိအားနည်း ရပ်ဝန်း စတင်ဖြစ်ပေါ်ချိန်မှ ကမ်းခြေသို့ ဝင်ရောက်နိုင်မည့်အချိန်အထိ ဖြစ်ပေါ်လာနိုင်သည့် အလားအလာများကို ၂၄ နာရီ စဉ်ဆက်မပြတ် စောင့်ကြည့် သတင်းထုတ်ပြန်ပေးလျက်ရှိပြီး ထိုသတင်းအချက်အလက်များနှင့်အညီ သက်ဆိုင်ရာတို့၏ အသိပေး နှိုးဆော်ချက်များအတိုင်း လိုက်နာဆောင်ရွက်ကြဖို့ လိုမည်ဖြစ်သည်။

 

သို့ဖြစ်ရာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေချိန်တွင် ပြည်သူများအနေဖြင့် ရောဂါဘေးအန္တရာယ်များကို လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းများနှင့်အတူ မုန်တိုင်းဖြတ်ကျော် ဝင်ရောက်လာပါက သက်ဆိုင်ရာ အဖွဲ့အစည်းများက ဆောင်ရွက်ရန် ညွှန်ကြားသည့် အချက်များအတိုင်း လိုက်ပါဆောင်ရွက်ကာ သဘာဝဘေး အမျိုးမျိုးတို့ကို ရင်ဆိုင်ကျော်လွှား တုံ့ပြန် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။ ။

 

ကြေးမုံ