ရှဒူဇွပ်ကျေးရွာ၌ မိုးများအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ တောင်ကျရေများ ဝင်ရောက်လာမှုကြောင့် လူနေအိမ် ၃၀၀ ရာကျော်‌‌ ရေဘေးသင့်လျက်ရှိပြီး နေအိမ် ၁၀ လုံး ရေစီးကြောင်းအတိုင်း မျှောပါပျက်စီး

ကာမိုင်း ၂၅ စက်တင်ဘာ   

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝါရာဇွပ်ကျေးရွာအုပ်စု ရှဒူဇွပ်ကျေးရွာအတွင်း မိုးများအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ တောင်ကျရေများ ဝင်ရောက်လာမှုကြောင့် မိုးကောင်းချောင်းရေ မြင့်တက်လာသဖြင့် ချောင်းရေလျှံကာ မြစ်ကြီးနား-တနိုင်းသွား (လီဒိုလမ်းမကြီး) ပေါ်သို့ စက်တင်ဘာ ၂၅ ရက် နံနက် ၃ နာရီတွင် ရေအနက် (၁၂)ပေခန့် ကားလမ်းအရှည်ပေ (၁၈၀၀)ခန့်ရှိ၍ လူ‌နေအိမ် (၃၀၀)ကျော်အထိ ရေများဖုံးလွှမ်းလျက်ရှိပြီး နေအိမ်(၁၀)လုံး ရေစီးလမ်းကြောင်းအတိုင်း မျှောပါပျက်စီးသွားကြောင်း သိရသည်။

၎င်းကားလမ်းပေါ်သို့ ရေများကျော်တက်လာမှုကြောင့် မြစ်ကြီးနား-တနိုင်းသွားသည့် အတက်/အဆင်း ယာဉ်များအား ခေတ္တရပ်နားထားရပြီး ကျေးရွာအတွင်းရှိ ရေများဝင်‌‌ရောက်လျက်ရှိသော လူနေအိမ်အချို့မှ မိသားစုဝင်များနှင့် ပစ္စည်းများအား ကျေးရွာအုပ်ချုပ်ရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် ဌာနေပြည်သူ့စစ်တပ်ဖွဲ့တို့က ရေလွတ်ရာနေရာများဖြစ်သည့် ရှဒူဇွပ်ကိုယ်ထူကိုယ်ထစျေး၊ အလိုတော်ပြည့် ဘုန်းတော်ကြီးကျောင်း၊ ဘုရားကျောင်းနှင့် စံပြဘုန်းတော်ကြီးကျောင်းတို့တွင် စက်လှေများဖြင့် ယာယီရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါကျေးရွာအတွင်း ရေများဖုံးလွှမ်းရာနေရာသို့ ကာမိုင်းမြို့အုပ်ချုပ်ရေးမှူး ဦးဆောင်သည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နယ်မြေရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် သုဂတိမဂ္ဂလူမှုကူညီရေး အသင်းဝင်များက ဘေးအန္တရာယ်ကင်းရှင်းစွာ ကယ်ဆယ်ရေးလုပ်ငန်းများ စီမံဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး စာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇွဲသူရအောင်(ပြန်/ဆက်)