ရာသီဝက်ချန်ပီယံဆုကို အဆုံးအဖြတ်ပေးမည့် ဖူဆယ်လိဂ် ပထမအကျော့နောက်ဆုံးပွဲစဉ် ယနေ့ ကျင်းပမည်

၃၀ ဒီဇင်ဘာ


၂၀၁၉-၂၀၂၀ ရာသီ ဖူဆယ်လိဂ်ပြိုင်ပွဲ ပထမအကျော့ နောက်ဆုံးရက်သတ္တပတ်ဖြစ်သည့် ပွဲစဉ် (၁၁) ကို ဒီဇင်ဘာ ၃၁ ရက် (ယနေ့) နံနက်ပိုင်းမှ စတင်ကာ အမျိုးသားအားကစားပြိုင်ပွဲရုံ-၂ လှိုင်၌ ဆက်လက်ကျင်းပမည်ဖြစ်ပြီး ရာသီဝက်ချန်ပီယံဆုအတွက် အဆုံးအဖြတ်အဖြစ် VUC အသင်းနှင့် MIU အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

ပွဲစဉ် (၁၁) အဖြစ် နံနက် ၈ နာရီခွဲတွင် On Doctor အသင်းနှင့် AMM Brothers အသင်း၊ နံနက် ၁၀ နာရီတွင် ဖူဆယ်ချစ်သူအသင်းနှင့် GV အသင်း၊ နံနက် ၁၁ နာရီခွဲတွင် MFF ယူ-၁၉ အသင်းနှင့်မြို့မ JY အသင်း၊ မွန်းလွဲ ၁ နာရီတွင် Do Do Ko Ko အသင်းနှင့် လက်ဝဲသုန္ဒရအသင်း၊ မွန်းလွဲ ၂ နာရီခွဲတွင် လက်ရှိချန်ပီယံ MIU အသင်းနှင့် VUC အသင်း၊ ညနေ ၄ နာရီတွင် Dream Team နှင့် Winner အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ပွဲစဉ် (၁၀) အပြီးတွင် VUC အသင်းနှင့် MIU အသင်းတို့ ရမှတ် ၃၀ စီရထားပြီး ဂိုးကွာခြားချက်ဖြင့် VUC အသင်းက ထိပ်ဆုံးမှ ဦးဆောင်နေကာ အဆုံးအဖြတ်ပွဲတွင် အနိမ့်ဆုံးသရေကစားနိုင်ရုံဖြင့် ဆက်လက်ဦးဆောင်နိုင်မည်ဖြစ်သည်။

 

လက်ရှိချန်ပီယံ MIU အသင်းသည် အနိုင်ကစားနိုင်မှသာ ထိပ်ဆုံးနေရာကို ရယူနိုင်မည်ဖြစ်သည်။ ယင်းနှစ်သင်း၏ နောက်တွင် GV အသင်းက ၂၄ မှတ်၊ On Doctor အသင်းက ၁၉ မှတ်၊ Winner အသင်းက ၁၈ မှတ်၊ MFF ယူ-၁၉ အသင်းက ၁၆ မှတ်၊ မြို့မ JY အသင်းက ၁၅ မှတ်၊ Do Do Ko Ko အသင်းက ကိုးမှတ်၊ Dream Team နှင့် လက်ဝဲသုန္ဒရအသင်းက ခြောက်မှတ်စီ၊ ဖူဆယ်ချစ်သူအသင်းက လေးမှတ်၊ AMM Brothers အသင်းက တစ်မှတ်ရထားသည်။

 

သတင်း-ရဲရင့်ရှိုင်း