ရာသီဥတုပြောင်းလဲမှုနှင့် ကိုဗစ်-၁၉ကာလ အလွန် ဆန်းသစ်ရမည့် တိုက်ရိုက်မျိုးစေ့ချစပါး စိုက်ပျိုးနည်း

 

ဒေါက်တာနိုင်ကြည်ဝင်း (စိုက်ပျိုးရေးသုတေသနဦးစီးဌာန)

 

စပါးစိုက်ပျိုးမှု လုပ်ငန်းစဉ်တစ်လျှောက်၌ အဓိကဖြစ်နေသော အဟန့်အတားများမှာ ပြည်တွင်းဆန်စပါး ဈေးနှုန်းမြင့်တက်မှုနှင့် ဒေသတွင်း စပါးရောင်းချရာ၌ ယှဉ်ပြိုင်မှုများလာခြင်း၊ အထွက်နှုန်းနည်းလာမှုနှင့် ထုတ်လုပ်မှုစရိတ်၊ ဈေးကွက်စရိတ် မြင့်မားလာခြင်းတို့ ပါဝင်ပါသည်။ ကုန်ကျစရိတ်မြင့်မားမှုသည် လုပ်အားခ စရိတ်ကြီးမြင့်ခြင်း၊ အဓိကကျသော အခြေခံအဆောက်အအုံများ ခေတ်မီသိုလှောင်ရုံများ မရှိသေးခြင်း၊ သက်သာသော သယ်ယူပို့ဆောင်မှု၊ စွမ်းအင်၊ ဈေးကွက် အထောက်အကူပြုမှုများ မပြည့်စုံသေးသောကြောင့် ဖြစ်နေပါသည်။

 

အာရှနိုင်ငံများ၌ စပါးစိုက်ပျိုးထုတ်လုပ်မှုတွင် အဓိက စပါးစိုက်ပျိုးသော နည်းလမ်းမှာ တမန်းပြုပြင် ပျိုးထောင်ကောက်စိုက်နည်းလမ်း - PTR (Manual Puddled Transplanted Rice) ဖြစ် သည်။ PTR နည်းလမ်းသည် သီးနှံစိုက်ပျိုးမှု၌ ပေါင်းလိုက် တမန်းနှိုးနှင့် မြေဆီဩဇာ အသုံးပြုမှုတို့ တွင် ကောင်းကျိုးများရှိသော်လည်း PTR သည် လုပ်အား၊ ရေ၊ ခွန်အားစိုက်ထုတ်မှုတို့ ပါဝင်သော အရင်းအနှီးများကို လွန်စွာစိုက်ထုတ်သုံးစွဲရပါသည်။ လက်ရှိကာလတွင် စိုက်ထုတ်ရသော အရင်းအနှီးများသည် ပိုမိုလာသလို ၎င်းတို့သည် ရှားပါးလာသဖြင့် အကျိုးဆက်မှာ ဈေးနှုန်းမြင့်မားမှု ဖြစ်ပေါ်လာပါသည်။

 

ကမ္ဘာတစ်လွား၌ ကိုဗစ်-၁၉ လျင်မြန်စွာ ပျံ့နှံ့နေသောကာလအတွင်း အလုပ်သမားရှားပါးမှုများ ပိုမို ရင်ဆိုင်လာရပါသည်။ ထို့ပြင် PTR စပါး စိုက်ပျိုးနည်းလမ်းသည် ကမ္ဘာကြီးကို ပူနွေးစေသော မီသိန်းဓာတ်ငွေ့ (CH4) နှင့် ကာဗွန်ဒိုင် အောက်ဆိုက် (CO2) ထွက်ရှိမှုတို့တွင် အဓိက အကြောင်းရင်းဖြစ်ပါသည်။ နှစ်စဉ် ကမ္ဘာ့မီသိန်း ထွက်ရှိမှု၏ (၁၀-၂၀ ရာခိုင်နှုန်း) ထွက်ရှိမှုသည် PTR စပါးစိုက်ပျိုးမှုနည်းလမ်းကြောင့် ဖြစ်သည်။ PTR စပါးစိုက်ပျိုးမှုနည်းလမ်းတွင် အမျိုးသမီး အများစု ပါဝင်ရသောကြောင့် လူမှုရေးကဏ္ဍတွင် မမျှတမှုကို မြင့်မားလာစေသည်။ ယနေ့ မျိုးဆက်သစ် လူငယ်များသည် လယ်ယာလုပ်ငန်း၌ ဆောင်ရွက်ရသော အသက်မွေးဝမ်းကျောင်း ပြုလုပ်ခြင်းကို မနှစ်သက်မှုများ ပိုမိုများပြားလာစေသဖြင့် စိုက်ပျိုး ထုတ်လုပ်မှုအောင်မြင်ရေး မသေချာမှုများသို့ ဦးတည်လာပါသည်။ ထိုအချက်များကို ထောက်ရှု ခြင်းအားဖြင့် PTR ကို ဆက်လက်ကျင့်သုံးရန် ဖြစ်နိုင်ခြေနည်းလာပါသည်။ ယင်းနည်းလမ်းက အကျိုးအမြတ်နှင့် ဆွဲဆောင်မှုနည်းလာခြင်းတို့ သည် အမျိုးသမီးနှင့် လူငယ်များတွင် အဓိကဖြစ်ပေါ် လာနေပါသည်။ အထက်ဖော်ပြပါ စိန်ခေါ်မှုများ ဖြစ်ပေါ်လာသည့်အတွက် တခြားစပါးစိုက်ပျိုး ထုတ်လုပ်မှုနည်းလမ်းတစ်ခုကို ရွေးချယ်ဆောင်ရွက်ရန် လိုအပ်လာသည်။

 

mdn

 

တိုက်ရိုက်မျိုးစေ့ချ စပါးစိုက်ပျိုးနည်း DSR (Direct-Seed Rice)

 

DSR နည်းလမ်းသည် သွင်းအားစုနည်းနည်းသာ လိုအပ်ပါသည်။ DSR သည် ရှေးဆန်သော နည်းလမ်းဖြစ်သော်လည်း သီးနှံစိုက်ပျိုးရာ၌ အသုံးများသော နည်းလမ်းတစ်ခု ဖြစ်လာသည်။ DSR သည် ရာသီဥတုနှင့် လိုက်လျောညီထွေမှုရှိသော စိုက်ပျိုးနည်းလမ်း - CSA (Climate Smart Agri-culture) ဖြစ်သည်။ လုပ်အားချွေတာမှုနှင့် ဖန်လုံ အိမ်ဓာတ်ငွေ့ GHG (Green House Gas) ထွက်ရှိမှု ကို လျော့ကျစေသောနည်းလမ်း ဖြစ်သည်။ DSR နည်းလမ်း နှစ်မျိုးရှိသည်။ ၎င်းတို့မှာ-

၁။ လူနှင့်တိုက်ရိုက်မျိုးစေ့ချနည်း (စပါးစေ့ကို အခြောက်ကြဲခြင်း၊ အညှောက်ဖောက်၍ စပါးကွင်းထဲကြဲပက်ခြင်းနှင့် မျိုးစေ့ချ ကိရိယာ (Drum Seeder) အသုံးပြုစိုက်ပျိုး ခြင်း) နှင့်

၂။ စက်ဖြင့် မျိုးစေ့ချခြင်းနည်းလမ်း (စက်ဖြင့် မျိုးစေ့ချခြင်းနည်းလမ်းတွင် မျိုးစေ့ချစက် (Machine Seeder) ကို အသုံးပြုစိုက်ပျိုးခြင်း) တို့ ဖြစ်ပါသည်။ 

 

DSR ၌ အခြောက် DSR (Dry Seeded Rice) နှင့် အစို WSR (Wet Seeded Rice) ဟူ၍ ပုံစံနှစ်မျိုး အသုံးပြုကြသည်။ အခြောက် (DSR) ကို မိုးရေ သောက်လယ်နှင့် ကုန်းမြင့် ယာစပါးနေရာများတွင် အသုံးပြုကြသည်။ ထယ်ထိုးခြင်း (သို့) ထွန်မွှေ ခြင်း (သို့) ထယ်ထိုး၊ ထွန်မွှေပြီး စပါးမျိုးစေ့ကို အစိုဓာတ်မရှိသော မြေပေါ်သို့ ကြဲချခြင်းဖြစ်သည်။ အစို (WSR) ကို မိုးစပါးနှင့် နွေစပါး၌ ဆည်ရေ သောက်၊ မိုးရေသောက်ဒေသများတွင် စိုက်ပျိုးလေ့ရှိကြသည်။ တိုက်ရိုက် မျိုးစေ့ချစပါးစိုက်ပျိုးခြင်း နည်းလမ်းတွင် အောက်ဖော်ပြပါ စိုက်ပျိုးနည်းလမ်း များ ပါဝင်ပါသည်။

 

mdn

 

အစိုတမန်းပြင်တွင် စိုက်ပျိုးခြင်း၌ -

၁။ ကြွက်မြီးတန်းချခြင်း

၂။ လက်စုချခြင်း

၃။ ရေထုတ်ထားသောအစိုတမန်းပြင်အပေါ် ကြဲပက်ခြင်း

၄။ ရေခံကြဲပက်ခြင်း စသောနည်းလမ်းတို့ကို အသုံးပြုကြပါသည်။

 

အခြောက်တမန်းပြင် ကြဲပက်စိုက်ပျိုးခြင်း၌-

၁။ အခြောက်တမန်းပြင်ကြဲပက်ခြင်း

၂။ အခြောက်တမန်းပြင်တွင် အတန်းလိုက် မျိုးစေ့ချခြင်း

၃။ စူးထိုးစိုက်ခြင်း စသောနည်းလမ်းတို့ကို အသုံးပြုကြပါသည်။

 

မြန်မာနိုင်ငံတွင် စပါးစိုက်ဧရိယာ၏ ၃၀ ရာခိုင် နှုန်းမှာ DSR စိုက်နည်းကို အသုံးပြုနေကြပါသည်။ ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး (အရှေ့) တို့၌ စပါးစိုက်ဧရိယာ၏ ၇၀ ရာခိုင်နှုန်း၌ DSR စိုက်နည်းလမ်းကို ကျင့်သုံးကြသည်။ ကမ္ဘော ဒီးယားနိုင်ငံသည်လည်း စပါးစိုက်ဧရိယာ၏ ၉၀ ရာခိုင်နှုန်းသည် ကြဲပက်သော DSR ကို ဆောင်ရွက် နေကြပါသည်။ ဖိလစ်ပိုင်နိုင်ငံ၌လည်း စပါးစိုက် ဧရိယာ၏ ၃၆ ရာခိုင်နှုန်းနှင့်အထက် စိုက်ပျိုးကြ သည်။ Aurora နှင့် Sultan Kudarat ပြည်နယ် တို့၌ မိုးစပါးတွင် ၁၀၀ ရာခိုင်နှုန်းနှင့် Antique ပြည်နယ်တို့သည် နွေစပါး၌ ၁၀၀ ရာခိုင်နှုန်း စိုက်ပျိုး လေ့ရှိကြသည်။ သို့သော် စပါးထုတ်လုပ်မှုနှင့် အကျိုးအမြတ်မှာ နည်းနေသေးသည်ကို တွေ့ရှိနေရပါသည်။

 

သမားရိုးကျ DSR ၏ အားနည်းချက်များမှာ-

 

- တောင်သူမျိုးချန်ထားသော အရည်အသွေး ညံ့သည့် မျိုးစေ့များကို အသုံးပြုခြင်း

- မျိုးစေ့နှုန်း တစ်ဧက (၃ – ၆) တင်းအထိ မြင့်မားစွာအသုံးပြုခြင်း

- မြေပြုပြင်ရာတွင် ညီညာမှုမရှိခြင်း၊ ပေါင်းလိုက်ခြင်း၊ မြေဩဇာကျွေးခြင်း၊ ရေအသုံးချခြင်းတို့တွင် အားနည်းခြင်းတို့ အတူ မျိုးစေ့နှုန်း မြင့်မားစွာသုံး၍ အပင်ယိုင်လဲမှုများခြင်း

- မျိုးစေ့ချကိရိယာများ အသုံးပြုမှုအားနည်းခြင်း

 

ယခုအခါ အစိုတမန်းပြင်တွင် မျိုးစေ့ချကိရိယာ (Drum Seeder) အသုံးပြုခြင်းသာလျှင် လုပ်အား၊ အချိန်နှင့် ကုန်ကျစရိတ်အသက်သာဆုံး၊ အလေအလွင့်အနည်းဆုံးနှင့် အပင်ပြုစုရာတွင် အဆင်ပြေဆုံးသော နည်းလမ်းတစ်ခု ဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။ သို့သော် (Drum Seeder) သည် သဲနုန်းမြေ အမျိုးအစားအတွက်သာ သင့်တော်ကြောင်း တွေ့ရှိရသည်။ ယခုအခါ မျိုးစေ့ချစက် (Machine Seeder)နှင့် ကြားပေါင်းလိုက်တမန်းနှိုး စက်ကိရိယာ (Machine Intercultivator) တို့ကို မြေအမျိုးအစား အမျိုးမျိုးတွင် အသုံးပြုလာနိုင်သည်။ Drum Seeder နှင့် Machine Seeder ရရှိရန်မလွယ်ကူသော နေရာများတွင် အစိုတမန်းပြင် ကြဲပက်ခြင်းနည်းကို အသုံးပြုနိုင်ပါသည်။ အခြောက်တမန်းပြင် ကြဲပက် ခြင်းနည်းကို ထွန်နှင့် စိုက်ကြောင်းဆွဲ၍ စိုက်ပျိုး ခြင်း၊ မျိုးစေ့ချထွန်၊ မျိုးစေ့ချထယ်များ အသုံးပြု၍ စိုက်ပျိုးနိုင်သည်။ ထိုသို့သော မျိုးစေ့ချနည်းများတွင် ရွေးချယ်ပေါင်းသတ်ဆေး တစ်မျိုးမျိုးဖြင့် ပေါင်းမြက်ကို ကာကွယ်နှိမ်နင်းနိုင်သည်။

 

 

mdn

 

 

တိုက်ရိုက်မျိုးစေ့ချနည်းဖြင့် တောင်သူများ စိုက်ပျိုးနေသော စပါးမျိုးများမှာ ဆည်ရေသောက် စပါးမျိုးများဖြစ်သည့် ပြည်တော်ရင်၊ ရတနာတိုး၊ သီးထပ်ရင်၊ ရွှေသွယ်ရင်၊ မိုးရေသောက် စပါးမျိုးများ ဖြစ်သည့် မနောသုခ၊ ဆင်းသုခ၊ ဧရာမင်း၊ ဆင်းဧရီ- ၃၊ ဆင်းသွယ်လတ်တို့ဖြစ်သည်။ ယခုအခါ ရေငတ် ဒဏ်၊ ယိုင်လဲမှုဒဏ်ခံနိုင်ပြီး အထွက်ကောင်းသော ရေနည်းလို-၇၊ YAR-07 ၊ YAR-14 မျိုးများနှင့် ပြောင်းလဲစိုက်ပျိုးသင့်ပါသည်။ ရေအောက်တွင် ၁၀-၁၄ ရက်ခန့် ရေမြုပ်ခံနိုင်ခြင်း၊ အနှံပါသီးလုံး များခြင်း၊ အပင်ယိုင်လဲမှုခံနိုင်သော ရေမြုပ်ခံစပါး မျိုးများဖြစ်သည့် ရေမြုပ်ခံ-၁၊ ရေမြုပ်ခံ-၂၊ ရေမြုပ်ခံ- ၃ တို့ကိုလည်း အသုံးပြုသင့်ပါသည်။ ဆားငန်ဒဏ်ခံ စပါးမျိုးများဖြစ်သော ရွှေအာဆီယံ၊ ပြည်မြန်မာစိန်၊ ဆားငန်ခံ ဆင်းသွယ်လတ်မျိုးများကို ဆပ်ပြာပေါက် မြေ၊ ပင်လယ်ဆားငန်မြေတို့တွင် စိုက်ပျိုးနိုင်သည်။

စိုက်ပျိုးချိန်များမှာ မိုးရာသီ၌ မြစ်ဝကျွန်း‌ပေါ် ဒေသ၊ တောင်ပေါ်ဒေသ၊ မြန်မာပြည်အလယ်ပိုင်း နှင့် အထက်ပိုင်းဒေသတို့တွင် မေ၊ ဇွန်၊ ဇူလိုင်လများတွင် စိုက်ပျိုးနိုင်သည်။ မိုးနှောင်းရာသီ၌ မြန်မာ ပြည်အောက်ပိုင်း ရေမြုပ်ဧရိယာတို့တွင် အောက်တိုဘာ၊ နိုဝင်ဘာလတို့တွင် စိုက်ပျိုးနိုင်သည်။ နွေရာသီ၌ ဆည်ရေသောက် ဧရိယာများတွင် နိုဝင်ဘာလမှ ဖေဖော်ဝါရီလအတွင်း စိုက်ပျိုးနိုင်ပြီး မိုးကြိုဆည် ရေသောက် ဒေသများတွင် မတ်လမှ ဧပြီလအတွင်း စိုက်ပျိုးနိုင်သည်။

 

တောင်သူများလက်ရှိကျင့်သုံးနေသော သမားရိုး ကျ တိုက်ရိုက်ကြဲပက်စိုက်ပျိုးနည်းမှ ခေတ်မီ Drum Seeder နှင့် Machine Seeder တို့ကို အသုံးပြု၍ စပါးမရိတ်သိမ်းမီ လိုက်နာဆောင်ရွက်ရမည့် နည်းပညာများနှင့် ရိတ်သိမ်းချိန်လွန်နည်းပညာများကိုလည်း တွဲဖက်အသုံးပြုသွားရန် လိုအပ်လာမည် ဖြစ်ပါသည်။

 

ရာသီဥတုနှင့်လိုက်လျောညီထွေရှိသည့် ရေရှည်ဆောင်ရွက်သင့်သော (DSR) စပါးစိုက်ပျိုးနည်း

 

၁။ စပါးစိုက်ခင်းတမန်းပြင် ညီညာအောင် ဆောင်ရွက်ပါ။ ထွန်စက်၌ Laser Leveler တွဲဖက် အသုံးပြုခြင်းနှင့် ကျွဲ၊ နွားအသုံးပြု၍ စိုက်ခင်းမျက်နှာပြင် ညီညာအောင် ဆောင်ရွက်ပါ။

 

၂။ ရေအနည်းလို၊ ရေမြုပ်ခံ၊ ဆားငန်ခံ၊ ရေငတ်ခံ စပါး မျိုးကောင်းမျိုးသန့်များကို အသုံးပြု စိုက်ပျိုးပါ။ တစ်ဧက မျိုးစေ့နှုန်း(၈-၁၂)ပြည် သာအသုံးပြုပါ။

 

၃။ အစိုတမန်းပြုလုပ်ပြီး အညှောက်ဖောက်ထားသော မျိုးစေ့ကို လူဖြင့် ညီညာစွာ ခပ်ပါးပါးကြဲပက်ပါ။ အကောင်းဆုံးမှာ မျိုးစေ့ချကိရိယာ သို့မဟုတ် မျိုးစေ့ချစက်ကို အဓိကထားအသုံးပြုပါ။

 

၄။ စပါးအပင်မပေါက်မီ ကြိုတင်ဖျန်းသော ပေါင်းသတ်ဆေး (Pre-emergence Herbicide) တစ်မျိုးမျိုးကို အသုံးပြုပါ။ စပါးအပင်ငယ်စဉ်တွင် ရွေးချယ်ပေါင်းသတ်ဆေး (Selected Herbicide) အမျိုးအစားနှင့် သင့်တော်သော နှုန်းထားကို အသုံးပြုပါ။

 

၅။ အပင်ငယ်စဉ်တွင် ကြားပေါင်းလိုက်တမန်းနှိုး စက်ကိရိယာ (Machine Intercultivator) ကို အသုံးပြုပါ။

 

၆။ မစိုက်ပျိုးမီ မိမိမြေဆီလွှာကို စမ်းသပ်စစ်ဆေးမှုပေါ် မူတည်၍ အပင်ကြီးထွားမှု အဆင့် အလိုက် လိုအပ်သော မြေဩဇာနှုန်းထားကို အသုံးပြုပါ။ (Site Specific Nutrient Mana-gement)

 

၇။ ရေစိုတစ်ခါ ခြောက်တစ်လှည့် ရေသွင်းနည်းလမ်း AWD (Alternative Wetting and Drying) ကို အသုံးပြုပါ။

 

၈။ ဘက်စုံပိုးမွှား ရောဂါကာကွယ်ရေးနည်းလမ်း တို့ကို အသုံးပြုပါ။ (Integrated Pest and Disease Management)

 

၉။ စပါးကိုမောင်းညိုချိန်တွင် ရိတ်သိမ်းပါ။ ရိတ်သိမ်းပြီးနောက် စပါးကို နေရောင်ခြည်သုံး အခြောက်ခံစက် (Solar Bubble Dryer) ဖြင့် အခြောက်ခံပါ။

 

၁၀။ စပါးကိုသိုလှောင်ရာတွင် နှစ်ထပ်လေလုံပိတ် အိတ် (Hermetic Bag) ဖြင့် သိုလှောင်ပါ။

 

‌DSR စပါးစိုက်ပျိုးနည်းကို ရှေးယခင်ကတည်းက တောင်သူများ ကျင့်သုံးစိုက်ပျိုးခဲ့ပါသည်။ ၎င်းမှတစ်ဆင့် ဆည်များတည်ဆောက်လာပြီး ဆည်ရေများ ရရှိလာသောကြောင့် ပျိုးထောင်ကောက်စိုက် နည်းလမ်း (PTR) ပြောင်းလဲစိုက်ပျိုးလာကြပါသည်။ ၎င်းမှ တောင်သူများသည် ပြောင်းရွှေ့စိုက်ပျိုးရန်နှင့် ပေါင်းလိုက်ရန် အလုပ်သမားများ ရှားပါးလာခြင်းနှင့် မြေတစ်ကွက်တွင် တစ်နှစ် နှစ်သီး၊ သုံးသီး စိုက်ပျိုး ခြင်းတို့ကြောင့် ထုတ်လုပ်မှု တိုးတက်လာစေရန် PTR မှ DSR တို့ တစ်ဖန် ပြောင်းလဲကျင့်သုံးလာ ကြပါသည်။

 

ကိုဗစ်-၁၉ သည် နည်းလမ်းများ ယှဉ်ပြိုင်မှုတွင် ပြောင်းလဲမှုတစ်ခုခုကို ဖြစ်စေပါသည်။ (A Game Changer in to Many Ways) ကိုဗစ်-၁၉ ကပ်ရောဂါ အလွန်၌ လုပ်သားရှားပါးမှု၊ သွင်းအားစုနှင့် သယ်ယူပို့ဆောင်ခများ ဈေးနှုန်းကြီးမြင့်ခြင်း စသော ပြဿနာများ ရင်ဆိုင်နေရပါသည်။ တစ်ဖက်မှာလည်း ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကြောင့် အပူချိန် မြင့်မားလာခြင်း၊ စိုက်ပျိုးရေရှားပါးမှု ပြဿနာများကိုလည်း ကြုံတွေ့လာရပါသည်။ စပါးစိုက်တောင်သူများအတွက် ထိုပြဿနာများကို ဖြေရှင်းပေးနိုင်ရေးမှာ အရေးကြီးလာပါသည်။ စပါးစိုက်ပျိုးနည်းများအနက်မှ တိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးရေးနည်းလမ်းသည် လွန်စွာအရေးပါသော နည်းလမ်းတစ်ခုဖြစ်လာသည်။ ရာသီဥတုနှင့် လိုက်လျောညီထွေမှုရှိသည့် ရေရှည်ဆောင်ရွက်သင့်သော (DSR) စပါးစိုက်ပျိုးနည်းကို ဆောင်ရွက်သွားပါက မျိုးစေ့နှုန်းသက်သာ ခြင်း၊ လုပ်သားအင်အားနှင့် စိုက်ပျိုးရေကိုချွေတာနိုင်ခြင်း၊ စိုက်ပျိုးကုန်ကျစရိတ် သက်သာခြင်းတို့ အပြင် စပါးအရည်အသွေးကောင်းမွန်၍ အမြတ် အများဆုံး ရရှိလာမည်ဖြစ်သည်။ သို့ဖြစ်ပါ၍ DSR တိုက်ရိုက်မျိုးစေ့ချ စပါးစိုက်ပျိုးနည်း (Direct Seeded Rice) ကို တစ်ခေတ်ပြန်လည် ဆန်းသစ် သင့်ပါကြောင်း စုစည်းဖော်ပြအပ်ပါသည်။

 

ကိုးကား

-Asian Guidelines for Promoting Climate Smart Agriculture (CSA) Practices Vol.III

- လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ မြန်မာ့စိုက်ပျိုးရေး လုပ်ငန်း၊ စိုက်ပျိုးပညာပေးရေးဌာနခွဲ၊ စပါးတိုက်ရိုက်မျိုးစေ့ချ နည်းပညာ (Direct-Seeded Rice Technology) ၂၀၀၄ ခုနှစ်၊ ဇူလိုင်လ

- http://www.knowledgebank.irri.org