ရာသီဥတုပြောင်းလဲမှုနှင့် အလွန်အကျွံဖမ်းဆီးခြင်းတို့ကြောင့်  ကမ္ဘာ့ငါးထုတ်လုပ်မှု အကျပ်အတည်းဖြစ်လာ

 

သီဟစည်သူ

 

ကမ္ဘာလုံးဆိုင်ရာ ငါးစားသုံးမှုလိုအပ်ချက်သည် အမြင့်ဆုံးသို့ရောက်ရှိနေပြီး  ယခုအခါ သဘာဝအတွင်းမှ ငါးသယံဇာတ အလွန်အကျွံထုတ်ယူနေမှုနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အကျိုးဆက်များကြောင့် ကမ္ဘာလုံးဆိုင်ရာ ငါးထုတ်လုပ်မှု ကဏ္ဍ အကျပ်အတည်းကို ရင်ဆိုင်နေရသည်။ ထို့ကြောင့် ပြောင်းလဲလာသည့် ငါးထုတ်လုပ်မှုပုံစံများအရ ၂၀၃၀ ပြည့်နှစ်အရောက်တွင် ငါးမွေးမြူရေးသည် ငါးထုတ်လုပ်မှု၏ အဓိကအရင်းအမြစ် ဖြစ်လာနိုင်ကြောင်း ကုလသမဂ္ဂ စားနပ် ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့ (FAO)က ခန့်မှန်းထားသည်။

 

FAO ၏ နောက်ဆုံးထုတ်ပြန်ထားသည့် အချက်အလက်များအရ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ အနေဖြင့် ၂၀၁၈ ခုနှစ်အတွင်း ရေထွက်ကုန်ပစ္စည်း တန်ချိန်ပေါင်း ၁၅၆ သန်းကို စားသုံးခဲ့ကြပြီး အဆိုပါရေထွက်ပစ္စည်းများအနက် ငါးတန်ချိန်ပေါင်း ၈၂ သန်း    (၅၂ ရာခိုင်နှုန်း)   ကို  မွေးမြူရေးကဏ္ဍမှ ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။

 

ယနေ့အချိန်တွင် ငါးစားသုံးမှုသည် လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ ကထက် နှစ်ဆမြင့်တက်လာခဲ့ပြီး ၂၀၃၀ ပြည့်နှစ်အရောက်တွင် ငါးလိုအပ်ချက် ပိုမိုမြင့်တက်လာမည်ဖြစ်ပြီး တန်ချိန်ပေါင်း သန်း ၃၀ ခန့်  တိုးမြင့်လာဖွယ် ရှိကြောင်း၊ အဆိုပါငါးလိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် သဘာဝက ငါးဖမ်းဆီးမှုမှ ရရှိနိုင်ရန် မျှော်လင့်၍ မရတော့ဘဲ ကမ္ဘာ့ငါးသယံဇာတ အမြင့်မားဆုံးဒေသများ၌ပင် ငါးသယံဇာတများ လုံးဝကျဆင်းနေပြီဖြစ်ကာ ၂၀၅၀ ပြည့်နှစ် အရောက်တွင် ငါးဖမ်းဆီးရေးလုပ်ငန်း အားလုံး ပြိုလဲသွားဖွယ်ရှိကြောင်း FAO က သုံးသပ်ထားသည်။

 

ငါး၊ ပုစွန်မွေးမြူရေးကဏ္ဍက ဒီလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ပါ့မလား

 

Aquaculture ဟု ခေါ်သည့် ငါးမွေးမြူခြင်းသည် ကမ္ဘာတစ်ဝန်းရှိ ငါးလက်ကျန်များ လျော့နည်းသွားမှုကြောင့် စီးပွားဖြစ် ငါးဖမ်းဆီးရေးလုပ်ငန်းများအတွက် အခြားရွေးချယ်စရာ ဖြစ်လာနိုင်သည်။ ငါးသည် အာဟာရပြည့်ဝသော အစားအစာကို ပံ့ပိုးပေးရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နေပြီး အိုမီဂါ- ၃ ကဲ့သို့သော အဓိကအာဟာရဓာတ်များကို ဖြည့်ဆည်းပေးလျက်ရှိပြီး ငါး၊ ပုစွန်နှင့် ရေထွက် စားသောက်ကုန်များသည် ကမ္ဘာပေါ်တွင် ကျန်းမာရေးအတွက် များစွာအထောက်အကူဖြစ်စေသည့် အစားအစာများဖြစ်၍ စားနပ်ရိက္ခာလုံခြုံမှုကို မြှင့်တင်ပေးခြင်းနှင့် ကမ္ဘာလုံးဆိုင်ရာ အစား အသောက် အာဟာရဖြစ်မှုအတွက် အရေးပါလျက်ရှိသည်။

 

FAO ၏ တွက်ချက်မှုများအရ ငါးသည် ကမ္ဘာ့လူဦးရေ၏ ၃ ဒသမ ၃ ဘီလီယံ (ကမ္ဘာ့ လူဦးရေ စုစုပေါင်း၏ ၄၃ ရာခိုင်နှုန်း နီးပါး) အတွက် အစားအစာထောက်ပံ့မှုကို ဆောင်ကြဉ်းပေးလျက်ရှိကြောင်း၊ တစ်ဦးချင်းတွက်ချက်မှုအရ တိရစ္ဆာန်ထွက် အသားဓာတ်များ၏ ၂၀ ရာခိုင်နှုန်းကို ထောက်ပံ့ပေးနေသည့်အပြင် လူတစ်ဦးချင်း ငါးစားသုံးမှုသည် ၁၉၆၁ ခုနှစ်တွင် ၉ ကီလိုဂရမ်သာရှိခဲ့ရာမှ ၂၀၁၇ ခုနှစ်တွင် ၂၀ ဒသမ ၃ ကီလိုဂရမ်အထိ မြင့်တက်လာခဲ့ကြောင်း FAO၏ အချက်အလက်များအရ သိရသည်။

 

mdn

 

ငါးအလွန်အကျွံ ဖမ်းဆီးမှု

 

ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်းများ၏ အလွန်အကျွံငါးဖမ်းဆီးမှုများက ဒေသခံငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူများ၏ ဘဝနှင့် နေထိုင်မှုစနစ်များကို အကျပ်အတည်း ဖြစ်စေလျက်ရှိသည့်အပြင် ကမ္ဘာ့ ငါးဖမ်းလုပ်ငန်းအများစုသည် အန္တရာယ်ရှိသည့် အခြေအနေသို့ ကျရောက်လျက်ရှိသည်။ သဘာဝ အတွင်းရှိ ကမ္ဘာ့ငါးသယံဇာတအားလုံး၏ ၇၀ ရာခိုင်နှုန်းခန့် ကုန်ဆုံးသွားပြီဟု ခန့်မှန်းရပြီး စီးပွားဖြစ် ငါးထုတ်လုပ်မှုကဏ္ဍ သုံးပုံတစ်ပုံခန့်မှာ ရေရှည်တည်တံ့မှု မရှိနိုင်တော့ပေ။ တစ်ချိန်တည်း ၌ပင် ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များကြောင့် ပင်လယ်သမုဒ္ဒရာ ရေပြင်အပူချိန်မှာလည်းမြင့်တက် နေပြီး ငါးမျိုးစိတ်များစွာကို ပျက်စီးစေလျက်ရှိသည်။

 

ထို့ကြောင့် ရေငန် သို့မဟုတ် ကုန်းတွင်းပိုင်း (ရေချို) ငါး၊ ပုစွန် မွေးမြူရေးလုပ်ငန်းများသည် ပြီးခဲ့သည့် ဆယ်စုနှစ် အတွင်း အလျင်မြန်ဆုံး ဖွံ့ဖြိုးလာကာ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ငါးသယံဇာတ ထုတ်လုပ်မှု၏ အဓိက အရင်းအမြစ် ဖြစ်လာပြီး ၂၀၁၈ခုနှစ်တွင် ငါးထုတ်လုပ်မှု၏ ၅၂ ရာခိုင်နှုန်းအထိ ရှိလာခဲ့သည်။ ၁၉၉၀ ပြည့်နှစ်မှ ၂၀၁၈ ခုနှစ်အတွင်း ကမ္ဘာလုံးဆိုင်ရာ ငါးပုစွန် ထုတ်လုပ်မှုသည် ၅၂၇ ရာခိုင်နှုန်းအထိ ခုန်တက်သွားပြီး စုစုပေါင်း ငါးစားသုံးမှုမှာလည်း ၁၂၂ ရာခိုင်နှုန်းအထိ တိုးလာခဲ့ကြောင်း FAO ကမှတ်ချက် ပြုထားသည်။

 

ငါးမွေးမြူရေးလုပ်ငန်း၏ အရေးပါမှု

 

ကမ္ဘာ့ငါး၊ ပုစွန် ထုတ်လုပ်မှုကို အာရှဒေသက လွှမ်းမိုးထားပြီး ကမ္ဘာတစ်ဝန်းက ငါး၊ ပုစွန် ထုတ်လုပ်မှု အားလုံး၏ ၉၂ ရာခိုင်နှုန်းကို ချုပ်ကိုင်ထားသည်။ အာရှအစားအစာများအနက် တိရစ္ဆာန်ထွက် အသားဓာတ် ရရှိမှု၏ ၂၃ ရာခိုင်နှုန်းကို ငါးစားသုံးမှုမှ ရရှိနေခြင်းဖြစ်ပြီး အနာဂတ်ကာလတွင် ယခုထက်ပင် ပိုမိုတိုးတက်လာနိုင်သေးသည်။ အဓိက ငါးထုတ်လုပ်သည့် နိုင်ငံများမှာ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ နှင့် ဗီယက်နမ်နိုင်ငံများဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် ရေလုပ်ငန်းနှင့် ဆက်စပ်စက်ရုံ လုပ်ငန်းများ၌ လူဦးရေ ၂၀ ဒသမ ၅ သန်းခန့် (အာရှဒေသ၏ ၈၅ ရာခိုင်နှုန်း) အတွက် အလုပ် အကိုင်များ ဖန်တီးပေးထားကြောင်း သိရသည်။

 

တရုတ်နိုင်ငံသည် အာရှဒေသ၏ အကြီးမားဆုံး ငါးထုတ်လုပ်သူဖြစ်ပြီး တရုတ်နိုင်ငံ၏ (၁၄) ကြိမ်မြောက် ငါးနှစ်တာစီမံကိန်း (၂၀၂၁-၂၀၂၅)အရ စားနပ်ရိက္ခာဖူလုံစေရေးနှင့် ငါးမွေးမြူရေးကန်များ တည်ထောင်၍ ငါး၊ ပုစွန်ထုတ်လုပ်နိုင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တွန်းအားပေး ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ထားသည်။ အလားတူ နော်ဝေနိုင်ငံ၌ ကမ်းလွန်ပင်လယ် ငါး၊ ပုစွန် မွေးမြူခြင်းမှတစ်ဆင့် ဆယ်လ်မွန်လုပ်ငန်း၏ ကုန်ထုတ်စွမ်းအား ၆၀ ရာခိုင်နှုန်း တိုးမြင့်လာသည်ကို တွေ့ရသည်။

 

ပတ်ဝန်းကျင်ဆိုင်ရာ စံနှုန်းများအတွက် အနုတ်လက္ခဏာ

 

သဘာဝပတ်ဝန်းကျင်စံနှုန်းများ၊ အစားအစာဘေးကင်းရေးစံနှုန်းများနှင့် ဇီဝလုံခြုံရေးစံနှုန်းများနှင့်အတူ ရေနေသတ္တဝါများ၏ ဓလေ့ထုံးတမ်းများနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများအပေါ် စိုးရိမ်မှုများမှာလည်း တိုးလာလျက်ရှိသည်။ အဘယ်ကြောင့်ဆိုသော် ငါးပုစွန်မွေးမြူရာတွင် ပြင်ပမျိုးစိတ်များ ဝင်ရောက်လာမှုကြောင့် မူရင်းတည်ရှိသည့် ငါးမျိုးစိတ်များကို နေရင်းဒေသများ ရွှေ့ပြောင်းသွားခြင်းနှင့် အစာအလွန်အကျွံ ကျွေးမွေးခြင်းကြောင့် ပိုလျှံသည့် အစာများမှ နိုက်ထရိုဂျင်နှင့် ဖော့စဖောရပ်စသည့် အာဟာရ ဓာတ်များက သဘာဝဂေဟစနစ်များအတွင်းသို့ စီးဝင်သွားနိုင်ခြင်းစသည့် အချက်များကြောင့် နေရင်းဒေသ ပျက်စီးခြင်း (ဥပမာ ဒီရေတောများ ပျက်စီးခြင်း)၊ သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ ဆုံးရှုံးခြင်းနှင့် ဆက်စပ်နေခြင်း ကြောင့် ဖြစ်သည်။

 

mdn

 

 

ငါး၊ ပုစွန် ထုတ်လုပ်မှု အများစုသည် ဖွံ့ဖြိုးဆဲ နိုင်ငံများမှဖြစ်ပြီး ငါး၊ ပုစွန် ထုတ်လုပ်မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို စီမံခန့်ခွဲနိုင်မှု အကန့်အသတ်ရှိသောကြောင့် ကောင်းမွန်သော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှုစနစ်များကို ပြဋ္ဌာန်းရန် စိန်ခေါ်မှုများ ရှိလာသည်။ ငါး၊ ပုစွန် မွေးမြူခြင်းသည် ငါးစားသုံးမှု လိုအပ်ချက်ကြီးထွားမှုကို ဟန်ချက်ညီစေရန် ဆောင်ရွက်ပေးနိုင်သော်လည်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ စံနှုန်းများနှင့် ကိုက်ညီစေရန်အတွက် နည်းပညာများကို အသုံးပြုနိုင်ရမည်ဖြစ်သည်။

 

ငါး၊ ပုစွန် မွေးမြူရေးလုပ်ငန်း၏ ထိရောက်မှုနှင့် ရေရှည်တည်တံ့ခိုင်မြဲမှုသည် ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာကို ဖြည့်ဆည်းရန်နှင့် ကုလသမဂ္ဂ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်များ (SDGs) ၏ အောင်မြင်မှုကို ရရှိစေရန် အထောက်အကူ ဖြစ်စေနိုင်သည်။ သို့သော်လည်း ငါးသယံဇာတများ ရေရှည်တည်တံ့ခိုင်မြဲအောင် ဆောင်ရွက်နိုင်ရေးသည် ဖြေရှင်းရန် မလွယ်ကူသည့် ပုစ္ဆာတစ်ခုပင်။ ။

 

ကိုးကား - CO22062 | Growing Food Insecurity Asia’s Huge Appetite for Fish: Can It Be Met?