မြန်လင်းမောင်
ရာသီဥတုဖောက်ပြန်မှုများ ပိုမိုပူပြင်းလာပြီး မကြာခဏ ပြင်းထန်သော အပူလှိုင်းများသည်ကမ္ဘာ တစ်ဝန်း ခံစားနေကြရပြီး လူသားများ၏ ကျန်းမာရေး၊ တောရိုင်းတိရစ္ဆာန်များနှင့် သီးနှံအထွက်နှုန်းတို့ကို ခြိမ်းခြောက်လျက်ရှိသည်။
ကမ္ဘာကြီးသည် ယခုအချိန်အထိ ၁ ဒသမ ၂ ဒီဂရီ စင်တီဂရိတ်နီးပါး ပူနွေးလာနေပြီး နိုင်ငံများ၏ ကာဗွန် ကန့်သတ်မှုဆိုင်ရာ ကတိကဝတ်များကို အခြေခံ၍ လက်ရှိခန့်မှန်းချက်များအရ ကမ္ဘာကြီး သည် ၂၁၀၀ ပြည့်နှစ်အတွက် ပါရီသဘောတူညီချက် ဖြစ်သည့် ကမ္ဘာ့အပူချိန်ကို ၁ ဒသမ ၅ ဒီဂရီ စင်တီ ဂရိတ် မျှော်မှန်းချက်ကို မဆိုထားနှင့် ၂ ဒီဂရီစင်တီ ဂရိတ်ထက်ပင် ပိုနေမည်ဖြစ်ကြောင်း ဟားဗတ် တက္ကသိုလ်မှ သုတေသနပညာရှင် လူးကပ်ဗားဂတ် ဇက်ပီတယ်လိုက ဆိုသည်။
၂၁၀၀ ပြည့်နှစ်တွင် ကမ္ဘာကြီးပူနွေးလာမှုကို ပျမ်းမျှ ၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ်သို့ ကန့်သတ်ရန် ၀ ဒသမ ၁ ရာခိုင်နှုန်းသာ အလားအလာရှိပြီး ၂၀၅၀ ပြည့်နှစ်တွင် ကမ္ဘာကြီးသည် ၁ ဒသမ ၈ ဒီဂရီ စင်တီဂရိတ်အထက်သို့ပင် ရောက်ရှိနိုင်သည်ဟု သုတေသနပညာရှင်များက ခန့်မှန်းကြသည်။ ၂၁၀၀ ပြည့်နှစ်တွင် ကမ္ဘာလုံးဆိုင်ရာ ပျမ်းမျှအပူချိန် မြင့်တက်လာနိုင်ခြေ အရှိဆုံးမှာ ၃ ဒီဂရီစင်တီဂရိတ် ဖြစ်နိုင်ခြေရှိပြီး လူများစွာအတွက် “အိပ်မက်ဆိုးများ” ကြုံတွေ့ရနိုင်သည်ဟု ဇက်ပီတယ်လိုက ဆိုသည်။
အပူလှိုင်းများဖြစ်ပေါ်လာမှု
ရာသီဥတုပြောင်းလဲမှုကြောင့် အလွန်အား ကောင်းသည့် အပူလှိုင်းများဖြစ်ပေါ်လာမှုသည် လုံးဝ ဆက်စပ်လျက်ရှိပြီး အထူးသဖြင့် ရုပ်ကြွင်းလောင်စာ များကို လောင်ကျွမ်းစေသော လူတို့၏ လုပ်ဆောင် ချက်ကြောင့် စက်မှုခေတ်မတိုင်မီကထက် ကမ္ဘာကြီး ကို ပိုမိုပူနွေးစေခဲ့သည်။ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကြောင့် ကမ္ဘာကြီးပူနွေးလာမှုသည် အပူလှိုင်းကို အနည်းဆုံး အဆ ၁၅၀ ပိုဖြစ်စေကြောင်း ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်က ဆိုသည်။
အမေရိကန်ပြည်ထောင်စု၌ အပူလှိုင်း ကျရောက်မှု၊ ရေကြီးမှု၊ လေဆင်နှာမောင်းတိုက်ခတ်မှု နှင့်အခြားသော ပြင်းထန်သည့် ရာသီဥတုအခြေအနေ များကြောင့် နှစ်စဉ်လူသေဆုံးမှု ပိုများကြောင်း သိရ သည်။ စပိန်နှင့် ပေါ်တူဂီနိုင်ငံတို့၌လည်း ဇူလိုင်လ အတွင်း ပြင်းထန်သည့် အပူလှိုင်းကြောင့် လူပေါင်း ၁၇၀၀ ကျော် သေဆုံးခဲ့သည်။ ယမန်နှစ်ကလည်း အမေရိကန်နှင့် ကနေဒါနိုင်ငံတို့၌ အပူချိန် ၁၂၁ ဒီဂရီ ဖာရင်ဟိုက် (၄၉ ဒီဂရီဆဲလ်စီးယပ်စ်) အထိရှိသည့် အပူချိန်ကြောင့် လူပေါင်း ရာနှင့်ချီ သေဆုံးခဲ့သည်။
မိုးခေါင်ရေရှားမှု
၂၀၂၂ ခုနှစ်အတွင်း လူပေါင်း ၂ ဒသမ ၃ ဘီလီယံ ကျော်သည် ရေနှင့်ပတ်သက်သည့် ဖိအားများကို ရင်ဆိုင်နေရပြီး လက်ရှိအချိန်ထိ ကလေးငယ် သန်း ၁၆၀ နီးပါးသည် ပြင်းထန်ပြီး ကာလရှည်ကြာ မိုးခေါင်ရေရှားမှုဒဏ်ကို ခံစားနေကြရသည်။ ၂၀၃၀ ပြည့်နှစ်တွင် ခန့်မှန်းလူဦးရေ သန်း ၇၀၀ သည် မိုးခေါင်ရေရှားမှုကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်နိုင်ခြေရှိသည် ဟု ကုလသမဂ္ဂက ခန့်မှန်းထားသည်။ ၂၀၀၀ ပြည့်နှစ် မှစ၍ မိုးခေါင်ရေရှားမှု အရေအတွက်နှင့် ကြာချိန် ၂၉ ရာခိုင်နှုန်း တိုးလာခဲ့သည်။ မိုးခေါင်ရေရှားမှုသည် သဘာဝဘေးအန္တရာယ်များ၏ ၁၅ ရာခိုင်နှုန်းကိုသာ ကိုယ်စားပြုသော်လည်း ၁၉၇၀ ပြည့်နှစ်နှင့် ၂၀၁၉ ခုနှစ်အကြား လူပေါင်း ၆၅၀၀၀၀ ခန့် သေဆုံးစေခဲ့ သည်။ ၁၉၉၈ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း မိုးခေါင်မှု ကြောင့် ကမ္ဘာ့စီးပွားရေး ဆုံးရှုံးမှုမှာ အမေရိကန် ဒေါ်လာ ၁၂၄ ဘီလီယံခန့်အထိ ရှိခဲ့သည်။ အလားတူ ပင် မိုးခေါင်ရေရှားမှုဒဏ်ခံရသော အပင်များ၏ ရာခိုင်နှုန်းသည် ပြီးခဲ့သည့် နှစ် ၄၀ အတွင်း နှစ်ဆကျော် တိုးလာပြီး မိုးခေါင်ခြင်းနှင့် သဲကန္တာရများကြောင့် နှစ်စဉ် သစ်မြေဧက ၁၂ သန်းခန့် ဆုံးရှုံးခဲ့ကြောင်း ကုလသမဂ္ဂ သဲကန္တာရ တိုက်ဖျက်ရေး ကွန်ဗင်းရှင်း (UNCCD) ၏ အစီရင်ခံစာအရ သိရသည်။
ပင်လယ်ရေမျက်နှာပြင်များ မြင့်တက်လာမှု
မကြာသေးမီက ထွက်ရှိခဲ့သည့် လေ့လာမှု အသစ်တစ်ခုအရ ကမ္ဘာကြီးပူနွေးလာမှုကြောင့် ဆွစ်ဇာလန်နိုင်ငံ၏ ရေခဲတောင်ပေါင်း ၁၄၀၀ သည် ၁၉၃၀ ပြည့်နှစ်များ အစောပိုင်းကတည်းက ၎င်းတို့၏ စုစုပေါင်းထုထည် ထက်ဝက်ခန့် ဆုံးရှုံးသွားကြောင်း တွေ့ရှိခဲ့ရပြီး ရာသီဥတုဖောက်ပြန်မှုနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများ တိုးလာနေချိန်တွင် ရေခဲတောင် များအရည်ပျော်မှု အရှိန်မြင့်တက်လာနေကြောင်း သုတေသီများက ဆိုသည်။
၂၀၁၆ ခုနှစ်မတိုင်မီ ပြီးခဲ့သည့် ၈၅ နှစ်တာ ကာလတစ်လျှောက်လုံးတွင် ရေခဲတောင်များ ထက်ဝက်ခန့် ကျဆင်းသွားခဲ့ပြီးဖြစ်ကြောင်း သုတေသီများက တွေ့ရှိခဲ့သည်။ ရေခဲတောင်များသည် ၂၀၁၆ ခုနှစ်နောက်ပိုင်း ခြောက်နှစ်တာအတွင်း နောက်ထပ် ၁၂ ရာခိုင်နှုန်း ဆုံးရှုံးသွားခဲ့သည်။
အလားတူ အာတိတ်သမုဒ္ဒရာနှင့် အတ္တလန္တိတ် သမုဒ္ဒရာတို့အကြားရှိ ဂရင်းလန်းရေခဲပြင်ကြီးမှ ရေခဲ များ အရည်ပျော်နေမှုကြောင့် ကမ္ဘာ့ပင်လယ်ရေ မျက်နှာပြင် အနည်းဆုံး ၂၇ စင်တီမီတာအထိ မြင့်တက်လာခဲ့ကြောင်း သြဂုတ်လနောက်ဆုံးပတ်က ထုတ်ပြန်သော လေ့လာမှုအစီရင်ခံစာတစ်ခုအရ သိရသည်။
ရာသီဥတုဖောက်ပြန်မှုကြောင့် ဆီးနှင်းများ လျော့နည်းလာသဖြင့် ပျက်စီးသွားသော ရေခဲပြင်များ မှ ရေခဲများ အံ့အားသင့်ဖွယ်နှုန်းဖြင့် အရည်ပျော်နေ ကြောင်း ဒိန်းမတ်နှင့် ဂရင်းလန်း၏ ဘူမိဗေဒ လေ့လာရေးအဖွဲ့မှ ရေခဲပြင်ပညာရှင် ဝီလီယံ ကိုလ်ဂန်က ပြောကြားသည်။
ပြီးခဲ့သည့်နှစ်က ထုတ်ပြန်ခဲ့သည့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ နိုင်ငံတကာအစိုးရများအဖွဲ့ (IPCC) ၏ အစီရင်ခံစာအရ ၂၁၀၀ ပြည့်နှစ်တွင် ဂရင်းလန်းရေခဲများ အရည်ပျော်ရာမှ ပင်လယ်ရေ မျက်နှာပြင် မြင့်တက်လာနိုင်ခြေ ၆ စင်တီမီတာမှ ၁၃ စင်တီမီတာအထိသာရှိမည်ဟု ခန့်မှန်းခဲ့သော် လည်း ယခုအခါ ဂရင်းလန်း၏ ရေခဲလွှာအရည်ပျော်မှု ကြောင့် သိပ္ပံပညာရှင်များ ယခင်က မျှော်လင့်ထားခဲ့ သည်ထက် နှစ်ဆကျော် မြင့်တက်လာခြင်းဖြစ်သည်။
ဇီဝမျိုးစုံ ထိခိုက်ပျက်စီးမှု
ကမ္ဘာကြီးပူနွေးလာမှုက ကမ္ဘာ့ပျမ်းမျှပင်လယ် ရေမျက်နှာပြင်ကို ပုံစံနှစ်မျိုးဖြင့် မြင့်တက်စေလျက် ရှိပြီး ပထမအချက်အနေဖြင့် ကမ္ဘာတစ်ဝန်းရှိ ရေခဲ မြစ်များနှင့် ရေခဲလွှာများသည် အရည်ပျော်ပြီး သမုဒ္ဒရာထဲသို့ ရေများစီးဝင်စေခြင်းဖြစ်သည်။ ဒုတိယအချက်မှာ ကမ္ဘာကြီးပူနွေးမှုနှင့်အတူ သမုဒ္ဒရာရေများ ပူနွေးလာသည်နှင့်အမျှ သမုဒ္ဒရာ၏ ထုထည်သည် ကျယ်ပြန့်လာခြင်းဖြစ်သည်။ ကမ္ဘာ တစ်ဝန်းရှိ ကမ်းရိုးတန်းများတစ်လျှောက် မြို့ပြ ဧရိယာများ၌ ပင်လယ်ရေမြင့်တက်မှုသည် ဒေသ တွင်းအလုပ်အကိုင်များနှင့် ဒေသဆိုင်ရာစက်မှု လုပ်ငန်းများအတွက် လိုအပ်သော အခြေခံ အဆောက်အအုံများကို ခြိမ်းခြောက်လျက်ရှိသည်။ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုသည် မြေနိမ့် ပိုင်းကမ်းရိုးတန်းဒေသများ၌ နေထိုင်သော လူဦးရေ သန်း ၆၈၀ နှင့် ကျွန်းငယ်များတွင် နေထိုင် သော လူဦးရေ ၆၅ သန်းကို အကျိုးသက်ရောက် မည်ဖြစ်ပြီး ၂၀၅၀ ပြည့်နှစ်တွင် တစ်ဘီလီယံအထိ တိုးတက်လာမည်ဟု IPCC က ခန့်မှန်းထားသည်။ ၂၁ ရာစုအကုန်တွင် ရာသီဥတုပြောင်းလဲမှုသည် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုအနိမ့်ဆုံးသို့ လျှော့ချနိုင်သည့်တိုင် အဏ္ဏဝါတိရစ္ဆာန် အရေအတွက် ၄၈-၉၂ ရာခိုင်နှုန်းအထိ ကျဆင်းသွားနိုင်ကြောင်း ခန့်မှန်းထားကြသည်။
ကမ္ဘာကြီးပူနွေးလာမှုကြောင့် ဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ဆုံးရှုံးပျောက်ကွက်နေမှု၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှု၊ စိုက်ပျိုး ရာသီ ပြောင်းလဲလာမှုနှင့် အစွန်းရောက် ရာသီဥတု ဖြစ်စဉ်များဖြစ်သည့် မုန်တိုင်းတိုက်ခတ်မှု၊ ရေကြီးမှု၊ မိုးခေါင်မှု၊ အပူလှိုင်းရိုက်ခတ်မှုများ စသည်တို့၏ ကြိမ်နှုန်းနှင့် ပြင်းအားများ တိုးမြင့်လာမှု စသည့် ဆိုးရွားသော အကျိုးဆက်များကို ပို၍ခံစားနေကြ ရပြီဖြစ်သည်။ ။