ရာသီဥတုပြောင်းလဲမှု လျော့ပါးစေရန်အပါအဝင် ရေရှည်ဖွံ့ဖြိုးရေး ရည်မှန်းချက်များအတွက် သီးနှံ၊ သစ်တော၊ သားငါးအတူစိုက်ပျိုးမွေးမြူခြင်းနည်းစနစ်များကို အလေးပေးလာသော အာဆီယံ

နောက်ခံ သမိုင်းကြောင်း

စင်ကာပူနိုင်ငံတွင် ၂၀၁၆ ခုနှစ်   အောက်တိုဘာ ၆  ရက်က အာဆီယံစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီး များအဆင့် (၃၈) ကြိမ်မြောက် အစည်းအဝေး(The Thirty Eight Meeting of the ASEAN Ministers on Agriculture and Forestry-AMAF) ကျင်းပခဲ့သည်။ ယင်းအစည်းအဝေးက ထောက်ခံအတည်ပြုခဲ့သော အစားအစာ၊ စိုက်ပျိုးရေးနှင့်သစ်တောဆိုင်ရာ   အာဆီယံပူးပေါင်းဆောင်ရွက်မှု (၂၀၁၆-၂၀၂၅) မျှော်မှန်းချက်နှင့် မဟာဗျူဟာအစီအစဉ်သည် လက်ရှိနှင့် အနာဂတ်မျိုးနွယ်ဆက်များအတွက် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု     (Sustainable Development)အပေါ်  အပေါင်းလက္ခဏာဆောင်သော အကျိုးပြုနိုင်ရေးနှင့် လူမှုစီးပွားရေးနှင့်    ယဉ်ကျေးမှုဆိုင်ရာ လူမှုရေးလိုအပ်ချက်များ  ဖြည့်ဆည်းနိုင်ရေးတို့အတွက် ယာမြေရှုခင်း(Landscape) အဆင့်၌ သစ်တော သယံဇာတများအား စဉ်ဆက်မပြတ်အုပ်ချုပ်မှုဖြင့် စီမံအုပ်ချုပ်ခြင်းသေချာစေလျက် အာဆီယံဒေသတွင်း၌

(၁) အစားအစာဖူလုံစေခြင်း၊

(၂) ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ လိုက်လျော ညီထွေရှိစေခြင်း    (Climate Adaptation) နှင့်   ရာသီဥတု  ပြောင်းလဲမှုလျှော့ချရေး(Climate Mitigation) ရည်မှန်းချက်များ တိုးမြှင့်ရရှိရေး၊

(၃) မြေယာပျက်စီးမှုများ လျော့ပါးလာစေရေးနှင့်

(၄) စဉ်ဆက်မပြတ်   ဖွံ့ဖြိုးတိုးတက်ရေး  ရည်မှန်း ချက်များ  (Sustainable Development Goals-SDG) ရရှိရေးတို့အတွက် ရေရှည်သစ်တောစီမံအုပ်ချုပ်ခြင်းနှင့် ယာမြေရှုခင်း စီမံအုပ်ချုပ်မှုတို့           ပူးပေါင်းဆောင်ရွက်သော ချဉ်းကပ်မှုတို့မှတစ်ဆင့် “သစ်ပင် သစ်တောများနှင့်အစားအစာ ထုတ်လုပ်ရေးတို့  ဆက်နွှယ်နေမှုကို  တိုးမြှင့်ဆောင်ရွက်နိုင်ရန်” ကိစ္စကို Agroforestry Systems က ပေးစွမ်းနိုင်သည်ဟု    အသိမှတ်ပြုကာ အကြိမ်(၂၀)မြောက် အာဆီယံသစ်တောအရာရှိများ (Asean Senior Official on Forestry-ASOF)   အစည်းအဝေးက   Agroforestry Systems  တိုးတက်ရေးဆိုင်ရာ  အာဆီယံလမ်းညွှန်ချက် (Asean Guidelines for Agroforestry Development) များ ရေးဆွဲရန် သဘောတူခဲ့ကြသည်။

နောက်  နှစ်နှစ်အကြာ ၂၀၁၈ ခုနှစ် (၃၉)ကြိမ်မြောက် အာဆီယံလယ်ယာနှင့် သစ်တောဝန်ကြီးများအဆင့် အစည်းအဝေးက Agroforestry ဆိုင်ရာလမ်းညွှန်ချက်များ  ရေးဆွဲရေးကို    “အာဆီယံ   နိုင်ငံများအတွင်း  သစ်တောကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး အဓိကရလဒ်” တစ်ခုအနေဖြင့် ဆောင်ရွက်ရန်အကြံပြုချက်ကို  ချမှတ်ခဲ့သည်။

ယင်း အကြံပြုချက်အရ  လူမှုရေး သစ်တောနှင့် ရာသီ ဥတုပြောင်းလဲရေး  (Social Forestry and Climate Change) စီမံကိန်းအတွက် ပူးပေါင်းဆောင်ရွက်မှုကိစ္စတွင် ပါဝင်ဆောင်ရွက်နေသူများ၊  ကုလသမဂ္ဂစားနပ်ရိက္ခာ အဖွဲ့ (FAO) နှင့်ကမ္ဘာ့သီးနှံ၊ သစ်တော၊ သားငါးအတူ စိုက်ပျိုးမွေးမြူခြင်း   ဗဟို (ICRAF-  International Centre  for  Research  in Agroforestry)     (World Agroforestry     Centre ဟုလည်းခေါ်)  အဖွဲ့သို့  အာဆီယံ အဖွဲ့ဝင်နိုင်ငံများအတွက်  သီးနှံ၊ သစ်တော၊ သားငါးအတူ စိုက်ပျိုးမွေးမြူခြင်း(Agroforestry)   ဖွံ့ဖြိုးတိုးတက်ရေး     အထောက်အကူပြု လမ်းညွှန်မူများ(Guidelines)တစ်စုံ ပြုစုပေးရန် အာဆီယံလူမှုရေး  သစ်တောမှတစ်ဆင့်  မေတ္တာရပ်ခံခဲ့သည်။   ၂၀၁၄  ခုနှစ် IPCC -Intergo-vernmental Panel on Climate Change 5th Assess-ment Report (AR 5) တွင်လည်း    အာရှဒေသရှိ    နိုင်ငံများသည် Agroforestry   အပါအဝင် အခြားနည်းလမ်းများဖြင့်   ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေဖြစ်ရေးနှင့် ရာသီဥတုပြောင်းလဲမှု လျော့ပါးရေးတို့က   ဆောင်ရွက်နေကြကြောင်း  ဖော်ပြခဲ့သည်။

Agroforestry ဆိုသည်မှာ

ဤ  Guidelines တွင် Agroforestry ဆိုသည်မှာ သစ်ပင်ကို လယ်ယာသုံးအတွက် စိုက်ပျိုးခြင်းအပါအဝင် စိုက်ပျိုးရေးသီးနှံပင်နှင့်  သစ်တောပင်တို့အတူတူ စိုက်ပျိုး ပြီး  အချင်းချင်းအပြန်အလှန်  ဆက်နွှယ်နေခြင်းကို  ဆိုလို ပါသည်။ FAO  ကမူ   မြေယာအသုံးချမှုနှင့်    အသုံးချ နည်းစနစ်ပေါင်းစုံကို   စုပေါင်းခေါ်ဆိုထားသော   အမည် ဖြစ်သည်။  ယင်းအမည်တွင်   သစ်ပင် (ချုံနွယ်၊ ဝါး၊ အုန်း၊ ထန်းကဲ့သို့သော အပင်မျိုးစသည်) ကို    စီမံခန့်ခွဲ မြေယာတစ်နေရာတွင် စိုက်ပျိုးရေးသီးနှံများ/ စိုက်ပျိုးရေးသီးနှံ+ မွေးတိရစ္ဆာန်တို့နှင့်နေရာအကွက်ချ   စိုက်ပျိုးခြင်း သို့မဟုတ်  ယာယီအလှည့်ကျ  စိုက်ပျိုးမွေးမြူသော နည်း စနစ်/မြေအသုံးချမှုများကို ဆိုသည်ဟု ဖွင့်ဆိုထားပါသည်။ ICRAF ၏ Agroforestry ဖွင့်ဆိုချက်မှာ  FAO ၏  ဖွင့်ဆို ချက်နှင့်အတူတူလောက်ဖြစ်သည်ကို တွေ့ရသည်။

အာဆီယံဒေသ၏ပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေအကျဉ်း

လူဦးရေ ၁၀ ရာခိုင်နှုန်းကျော်ကျော်မှာ  အစားအစာ ဖူလုံမှုမရှိသေးကြောင်း သိရပါသည်။ လူဦးရေတိုးပွားမှု လျင်မြန်ခြင်း၊ လယ်ယာနှင့်  သစ်တောမြေဧရိယာများ အရည်အသွေးကျဆင်းနေခြင်းတို့ကြောင့်     အနာဂတ်တွင် တိုးပွားလာသော လူဦးရေကို ဝလင်စွာမကျွေးနိုင်မည့် အခြေအနေအထိ    ဖြစ်လာနိုင်သည်၊။   ဒီအထဲ   ရာသီဥတု ပြောင်းလဲခြင်း၏ ခြိမ်းခြောက်မှုကလည်း ရှိသေးသည်။ IPCC ၏ စတုတ္ထအကြိမ် လေ့လာဆန်းစစ်ချက် အစီရင်ခံစာ (IPCC’s 4th Assessment  Report)  အရ    စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက်    စိုက်ပျိုးရေးနှင့်   သယံဇာတ ထုတ်လုပ်ရောင်းချရေးကဏ္ဍများအပေါ် အဓိကမှီခိုနေရသော အာဆီယံဒေသသည်   ရာသီဥတု ပြောင်းလဲခြင်းဒဏ်ကို  ဆိုးရွားစွာခံရနိုင်ကြောင်း  ခန့်မှန်းထားသည်။

၂၀၀၉ ခုနှစ်က ထုတ်ပြန်ခဲ့သော ADB ၏ အစီရင်ခံစာတွင်လည်း  ကမ္ဘာပေါ်တွင် ရာသီဥတုပြောင်းလဲခြင်းဒဏ်ကို အဆိုးရွားဆုံး ခံစားရနိုင်သောဒေသများတွင် အာဆီယံဒေသသည် ဒေသတစ်ခုအနေဖြင့်ပါဝင်ကြောင်း၊ စီးပွားရေးမှာ သယံဇာတအပေါ်မှီခိုနေသော စီးပွားရေးဖြစ်ကြောင်း၊ အဆိုပါဒေသတွင် မိုးရွာသွန်းမှုမှာ   တဖြည်းဖြည်းလျော့ နည်းလာနေကြောင်း၊ ၁၉၅၀ ပြည့်နှစ်ကတည်းက ရှည်လျားသော ပူပြင်းကာလနှင့် တိုတောင်းလာသော အေးမြစွတ်စိုကာလဖြစ်ပေါ်လာနေကြောင်း၊ ရာသီဥတုပြောင်းလဲခြင်း၏ဒဏ်ကို   ခံစားနေရကြောင်း  စသဖြင့်   အနုတ်လက္ခဏာဆောင်သော  ခန့်မှန်းချက်များဖြင့်  ခန့်မှန်းထားသည်ကို တွေ့ရသည်။    ဖော်ပြပါအခြေအနေများကို ရင်ဆိုင်ဖြေရှင်းနိုင်ရန်  နည်းများစွာရှိသည့်အနက် Agroforestryသည်  ဂေဟစနစ်ပျက်ယွင်းမှုအနည်းဆုံးဖြင့် ဖြေရှင်းနိုင်သောနည်းလမ်းတစ်ခု ဖြစ်ပါသည်။

လမ်းညွှန်မူများ(Guidelines)၏ ရည်ရွယ်ချက်

Guidelines တွင် အောက်ပါရည်ရွယ်ချက် (၄) ချက် ပါရှိပါသည်။ ယင်းတို့မှာ-

၁။ လယ်ယာအဆင့်၊ ယာမြေရှုခင်း(Landscape)အဆင့်နှင့် မိသားစုတစ်ပိုင်တစ်နိုင်အဆင့်တို့တွင်      စီးပွားရေး၊ လူမှုရေးနှင့်  ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ  ရလဒ်တို့ တစ်ပြိုင်နက်တည်းရရှိအောင်  Agroforestry နည်းစနစ်ကို တိုးမြှင့်ဆောင်ရွက်လာရန်၊

၂။ အဆင့်မြင့်ပညာကဏ္ဍတွင် Agroforestry စနစ်ဆိုင်ရာ သင်ရိုးနှင့်  သင်ကြားရေးအစီအစဉ်များ၊   Agroforestry နည်းစနစ်ဆိုင်ရာ   ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုနှင့်  အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၏   Agroforestry နည်းစနစ်ဆိုင်ရာ အစီအမံ၊ ဗျူဟာနှင့် မူဝါဒများ  ရေးသားဖော်ထုတ်ရာတွင် ကူညီလမ်းညွှန်ပေးနိုင်ရန် ၊

၃။ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ အစားအစာဖူလုံရေး၊ အစိမ်းရောင်  သို့မဟုတ်  စဉ်ဆက်မပြတ်  ဖွံ့ဖြိုးတိုးတက် ရေး၊ မှန်လုံအိမ်အာနိသင်လျှော့ချရေး၊ ရေဝေရေလဲ ထိန်းသိမ်းရေး၊ မြေယာထိန်းသိမ်းရေး၊ ကျားမတန်းတူမှုရှိရေး၊ လူမှုရေး/အစုအဖွဲ့ သစ်တောနှင့် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ လိုက်လျောညီထွေရှိရေးနှင့် လျှော့ချရေး (Climate Change Adaptation and Mitigation) ရည်မှန်းချက်များရရှိရေးနှင့်  ယေဘုယျအနေဖြင့် စဉ်ဆက်မပြတ်  ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များရရှိရေးများ   ရရှိအောင်ကူညီရန်နှင့်

၄။ Agroforestry နည်းစနစ်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်မှုမှတစ်ဆင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား  ဖွံ့ဖြိုးရေးပူးပေါင်းဆောင်ရွက်မှု  ပိုမိုတောင့်တင်းခိုင်မာ လာစေရေးတို့ဖြစ်သည်။

 - အကောင်အထည်ဖော် ဆောင်ရွက်မည့်  အဖွဲ့အစည်းဆိုင်ရာ   အခြေခံမူများအောက်တွင် ဤစိုက်ပျိုးနည်းစနစ်  အကောင်အထည်ဖော်နိုင်ရန်အတွက် အခြေခံကောင်းများဖန်တီးပေးရန်၊ အကောင်အထည်ဖော်မည့်     အဖွဲ့အစည်း၏  စွမ်းဆောင်ရည်  ကောင်းမွန်မှုသေချာစေရန်၊   ပြည်သူ လူထုပူးပေါင်းပါဝင်လာစေရေးနှင့်  အများဆုံးဖြတ် ဆောင်ရွက်ခြင်းမျိုးကို   အားပေးကူညီရန်အတွက် မူခွဲ (၂၁) ချက်၊

 - စီးပွားရေးအခြေခံမူများအောက်တွင် Agroforestry ၏ ထွက်ကုန်နှင့် Agroforestry က ပံ့ပိုးပေးသော ဂေဟစနစ်၏တန်ဖိုးကို   အသိအမှတ်ပြုရန်၊ ရင်းနှီးမြှုပ်နှံမှုရှိလာအောင်  အခြေအနေဖန်တီးပေးရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ခေါင်းစဉ်အောက်တို့တွင် ခေါင်းစဉ်ခွဲ (၁၇) ခု၊

 - လူမှုရေးအခြေခံမူများ  ခေါင်းစဉ်အောက်တွင်- ဒေသခံတို့၏ အသိဉာဏ်၊ ရိုးရာနှင့် ရွေးချယ်မှုကို လေးစားလိုက်နာရန်၊   ကျားမတန်းတူရေးမူနှင့် အားလုံးပါဝင်လာစေရေး၊  လုံခြုံရေးနှင့်  ပိုင်ဆိုင် ခွင့်      သေချာစေရေးခေါင်းစဉ်၏       အောက်တွင် ခေါင်းစဉ်ခွဲ(၁၆)ခု၊

 - နည်းပညာဒီဇိုင်းဆိုင်ရာ အခြေခံမူများခေါင်းစဉ်အောက်တွင်ရှိနေပြီး အခြေအနေများအပေါ် မူတည်ပြီး    ဒီဇိုင်းရေးဆွဲရေးခေါင်းစဉ်အောက်တွင် အများပါဝင်ဆုံးဖြတ်သော နည်းလမ်းဖြင့် ပါဝင်ထည့်သွင်းမည့် သစ်ပင်အမျိုးအစား၊ စိုက်ပျိုးမည့်သီးနှံအမယ်နှင့် မွေးမြူမည့်တိရစ္ဆာန်ရွေးချယ် မှုတို့ကို ဆောင်ရွက်ရန် ခေါင်းစဉ်ခွဲ (၁၀) ခုနှင့်

 - ဆက်သွယ်ဆောင်ရွက်ရေးနှင့် တိုးမြှင့်ဆောင်ရွက် ရေးမူဝါဒများခေါင်းစဉ်အောက်တွင် Agroforestry ဆိုင်ရာ အသိပညာများကို   ထိရောက်စွာ  ဖလှယ်ရေး၊ တိုးမြှင့်ဆောင်ရွက်ရေးနှင့် ရေရှည်ဆောင်ရွက်နိုင်မည့်   အစီအစဉ်ရေးဆွဲရေးအောက် တွင်  ခေါင်းစဉ်ခွဲ (၁၀) ခု ပါရှိပေသည်။

လမ်းညွှန်ချက်၏  နောက်ဆုံးအခန်းတွင် အကောင် အထည်ဖော်ဆောင်ရွက်ခြင်း၊ စောင့်ကြည့်ခြင်း၊   အကဲဖြတ် ခြင်းတို့ ပါဝင်ပါသည်။

စာရေးသူအနေဖြင့် စဉ်းစားကြည့်သည်မှာ အာဆီယံဒေသသည် ကမ္ဘာပေါ်တွင် ဇီဝဒြပ်ထု (Biomass) အများ ဆုံးသော ဒေသဖြစ်ကြောင်း သိရ၍ အဆိုပါဒေသသည် အကယ်၍ မလျော်ကန်သောနည်းများဖြင့် မြေယာရှင်းလင်း စိုက်ပျိုးမည်ဆိုပါက  (ဥပမာ- တောခုတ်  မီးရှို့အပြောင်ရှင်းပြီး စိုက်ပျိုးခြင်း) နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်သောကြောင့် သဘာဝဝန်းကျင်ပျက်စီးမှု နည်းပါးပြီး စားရေးသောက်တာ ပြည့်စုံစေကာ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းပေးလျက် ရာသီဥတုပြောင်းလဲခြင်းကိုပါ လျော့ပါးစေသော Agroforestry ကို တိုးမြှင့်အကောင် အထည်ဖော်လာသည်ဟု  တွေးမိပေသည်။ မြန်မာနိုင်ငံသည် အာဆီယံဒေသတွင်   ရှေ့ပြေး အကောင်အထည်ဖော်မည့် သုံးနိုင်ငံ(လာအို၊ ကမ္ဘောဒီးယာ၊  မြန်မာ) သုံးနိုင်ငံတွင် ပါဝင်ပေသည်။

သစ်တောသစ်ပင်များက ကာဗွန်စုပ်ယူပေးနိုင်သဖြင့် စိုက်ပျိုးမွေးမြူခြင်း၌ သစ်တောသစ်ပင်ပါဝင်အောင် ထည့်သွင်းစီမံထားသည့် Agroforestry သည် ရာသီဥတု ပြောင်းလဲခြင်းကို လျော့ပါးသွားစေသလို    သစ်ပင် သစ်တောများက ယင်းတို့တစ်ဝိုက်ရှိလေထဲသို့ ရေငွေ့ဓာတ်ပြန်လည်လွှတ်ပေးနေသဖြင့် လေအေးပေးစက်ကဲ့သို့ အေးမြနေအောင် ဆောင်ရွက်နေမှုမျိုးလည်းတွေ့ရသည်။

သို့သော်လည်း ဤ Agroforestry သည်  အကြောင်း များစွာကြောင့် ဖွံ့ဖြိုးတိုးတက်သင့်သလောက် မဖွံ့ဖြိုးဘဲ နေသည်မှာ အာဆီယံဒေသတွင် Agroforestry အတွက် မူဝါဒ၊ အဖွဲ့မရှိသေးခြင်း ၊ Agroforestry ဆိုင်ရာ မူဝါဒနှင့် ဤစိုက်ပျိုးမွေးမြူနည်းလမ်းများ ဖြန့်ဖြူးပေးမည့် ယန္တရားလိုအပ်နေသေးခြင်းတို့ကြောင့် ရာသီဥတုပြောင်းလဲမှု လျော့ပါးစေရန် အပါအဝင်ရေရှည်ဖွံ့ဖြိုးရေးရည်မှန်းချက်များရရှိရေးအတွက် Agroforestry Systems ကို အလေးပေးဆောင်ရွက်လာသော  အာဆီယံဟုထင်မြင် မိပါကြောင်း ရေးသားရပေသည်။

ပါမောက္ခဒေါက်တာစန်းဝင်း(သစ်တော)