ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံကြီး၌ အရေးပေါ်နှင့် ပြင်ပလူနာဌာန အဆောင်သစ်ဖွင့်ပွဲနှင့် ဆေးရုံးသုံးပစ္စည်းများ လှူဒါန်းပွဲကျင်းပ

ရန်ကုန် ၁၆ ဒီဇင်ဘာ

 

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံကြီးတွင် အရေးပေါ်နှင့် ပြင်ပလူနာဌာန အဆောင်သစ်ဖွင့်ပွဲနှင့် ဆေးရုံသုံးပစ္စည်းများ ပရိဘောဂပစ္စည်းများ လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ အဆိုပါ အဆောင်သစ်၌ ကျင်းပသည်။

 

ရှေးဦးစွာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တရားသူကြီးချုပ် ဦးလှအေးနှင့် တာဝန်ရှိသူများက အရေးပေါ်နှင့် ပြင်ပလူနာဌာန အဆောင်သစ်ဖွင့်ပွဲ အခမ်းအနားအား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးပြီး အဆောက်အဦသစ် ကဗ္ဗည်းကြေးပြားအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။

 

ထို့နောက် ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် စိတ်ကျန်းမာရေးနှင့် ပတ်သက်ပြီး ခံစားနေရသော ဝေဒနာရှင်တွေအတွက် ပြင်ပလူနာဌာနနှင့် အရေးပေါ်ဌာနတစ်ခုကို ရန်ကုန်မြို့တွင် ယခုလို ဖွင့်လှစ်လှူဒါန်း ဆောင်ရွက်ပေးနိုင်သည့်အတွက် အလွန်မင်္ဂလာရှိကြောင်း၊ အရည်အသွေး ကောင်းမွန်သော ဆေးရုံတစ်ခု ဖြစ်မြောက်ရေးအတွက် လှူဒါန်းပေးခဲ့သည့် Mother Construction အား ကျေးဇူးတင်ပါကြောင်း၊ ဒါကြောင့် ဒီကနေ့ စိတ်ကျန်းမာရေးဆေးရုံတွင် ပြင်ပလူနာနှင့် အရေးပေါ် ဌာနတစ်ခုအား ဆောင်ရွက်နိုင်ပြီး ယခုထက်ပိုမို ကောင်းမွန်ပြီး ပြည်သူများ၏ လိုအပ်ချက်များကို ဝန်ဆောင်မှုပေးနိုင်သော ဆေးရုံဖြစ်အောင် ဆောင်ရွက်သွားကြရမှာ ဖြစ်ကြောင်း၊  ဆေးရုံအား ဆောက်လုပ်လှူဒါန်းသလို ဆေးရုံအတွင်းမှာရှိသည့် ပစ္စည်းများအား လှူဒါန်းပေးသော အလှူရှင်များကိုလည်း ကျေးဇူးတင်ပါကြောင်း ပြောကြားသည်။

 

ဆန်းကျော်ဦး (ပြန် /ဆက်)