ရွာငံနှင့် မိုင်းပန် မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်  ၁   မတ်

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၂၉ ရက် မွန်းလွဲ ၂ နာရီက ရွာငံမြို့နယ်၊ ယုန်တောင်ကျေးရွာအနီး၊ ရွာငံ-ကျောက်ဆည် သွားကားလမ်းတွင် ဖိုးအောင် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကိုရပ်တန့်ရှာဖွေရာ ဘိန်းစိမ်း ၂၄ ကီလိုနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့အား သိမ်းဆည်းရမိခဲ့သည်။

အလားတူ ယင်းနေ့ နံနက် ၈ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် မိုင်းပန်မြို့နယ်၊ တာဆန်းကျေးရွာ၊ တာဆန်းတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် စိုင်းဝင်းတစ် မောင်းနှင်ပြီး အိုက်ရီနှင့် စိုင်းမိန်းတို့ လိုက်ပါလာသည့် ဒိုင်နာ အမျိုးအစားအဖြူရောင်မော်တော်ယာဉ်အားရပ်တန့်စစ်ဆေးရှာဖွေနေစဉ် စိုင်းဝင်းတစ်မှာ ယာဉ်ပေါ်သို့ ခုန်တက်မောင်းနှင်ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးရာ မိုင်းတုံမြို့နယ်၊ ဝမ်စလား ကျေးရွာသွားလမ်းခွဲ ဆိုင်းဘုတ်အနီး၌ မော်တော်ယာဉ်အားရပ်တန့်ထားပြီး စိုင်းဝင်းတစ်မှာတိမ်း ရှောင်သွားသဖြင့် မော်တော်ယာဉ်အား တာဆန်းတံတားပူးပေါင်းစစ်ဆေးရေးဂိတ်သို့သယ်ဆောင်ကာ ယာဉ်နှင့်ကုန်ပစ္စည်း များအား ထပ်မံဖွင့်ဖောက်စစ်ဆေးရာ ငွေကျပ်သိန်း ၆၀၃၀ တန်ဖိုးရှိ ဘိန်းဖြူ ၂၄ ဒသမ ၁၂ ကီလို၊ မြန်မာငွေကျပ် ၂ သိန်းနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေး ယူထားကြောင်း ရဲပြန်ကြားမှ သိရသည်။ 

(သတင်းစဉ်)