ရွာငံမြို့နယ်တွင် လမ်းလုပ်ငန်း (၁၈)ခု၊ တံတားလုပ်ငန်း(၈)ခု၊ ရေရရှိရေးလုပ်ငန်း(၄)ခု၊ မီးရရှိရေးလုပ်ငန်း(၁)ခုနှင့် အခြားလုပ်ငန်း(၁၁)ခု ဆောင်ရွက်လျက်ရှိ

ရွာငံ  ၂၆  ဇွန်

 

ရှမ်းပြည်နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်တွင် ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များအား ယမန်နေ့က ရွာငံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဇော်ဟိန်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဆင်နက်ချောင်ကျေးရွာ အားကစားကွင်း မြေညှိခြင်းလုပ်ငန်း၊ ကျောက်မြောင်း (ရေဦး)-ကျောက်ပိစပ် ကျေးရွာချင်းဆက် ကျောက်ချောလမ်းခင်းခြင်း၊ ကျောက်မြောင်း(ရေဦး) စာသင်ကျောင်း၊ အုတ်တံတိုင်း ကာရံခြင်းလုပ်ငန်း၊ စာသင်ကျောင်းမျက်နှာကျက် တပ်ဆင်ခြင်းလုပ်ငန်း၊ အင်းကြီးကျေးရွာ ဆေးပေးခန်းအဝင်လမ်း ကျောက်ချောခင်းခြင်းလုပ်ငန်း၊ ဒလပင်ကျေးရွာ သောက်သုံးရေကန် ဖော်ထုတ်ခြင်း (မြေသားကန်)၊ ရေတင်ရန်မီးစက်၊ ပန့်ဝယ်ခြင်းလုပ်ငန်း၊ မြေသားလမ်းချဲ့ခြင်းလုပ်ငန်း၊ ကျောက်ငှက်ကျေးရွာ စာသင်ကျောင်းသွားလမ်း ကျောက်သဲ ခင်းခြင်းလုပ်ငန်း၊ ရွာငံမြို့၊ ရွာမရပ်ကွက် ခတ္တာလမ်းကျောက်ချောခင်းခြင်း၊ သုဒ္ဓါဝါသကျောင်းလမ်း ကျောက်ချော ခင်းခြင်းလုပ်ငန်းများကို  ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

 

အဆိုပါ ရွာငံမြို့နယ်ရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

 

ရွာငံမြို့နယ်တွင် ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေနှင့် ပြည်သူလူထု ပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများမှာ လမ်းလုပ်ငန်း (၁၈)ခု၊ တံတားလုပ်ငန်း(၈)ခု၊ ရေရရှိရေးလုပ်ငန်း(၄)ခု၊ မီးရရှိရေးလုပ်ငန်း(၁)ခုနှင့် အခြားလုပ်ငန်း(၁၁)ခုရှိကြောင်း သိရသည်။

 

(ရွာငံ ပြန်/ဆက်)