ကမမောင်း ၂၇ ဇွန်
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် Care Myanmar အဖွဲ့၏ ကူညီပံ့ပိုးမှုဖြင့် ရာဘာမျိုး သုံးမျိုးစိုက်ပျိုးနိုင်ရေးအတွက် မျိုးကိုင်းပွားခင်းကို တည်ထောင်စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။
ဒေသ၊ရေ၊ မြေ၊ ရာသီဥတုနှင့် ကိုက်ညီသည့် ရာဘာမျိုး သုံးမျိုးဖြစ်သည့် BPM 24 ၊ PB 235 ၊ RRIT 251 ကို မျိုးသန့်အဖူးကူးပျိုးပင်(Bud Wood Nursery) စိုက်ပျိုးနိုင်ရေး အတွက် မျိုးကိုင်းပွားခင်းကို ကျွန်းတောကျေးရွာရှိခြံရှင် ဦးမျိုးချစ်၏ ခြံမြေတွင် ပျိုးပင်(၁၂၀၀)
ပင်ကို တည်ထောင်စိုက်ပျိုး ခဲ့ခြင်းဖြစ်သည်။
ဖာပွန်ခရိုင်အတွင်းရှိ ရာဘာစိုက်ခင်းအသစ် တည်ထောင်စိုက်ပျိုးကြမည့် ခြံရှင်များ၊ သက်တမ်းလွန် ရာဘာပင်အိုများ၊ အခေါက်ပျက်စီးပင်များအား ခုတ်လှဲ၍ အသစ်ပြန်လည် စိုက်ပျိုးရန်ပြင်ဆင်နေသည့် ခြံရှင်များအား ဒေသအတွင်း မိမိတို့စိုက်ပျိုးလိုသည့် ရာဘာ အစေးအထွက်နှုန်း ကောင်းမွန်သော မျိုးကောင်း၊မျိုးသန့်ရရှိစေရေးနှင့် မျိုးမှန်ကန်စွာ ရရှိစေရေးအတွက် ရည်ရွယ်၍ မျိုးကိုင်းပွားခင်းကို နည်းစနစ်မှန်ကန်စွာဖြင့် စနစ်တကျ စိုက်ပျိုး ထုတ်လုပ် နိုင်သွားနိုင်ရေးအတွက် ပြည်နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး ဒေါ်ခင်သီနွယ်က ကွင်းဆင်း၍ ကြီးကြပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
လင်းသန့်(ပြန်/ဆက်)


