ပူတာအိုတွင် သင်္ကြန်ကာလအတွင်း ပျံသန်းမှု ယာယီရပ်ဆိုင်းခဲ့သော မြန်မာအမျိုးသားလေကြောင်းလိုင်း ပုံမှန်အတိုင်း ပြန်လည်ပျံသန်းပြေးဆွဲ

ပူတာအို   ၁  မေ  

 

သင်္ကြန်ကာလ နှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပူတာအိုတွင် မြန်မာအမျိုးသားလေကြောင်းလိုင်း ပျံသန်းမှုကို ယာယီရပ်ဆိုင်းခဲ့ရာ ယခုအခါ ခရီးသွားပြည်သူများ သွားလာရေး အဆင်ပြေစေရန် မေ ၁ ရက်မှ စပြီး ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲ ပျံသန်းလျက်ရှိကြောင်း မြန်မာအမျိုးသားလေကြောင်း ပူတာအိုဌာနခွဲ တာ၀န်ခံ ဦးလှမြင့်ထံမှ သိရသည်။



“ လက်ရှိမှာ မေလ ၁၊ ၃၊ ၄၊ ၆၊ ၈ ရက်များမှာ ပြေးဆွဲဖို့လျာ ထားပေမဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်း အရှိန်အဟုန်မြှင့် ဆောင်ရွက်နေချိန်ဖြစ်လို့ အကြောင်းအမျိုးမျိုး ဖြစ်ပေါ်လာခဲ့ရင် အခြေအနေအရပဲ ပျံသန်းပြေးဆွဲသွားမှာ ဖြစ်ပါတယ်။ လက်မှတ်များကိုတော့ ပုံမှန်အတိုင်း အရောင်းကိုယ်စားလှယ်များနဲ့ အွန်လိုင်းကနေ ၀ယ်ယူအားပေးလို့ရပါတယ်” ဟု ၎င်းကပြောကြားသည်။

 

2

 

မြန်မာအမျိုးသားလေကြောင်းလိုင်းဖြင့် ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနားမှ ပူတာအိုမြို့သို့ ပြန်လည်ရောက်ရှိလာသော ခရီးသွား ပြည်သူများအား ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဆေးရုံအုပ် ဒေါက်တာသန့်ဇင်ထွန်းနှင့် မြို့နယ်အဆင့် လုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်တို့ ဦးဆောင်သော အဖွဲ့မှ စနစ်တကျ ကျန်းမာရေးစစ်ဆေးခြင်း၊        ခရီးသွားရာဇဝင် မေးမြန်း စာရင်းရေးသွင်းခြင်းနှင့် သက်ဆိုင်ရာ    Community Base Facility Quarantine များသို့ ညွှန်းပို့ခြင်းတို့ ဆောင်ရွက်ခဲ့ရာ ခရိုင်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်က လာရောက်ကြည့်ရှုခဲ့သည်။

မြန်မာအမျိုးသားလေကြောင်းလိုင်း ပျံသန်းပြေးဆွဲမှုကို ဧပြီ (၁၃) ရက်မှ (၃၀) ရက်အထိ ယာယီ ရပ်ဆိုင်းခဲ့ခြင်းဖြစ်ပြီး ယခုအခါအပတ်စဉ် တနင်္ဂနွေ၊ တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့များတွင် ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲ ပျံသန်းပေးသွားမည်ဖြစ်သည်။ အလားတူ ရွှေမြန်မာ လေကြောင်းလိုင်းကိုလည်း မေ (၁၆) ရက်မှ စတင် ပျံသန်းပြေးဆွဲ သွားမည်ဖြစ်ကြောင်း သိရသည်။
         
ပူတာအိုခရိုင်တွင် ခရီးသွားလုပ်ငန်းများနှင့် ကုန်သွယ်မှုလုပ်ငန်းများအတွက် လေကြောင်းလိုင်းနှင့် ကားလမ်းများကိုသာ အဓိက အားကိုးအားထားပြုရပြီး  လေကြောင်းလိုင်းအနေဖြင့် မြန်မာအမျိုးသား လေကြောင်းလိုင်း နှင့် ရွှေမြန်မာ လေကြောင်းလိုင်း နှစ်လိုင်းသာ ပျံသန်းပြေးဆွဲ လျက်ရှိကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)