ပူတာအိုခရိုင်ရှိ မြို့နယ် နှစ်မြို့နယ်တွင် ဒေသခံတောင်သူများအတွက် မိုးရာသီချေးငွေနှင့် ကိုဗစ်ကာလ အထူးချေးငွေများ ကွင်းဆင်းထုတ်ချေး

ပူတာအို  ၂၈  ဇူလိုင်

 

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်းရှိ မြို့နယ်နှစ်မြို့နယ်တွင် စိုက်ပျိုးရေးလုပ်ကိုင်နေသည့် တောင်သူများ စိုက်ပျိုးရေးကိုပုံမှန်လုပ်ကိုင်နိုင်ရန်အတွက် မိုးရာသီချေးငွေများကို နှစ်စဉ်ထုတ်ချေးပေးလျက်ရှိရာ ကိုဗစ်ကာလ အထူးချေးငွေဖြင့် တစ်ဧက ကျပ် ၅၀၀၀၀ နှုန်းနှင့် ၁၀ ဧကအထိ ကွင်းဆင်းထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

 

“ကျွန်မတို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအနေနဲ့ မြစ်ကြီးနား၊ ဝိုင်းမော်၊ ပူတာအို၊ နောင်မွန် လေးမြို့နယ်မှာ ရှိတဲ့ မိုးစပါးစိုက်ပျိုးတောင်သူတွေကို ချေးငွေ ထုတ်ချေးပေးလျက်ရှိပါတယ်။ ၂၀၂၀ ပြည့်နှစ် မိုးရာသီစိုက်ပျိုး စရိတ်ကတော့ တစ်ဧကကို တစ်သိန်းခွဲနှုန်းနဲ့ ကိုဗစ်ကာလအထူးချေးငွေက တစ်ဧက ငါးသောင်းနှုန်း ထုတ်ချေး ပေးနေတာဖြစ်ပါတယ်။ ယခင်နှစ် အတိုးနှုန်းက ၈ ရာခိုင်နှုန်းဖြစ်ပေမယ့် ကိုဗစ်ကာလကြောင့် ယခုနှစ်မှာတော့ ၅ ရာခိုင်နှုန်းနဲ့ ထုတ်ချေးပေးပါတယ်။ အမှုတွဲကိုတော့ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေကနေပြီးမှ ပုံစံ(၇)ရယ် မိတ္တူရယ် စာချုပ်စာတမ်းတွေနဲ့ တင်ပြလာတဲ့အခါမှာ ကျွန်မတို့က အမှုတွဲတွေကို တိုက်ဆိုင် စစ်ဆေးပြီးမှ အဆင်ပြေစွာနဲ့ ထုတ်ချေးပေးပါတယ်” ဟု မြစ်ကြီးနားမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဒေါ်မြတ်နွဲ့သန်းက ပြောသည်။

 

ပူတာအိုခရိုင်အတွင်းရှိ ပူတာအို၊ နောင်မွန်မြို့နယ်များတွင် မိုးရာသီချေးငွေများကို ဇူလိုင် ၁၅ ရက်မှ ဇူလိုင် ၂၈ ရက်အထိ ထုတ်ချေးပေးခဲ့ပြီး ပုံစံ(၇)ပိုင်ဆိုင်ထားသည့် တောင်သူများကို လယ်တစ်ဧက တစ်သိန်းခွဲ အတိုးနှုန်း တစ်နှစ် ၅ ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးခဲ့ခြင်းဖြစ်ရာ အဆိုပါ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများနှင့် ကိုဗစ်ကာလ အထူးချေးငွေများကို ရာသီသီးနှံပေါ်ချိန်တွင် ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း သိရသည်။

 

ပူတာအိုခရိုင်အတွင်းရှိ ပူတာအိုမြို့နယ်တွင် မိုးရာသီချေးငွေများကို ရပ်ကွက်/ကျေးရွာအုပ်စု (၁၃) ခု၊ တောင်သူ (၁၃၃၁)ဦး၊ လယ်ဧက(၃၃၄၀)အတွက် ကျပ်သိန်းပေါင်း(၅၀၁၀ ဒသမ ၀၀)၊ ကိုဗစ်ကာလအထူးချေးငွေကို ရပ်ကွက်/ကျေးရွာအုပ်စု(၁၀)ခု တောင်သူ(၁၂၇)ဦး၊ လယ်ဧက(၁၈၈၀)အတွက် ကျပ်သိန်းပေါင်း(၉၄၀ ဒသမ ၀၀) နှင့် နောင်မွန်မြို့နယ်တွင် မိုးရာသီချေးငွေကို ရပ်ကွက်/အုပ်စု(၈)ခု၊ တောင်သူ(၂၃၇)ဦး၊ လယ်ဧက(၄၀၃)အတွက် ချေးငွေကျပ်သိန်းပေါင်း(၆၀၄ ဒသမ ၅၀)၊ ကိုဗစ်ကာလအထူးချေးငွေကို ရပ်ကွက်/ အုပ်စု(၆)ခုတွင် တောင်သူ(၁၀၃)ဦး၊ လယ်ဧက(၁၆၇)အတွက် ချေးငွေကျပ်သိန်းပေါင်း(၈၃ ဒသမ ၅၀)တို့ကို မြစ်ကြီးနားမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဒေါ်မြတ်နွဲ့သန်းနှင့် ၀န်ထမ်းများက ကွင်းဆင်း ထုတ်ချေး ပေးခဲ့ကြောင်း သိရသည်။ 

 

ဖုန်ကန်(ပြန်/ဆက်)