ပူတာအိုခရိုင် ပြည်သူ့ဆေးရုံ၌ အရိုး၊အကြော၊ အဆစ်ဝေဒနာရှင်လူနာများအား ကြည့်ရှုစစ်ဆေး ကုသပေးခြင်းနှင့် အသိပညာပေးဟောပြော

ပူတာအို  ၁၅   နိုဝင်ဘာ 

 

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ရန်ကုန်မြို့ကုတင်(၅၀ဝ)ဆံ့ဆေးရုံကြီး     အရိုး၊အကြော၊ အဆစ်ဆေးပညာ ဌာနမှ ပါမောက္ခဒေါက်တာချစ်စိုးဦးဆောင်သောအဖွဲ့နှင့်  ပူတာအိုခရိုင် ကျန်းမာရေးဌာန ဝန်ထမ်းများ ပူးပေါင်းပါ ဝင်မှုဖြင့် ဒေသခံပြည်သူ  အရိုး၊ အကြော၊ အဆစ် ဝေဒနာရှင် လူနာများအား ကြည့်ရှုစစ်ဆေးကုသပေးခြင်းနှင့် အသိပညာပေးဟောပြောမှု များကို ယနေ့နံနက် ၉ နာရီမှစတင်၍     ပူတာအိုခရိုင် ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ပါမောက္ခဒေါက်တာချစ်စိုး ဦးဆောင်သောအဖွဲ့သည်   ဒေသခံ ပြည်သူ အရိုး၊ အကြော၊ အဆစ် ဝေဒနာ ရှင်လူနာ(၈၅)ဦးအား နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ကြည့်ရှုစစ်ဆေး ကုသပေး မှုများဆောင်ရွက်ပေး ခဲ့ပြီး  ယင်းအထဲမှ ဆက်လက်ကုသရန် လိုအပ်သော လူနာများအား အဆိုပါ အရိုး၊အကြော၊ အဆစ်ဆေးပညာဌာန၏ စစ်ဆေးတွေ့ရှိသည့် လူနာမှတ်တမ်းအရ   ပူတာအိုခရိုင် ပြည်သူ့ဆေးရုံတွင် ဆက်လက် ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ထို့အပြင် ပါမေက္ခ ဒေါက်တာချစ်စိုးက ပူတာအိုခရိုင် ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ကျန်းမာရေးဌာန ဝန်ထမ်းများနှင့် ကျန်းမာရေး လုပ်ငန်းများ ဆောင်ရွက်သောဆက်စပ် အဖွဲ့အစည်းများမှ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ အရိုး၊အကြော၊အဆစ်ရောဂါနှင့်ပတ်သက်၍ အသိပညာပေး ဟောပြောမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ဖုန်ကန်(ပူတာအို)