ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်တွင်  မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် လျှပ်စစ်ကြိုးများပေါ် သစ်ပင်ကြီးများ လဲကျကာ လျှစ်စစ်မီးပြတ်တောက်မှုဖြစ်ပွား

မချမ်းဘော့  ၂၀   စက်တင်ဘာ    

ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်တွင် စက်တင်ဘာ ၁၉ ရက် ည ၇ နာရီ ခန့်တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့်သစ်ပင်များ ကျိုးကျပြီး ကားလမ်းမများပိတ်ဆို့ခြင်း၊ သစ်ကိုင်းများ သစ်ပင်များ လျှပ်စစ်မီးကြိုးနှင့် ငြိပြီး မြို့ပေါ်ရပ်ကွက်များ လျှပ်စစ်မီးပြတ်တောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မချမ်းဘော့မြို့နယ်တွင် ည ၇နာရီမှစတင်၍ မိုးသက်လေပြင်းများ တိုက်ခတ်ပြီး ည ၉နာရီ မိနစ်၂၀ ခန့်တွင် မိုးသက်လေပြင်းများ ငြိမ်သက်သွားပြီးနောက် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တာဝန်ခံဦးစီးမှူး ဦးယန်မီဆင်ဆားရ်နှင့် တပ်ဖွဲ့ဝင်များ၊ ပြည်သူများက ညတွင်းချင်းလိုက်လံစစ်ဆေးပြီး လမ်းမပေါ်လဲကျပိတ်ဆို့နေသော သစ်ပင်ကြီးများနှင့် သစ်ကိုင်းများ၊ လျှပ်စစ်မီးကြိုးများတွင်ငြိနေသော သစ်ကိုင်းသစ်ခက်များကို ခုတ်ထွင်ရှင်းလင်းခဲ့ကြသည်။   

ဖြစ်စဉ်ကြောင့် အလက(မြို့မ)ကျောင်းပင်မဆောင် အမိုးလန်ပျက်စီးမှုများ၊ သစ်ပင်ကြီးများ လဲကျခြင်းကြောင်း ကားလမ်းခေတ္တပိတ်ဆို့မှုများ၊ လျှပ်စစ်ဝါယာကြိုးများကို သစ်ပင်သစ်ကိုင်းများ ပိကျမှုကြောင့် တစ်မြို့လုံးလျှပ်စစ်မီးပြတ်တောက်မှုများဖြစ်ပွားခဲ့ရာ ယနေ့နံနက်တွင်တာဝန်ရှိသူများက လျှပ်စစ်မီးများပြန်လည်ရရှိရေးဆောင်ရွက်လျက်ရှိသည်။

အဆိုပါ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် လူနှင့်တိရိစ္ဆာန်များတစ်စုံတစ်ရာ ထိခိုက်ပျက်စီးမှုများမရှိကြောင်း သိရသည်။
                                             
ဆန်းညွှန့်(ပူတာအို)

 

mdn