ပူးပေါင်းပါဝင် ဆည်မြောင်းစနစ်လမ်းကြောင်းပေါ် ခရီးနှင်နေသည့် ငါးရွာမင်္ဂလာ ရေအသုံးချသူများကို တောင်သူများနှင့် ဖွဲ့စည်းထားရှိ

နေပြည်တော် ၁၁ ဇွန် 

 

မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးလုပ်ငန်းများအတွက် သဘာဝမိုးရေကိုအားထားပြီး တစ်နှစ်တစ်သီးသာ စိုက်ပျိုးနိုင်သည့်စနစ်မှ ရာသီမရွေးစိုက်ပျိုးနိုင်ရန် စိုက်ပျိုးရေရရှိရေးကို ဆည်မြောင်းတာတမံ ရေလွှဲဆည်များတည်ဆောက်ခြင်း၊ မြစ်ရေတင်စီမံကိန်းများ တည်ဆောက်ခြင်း၊ မြေအောက်ရေကို ထုတ်ယူသုံးစွဲခြင်းနှင့် တောင်ပေါ်ဒေသများတွင် စိမ့်စမ်းရေထွက်များမှရေကို သွယ်ယူအသုံးပြုခြင်း စသော နည်းလမ်းပေါင်းစုံဖြင့် နိုင်ငံတော်မှ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသည်။ 

 

ထိုသို့ဆောင်ရွက်ရာတွင် ရေရရှိရေးအခြေခံအဆောက်အအုံ တည်ဆောက်ခြင်းလုပ်ငန်းများသာမက ကုန်ကျစရိတ်များစွာဖြင့် ရယူခဲ့သည့်မြစ်ရေကို အလေအလွင့်အနည်းဆုံးဖြင့် စီမံအသုံးပြုစေရန်နှင့် ပိုမိုကောင်းမွန်သော ရေပေးဝေနည်းစနစ်များကို ပြောင်းလဲအသုံးပြုနိုင်စေရန်နှင့် ပြုပြင်ထိန်းသိမ်းကုန်ကျစရိတ် ထိရောက်စေရန်ရည်ရွယ်၍ တောင်သူလယ်သမားများ ပူးပေါင်းပါဝင် ဆည်မြောင်းစီမံခန့်ခွဲမှုစနစ် လမ်းညွှန်ချက် Participatory Irrigation Management (PIM) နှင့်အညီ ရေအသုံးချသူအသင်းများ ဖွဲ့စည်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

 

ပူးပေါင်းပါဝင် ဆည်မြောင်းစီမံခန့်ခွဲမှုစနစ်ဆိုသည်မှာ စိုက်ပျိုးရေးအတွက် ရေစီမံခန့်ခွဲမှု လုပ်ငန်းများတွင် သက်ဆိုင်ရာအစိုးရဌာန အဖွဲ့အစည်းများနှင့် တောင်သူများကိုယ်တိုင်ပါဝင်သည့် ရေအသုံးချသူများအသင်း Water User Association (WUA) နှင့် ရေအသုံးချသူများအဖွဲ့ Water User Group (WUG) တို့အတူတကွ ပူးပေါင်းပါဝင်သည့် ရေစီမံခန့်ခွဲမှု စနစ်တစ်ရပ် ဖြစ်သည်။

 

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်ရှိ ပျော့ရွာလျှပ်စစ်မြစ်ရေတင် စီမံကိန်းကို အသက်မွေးဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာဖူလုံရေးရန်ပုံငွေအဖွဲ့ Lift Fund အကူအညီ အထောက်အပံ့ဖြင့် UNOPS, IWMI, WHH, ICRISAT, NEPS အစရှိသော ပြည်တွင်းပြည်ပ ပညာရှင်အဖွဲ့များဖြင့် ရေပေးမြောင်း၊ ရေပေးအဆောက်အဦများ ရေစုပ်စက်၊ ရေတင်စက်ရုံများ ပိုက်လိုင်းများ ရေသောက်စနစ် မြှင့်တင်ခြင်းလုပ်ငန်းများနှင့် စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာတွင် ရေပေးရေယူစနစ်တကျ ဖြစ်စေရန်နှင့် ရေယူတောင်သူများ စိုက်ပျိုးရေ မျှမျှတတရရှိနိုင်ရေးအတွက် ရေအသုံးချသူများအသင်း WUA ဖွဲ့စည်းရန် IWMI အဖွဲ့မှ ကျေးရွာများ အရောက်ကွင်းဆင်းပြီး ရေယူတောင်သူများနှင့်တွေ့ဆုံကာ ဆွေးနွေးပညာပေးခြင်း စသည့်လုပ်ငန်းများအား ၂၀၁၇ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့သည်။    

 

ရေတင်စီမံကိန်းဧရိယာရှိ ပျော့ရွာ၊ နဘဲကြူး၊ ကန်ပြား၊ ညောင်ရင်း၊ မူးဝရွာတောင် စသော ကျေးရွာ(၅)ရွာပါဝင်သည့် (၅)ရွာမင်္ဂလာ ရေအသုံးချသူများအသင်းကို ၂၀၁၈ ခုနှစ် ဇွန် ၆ ရက်တွင် ဖွဲ့စည်းတည်ထောင်ပြီး ငါးရွာမင်္ဂလာရေအသုံးချသူများအသင်းကြီးမှ ဦးဆောင်၍ ရေသုံးစွဲသူ တောင်သူများ စိုက်ပျိုးရေရရှိရေးအတွက် ယခင်သီးနှံရာသီများတွင် လယ်ကြားမြောင်းအဆင့်ထိအား ရေပေးမြောင်းများ သန့်ရှင်းရေးဆောင်ရွက်နိုင်ခဲ့ပြီး (၂၀၁၉-၂၀၂၀) မိုးသီးနှံရာသီတွင် ဌာနနှင့် အသင်းကြီးပူးပေါင်း၍ ရေသုံးစွဲမည့်တောင်သူများ အဆင်ပြေစေရေးအတွက် လယ်ကြားမြောင်းများအပြင်၊ လက်တံမြောင်းများအထိ မြောင်းသန့်ရှင်းရေးလုပ်ငန်းများကို စည်းရုံးဆောင်ရွက်ခဲ့ရာ တောင်သူများမှ ယခုနှစ် ဇွန် ၈ ရက်မှ ၂၅ ရက်အတွင်း ရေတင်အဆင့်(၃)ဆင့်ရှိ လက်တံမြောင်း (၁၅)မြောင်းနှင့် DO မြောင်းများအား ရေစီးရေလာကောင်းမွန်ရေးအတွက် မြောင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ရာ ဇွန် ၈ ရက်တွင် ရေတင်အဆင့်(၂)ရှိ လက်တံ(၇)၊ လက်တံ(၉)၊ လက်တံ(၁၁) မြောင်းများအား ရေသုံးစွဲသူများအသင်းမှ ရှင်းလင်းဆောင်ရွက်လျက် ရှိသည်။

 

ပျော့ရွာလျှပ်စစ်မြစ်ရေတင် စီမံကိန်းမှ (၂၀၁၉-၂၀၂၀) မိုးသီးနှံရာသီတွင် စပါး(၁၄၀၀)ဧကနှင့် အခြားသီးနှံ (၄၀၀)ဧက စုစုပေါင်း(၁၈၀၀)ဧကအား ရေပေးနိုင်ရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများနှင့်အတူ (၅)ရွာမင်္ဂလာ ရေအသုံးချရေးအသင်းဝင် တောင်သူများမှလည်း အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဟန်သိန်းမောင်