ပူဒဏ်အန္တရာယ် သိမှတ်ဖွယ်ရာအဖြာဖြာ (အပိုင်း-၄)

ပါမောက္ခ ခင်မောင်ဝင်း(အသည်း)

ပူဒဏ်ကြောင့်ရတဲ့ ရောဂါတွေမိတ်ပေါက်တာ (Prickly Heat)

အပူကြောင့် ပထမဆုံးဖြစ်လာတာကတော့ မိတ်ပေါက် တာပါပဲ။ မိတ်ပေါက်တယ်ဆိုတာက ချွေးတွေ သိပ်ထွက်လွန်းပြီး ချွေးပေါက်လေးတွေ ပိတ်သွားလို့ နီနီရဲရဲ အဖုလေးတွေ တစ်ကိုယ်လုံး အရေပြားတွေပေါ်မှာ ပေါ်လာတာပေါ့။ အညာမှာတော့ အမြဲပုံမှန်လူတကာမှာ တွေ့နေကျပေါ့။ Aircon နဲ့ နေတဲ့ လူတန်းစားမှာတော့ မိတ်ဆိုတာ ဘယ်တော့မှ မပေါက် ပါဘူး။

ကြွက်တက်တာ (Heat Cramps)

ပူပြင်းတဲ့နွေရာသီမှာ အားကစားတွေ တအားလုပ်၊ နေပူထဲမှာ အလုပ်တွေ အများကြီးလုပ်တယ်ဆိုရင် ချွေးတွေတအားထွက်ကာ ချွေးထဲမှာ ဆိုဒီယမ်ဓာတ်တွေ ပါကုန်ပြီး ခန္ဓာကိုယ် ထဲက ဆိုဒီယမ်ဓာတ်တွေ ချို့ယွင်းကုန်မှာပါ။ အဲဒီအခါမှာ ခြေသလုံး၊ ပေါင်၊ လက်က ကြွက်သားတွေ ကြွက်တက်တာပါ။ ဘောလုံးပွဲမှာ ချွေးတွေ တအားထွက်ပြီး ခြေသလုံကြွက်တက်နေတဲ့ ဘောလုံးသမားတွေကို ပေါင်၊ ခြေသလုံးတွေဆန့်ပြီး အကြောဖြေနေတာတွေ့ ဖူးပါလိမ့်မယ်။ အဲဒီလိုဖြစ်တာဟာ ချွေးတွေထဲမှာ ဆိုဒီယမ်တွေ ပါသွားပြီး ခန္ဓာကိုယ်ထဲမှာ ဆိုဒီယမ်ဓာတ် လျော့လို့ပါ။

သတိပြု မှတ်သားစရာ

ဒီနေရာမှာ အရေးကြီးတဲ့ မှတ်သားစရာတစ်ခု ပြောချင်တာကတော့ အပူဒဏ်ကြောင့် ချွေးတွေတအားထွက်နေရင် ရေတွေ များများသောက်ပါလို့ ပြောကြပါတယ်။ အဲဒီလိုပြောလို့ ရေတွေကို တစ်လီတာ၊ နှစ်လီတာ အားရပါးရသောက်ကြတယ် ဆိုပါစို့။ ရာသီဥတုကလည်းပူလောင်၊ ချွေးတွေက ထွက်တော့ ရေအေးအေးဆိုတော့ သောက်လို့ ကောင်းပြီး ကုန်မှန်းမသိ ကုန်ကာ တစ်ဘူးပြီးတစ်ဘူး အများကြီးသောက်မိရင် ဒုက္ခ ရောက်နိုင်ပါတယ်။ အဲဒီလို ရေတွေကိုပဲ အများကြီးသောက် လိုက်ရင် သွေးထဲမှာ ရေတွေများပြီး ဆိုဒီယမ်ဓာတ်ကျသွားပြီး ကြွက်တက်တာပါ။ ကြွက်တက်တာအပြင် ဒီထက်ဆိုးရွားတဲ့ အပူဒဏ်ရောဂါ အကျိုးဆက်တွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ရေတစ်မျိုးတည်း သောက်လို့မရပါဘူး။ ရေနဲ့အတူ ဆားဓာတ် လည်း ပါရမှာပါ။ ရှေ့မှာ ပြောထားခဲ့သလို ချွေးတွေတအား ထွက်တယ်ဆိုရင် ရေတစ်လီတာထဲကို ဆားလက်ဖက်စားဇွန်း တစ်ဇွန်းထည့်ပြီး ဖျော်သောက်ပါ။ ရေနဲ့အတူ ဆားပါရမှာပါ။

ကျွန်တော်ကတော့ အများပြည်သူ အခြေခံလူတန်းစားအထိ အလွယ်တကူ လိုက်နာဆောင်ရွက်နိုင်အောင်လို့ဆိုပြီး စဉ်းစားပြီး ကျွန်တော့်ဆောင်းပါးအပိုင်း(၂)မှာ ရေသန့်တစ် လီတာထဲကို ဆားလက်ဖက်စားဇွန်း တစ်ဇွန်း ထည့်ပါလို့ ရေးခဲ့ ပါတယ်။ မနေ့ကကျွန်တော့်ဆေးခန်းကို လာပြတဲ့ ပြည်မြို့နားက ရွာတစ်ရွာက အမျိုးသမီးလူနာတစ်ယောက်က ဆရာ့ရဲ့အပူဒဏ် အပူဒဏ်အန္တရာယ် သိမှတ်ဖွယ်ရာအဖြာဖြာ (အပိုင်း-၄) ဆောင်းပါး ဖတ်ပြီးပြီ။ ဆရာက ရေသန့်ဘူးတစ်လီတာလို့ ပြောတယ်။ ကျွန်မတို့ကရွာမှာ ရေသန့်ဘူး မသောက်နိုင်ဘူး။ မြစ်ရေပဲ သောက်ကြတာလို့ ပြောသွားပါတယ်။ အဲဒီတော့မှ ကျွန်တော်မှားမှန်း သိပါတယ်။ မိမိတို့ အိမ်မှာသောက်နေကျ ရေကို ရေသန့်ဘူးကြီး (တစ်လီတာလို့ ပြောရင်လည်း ရွာက လူနာက နားမလည် ရှုပ်ထွေးနိုင်ပါတယ်။) အခွံတစ်ခုထဲကို ထည့်ပြီးတော့ ဆားလက်ဖက်စားဇွန်း တစ်ဇွန်းထည့်လို့ ပြောရမှာပါ။ ဒါမှ ပြည်သူ့ဘဝလက်တွေ့ကျပြီး ပြည်သူတွေနဲ့ တစ်သားတည်းဖြစ်ကာ ပြည်သူတွေနားလည်နိုင်မှာပေါ့။

နောက်တစ်ခု ရှေ့မှာ ကျွန်တော်ပြောခဲ့တဲ့ အချက်တစ်ချက်ကို ပြောချင်ပါသေးတယ်။ နေပူထဲမှာ ဒါမှမဟုတ် အလွန်ပူတဲ့ ပတ်ဝန်းကျင်မှာ နေ့စဉ်ကျင်လည် လုပ်ကိုင်နေသူတွေဟာ အပူဒဏ်ကို ကျင့်သားရပြီးသား  acclimatized  ဖြစ်နေတဲ့ သူတွေပါ။ ပြောပြီးသား ပြန်ပြောရဦးမယ်ဆိုရင် သူတို့က ချွေးတွေ တအားထွက်မယ်။ အဲဒီတော့ ချွေးကနေ အပူစွန့်ထုတ် (Latent heat of evaporationတဲ့ စနစ်ဟာ သာမန် လူတွေထက် ပိုကောင်းပါတယ်။ သူတို့ရဲ့ ချွေးထဲမှာ ပါတဲ့ ဆိုဒီ ယမ်ဓာတ်ကလည်း အပူဒဏ်ကျင့်သားမရတဲ့လူတွေရဲ့ ချွေးထဲက ဆိုဒီယမ်ထက်ပိုနည်းတယ်။ သွေးထဲမှာလည်း ဆိုဒီယမ်ဓာတ်တွေ များအောင် အယ်လဒိုစတာဂုံး ဟော်မုန်းတွေ ပိုထွက်ထားတယ်။ ခြုံပြီး ပြောရရင် ဒီလူတွေဟာ အပူဒဏ်ကို ခံနိုင်ရည် ကျင့်သားရှိတဲ့သူတွေပါ။ ဒီအချက်ကို နားလည်ရမှာပါ။ ဒီလို လူတွေကို ပညာပေးမယ်ဆိုရင် ဂရုစိုက်ရမှာပါ။ ဥပမာ ပြောရ မယ်ဆိုရင် ဆိုက်ကားနင်းတဲ့သူကို နေသိပ်ပူရင် နားပြီး အရိပ်ထဲ နေပါလို့ ပြောလို့ရှိရင် ‘ကျွန်တော် ဒီအလုပ်လေးလုပ်မှ မိသားစု စားဖို့ ဝင်ငွေလေးရမှာဗျ’ လို့ ပြန်ပြောပါလိမ့်မယ်။ သူတို့ကို သတိပေး၊ ပညာပေးမယ်ဆိုရင်တော့ ‘ခင်ဗျားအနေနဲ့ ပူလို့ဆိုပြီး နားလို့မရဘူး။ အလုပ်ကလုပ်နေရမယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါပေမယ့် ဒီနှစ်က ခါတိုင်းနှစ်ထက် ပိုပူတယ်။ အဲဒီတော့ အပူဒဏ်အန္တရာယ်တွေ မရအောင် ရေသန့်ဘူးကြီး အခွံတစ်ခုထဲကို ခင်ဗျားအိမ်က သောက်ရေကိုထည့်၊ ဆား လက်ဖက်စားဇွန်း တစ်ဇွန်း ထည့်ပြီးဖျော် မပြတ်အောင်သောက် ဗျာ။ ရေငတ်မှ သောက်မယ်ဆိုရင် ခင်ဗျားနောက်ကျနေပြီး ရေမငတ်ခင်ကို မကြာမကြာ သောက်ပေးရမှာဗျ။ ဒါမှ အပူ အန္တရာယ်ကာကွယ်နိုင်မှာပါ’ လို့ ပြောရမှာပါ။

ကျွန်တော်တွေးမိတာကတော့ ပြည်သူတွေရဲ့ လက်တွေ့ အခြေအနေနဲ့ ကိုက်ညီတဲ့ ပြည်သူတွေ လက်ခံနိုင်မယ့် ကျန်းမာ ရေးပညာပေးစနစ်ကို ကျင့်သုံးဖို့လိုတယ် ဆိုတာပါ။

အပူဒဏ်ကြောင့် ခေတ္တ သတိလစ်သွားတတ်ခြင်း (Heat Syncope)

သိပ်ပူတဲ့အခါမှာ ခြေလက်တွေမှာရှိတဲ့ သွေးကြောတွေ ကျယ်ပြီး ဦးနှောက်ကို သွားတဲ့ သွေးစီးနှုန်းဟာ လျော့သွားတယ်။ အဲဒီအခါမှာ တစ်ခါတလေ ရုတ်တရက် မျက်စိပြာပြီး သတိလစ်သွားတတ်ပါတယ်။ အဲဒါကို ဆင်ကပီ (Syncope ) လို့ ခေါ်ပါတယ်။ အဲဒီလိုဖြစ်တာကို ကာကွယ်ဖို့ကတော့ ဆားနဲ့ ရေကို လုံလောက်အောင် သောက်သုံးဖို့ပါပဲ။ သိပ်ဆိုးလာရင်တော့ အငန်ရည်ပုလင်းကို အကြောဆေးသွင်းကုလိုက်ပါ။

အပူဒဏ်ကြောင့် အားပြတ်သွားခြင်း(Heat exhaustion)

အပူဒဏ်အခြေအနေထဲမှာ မတန်တဆလှုပ်ရှားမှုတွေ အကြာကြီး ပြုလုပ်ပြီး ဆားနဲ့ ရေလုံလောက်အောင် မသောက် တဲ့အခါမှာ အပူဒဏ်ကြောင့် ခြေပစ်လက်ပစ်ဖြစ်ပြီး အားပြတ် သွားတာကို ဟိအိတ်စ်ဆောရှင်း (Heat exhaustion) လို့ ခေါ်ပါတယ်။ ပြောရမယ်ဆိုရင်တော့ အပူဒဏ်ကြောင့် ကြွက်တက်တာရယ်၊ သတိလစ်တာရယ်၊ အားပြတ်သွားတာရယ် ဆိုတာတွေဟာ ဆားနဲ့ရေဓာတ် ဘယ်လောက်ချို့တဲ့မှု နည်းတဲ့ အဆင့်ဆင့် ရောဂါလက္ခဏာတွေပါပဲ။ အခြေခံကတော့ ဆားနဲ့ရေ လုံလောက်မှုမရှိတာပါပဲ။

အပူဒဏ်အားပြတ်တာကတော့ အဆိုးဆုံးအခြေအနေပေါ့။ အဲဒီလူနာတွေမှာ ကိုယ်တွင်းက ကိုး(core) အပူချိန်ဟာ ၃၈ ဒသမ ၅ ဒီဂရီနဲ့ ၄၀ ဒီဂရီစင်တီဂရိတ်ကြားမှာ ရှိနိုင်ပါတယ်။အဲဒီလိုအခြေအနေမျိုးမှာ လူနာကို အရိပ်ရ၊ အအေးရ နေရာကိုပို့။ ပါးစပ်က ဆားရည်တိုက်ချင်တိုက်၊ သိပ်ဆိုးလာရင် အငန်ရည်အကြောဆေးတွေ သွင်းကုပေါ့။ ကုရတာလွယ်ပါတယ်။ အဲဒီလိုအခြေအနေမျိုးမှာ စနစ်တကျမကုဘူးဆိုရင် အပူလျှပ် (Heat Stroke) အဆင့်ကို ရောက်သွားနိုင်ပါတယ်။

ဘယ်လိုကုရမှာလဲဆိုတော့ လူနာကို ပထမဆုံး အဝတ်တွေ ချွတ်ပစ်လိုက်၊ ပြီးတော့ ရေခပ်နွေးနွေးလေး (tepid water) နဲ့ဖျန်း၊ အဲဒီလိုရေခပ်နွေးနွေးလေးနဲ့ ဖျန်းလိုက်မှ သွေးကြောလေးတွေ ကျယ်လာပြီး ချွေးလေးပြန်စိုလာမှပေါ့။ ပြီးတော့မှ တစ်ကိုယ်လုံးမှာရှိတဲ့ အဲဒီရေစက်လေးတွေ အငွေ့ပျံသွားပြီး ငွေ့ပျံအောင်းပူစနစ်နဲ့ အပူတွေထွက်သွားအောင် လေအေးနဲ့ မှုတ်ပေးပေါ့။ ကျွန်တော့်ရဲ့ ကိုယ်တွေ့ အတွေ့အကြုံတွေအရဆိုရင် အဲဒီလိုရေငွေ့ပျံ အပူထုတ်နည်းဟာ အပူလျှပ်အဆင့် မရောက်အောင် ကာကွယ်ဖို့ တော်တော်ကို ထိရောက်ပါတယ်။ ၂၀၁၈ခုနှစ်ထုတ် Davidson ဆေးပညာစာအုပ်ထဲမှာ လည်း အဲဒီလို အဝတ်ချွတ်၊ ရေဖျန်း၊ ပန်ကာမှုတ်ဆိုတာကို အင်္ဂလိပ်လို (strip -spray-fan) လို့ အလွယ်တကူ မှတ်မိ အောင် ရေးသားထားပါတယ်။

ဒီအဆင့်မှာ အကြောဆေးသွင်းပြီး ဆားနဲ့ရေကို ဖြည့်ရတာဟာ လိုအပ်ချက်ပေါ်မူတည်ပြီး အများကြီး ပေးရပါတယ်။ အပူလျှပ်(heat stroke)အဆင့် ရောက်မသွားအောင် အားသွန်ခွန်စိုက် ကုရမှာပါ။ အပူလျှပ်သွားရင်တော့ တစ်ကိုယ်လုံးမှာရှိတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ထိခိုက်ပြီး ရှုပ်ထွေးကုန်ပြီပေါ့။

အပူလျှပ် (heat stroke)

င်္ဂလိပ် ဟိစထရုတ် (heat stroke)ကို မြန်မာပြန်ပြီး မျိုးစုံခေါ် ကြပါတယ်။ ကျွန်တော်ကတော့ အထက်မြန်မာပြည် မှာရော အောက်မြန်မာပြည်မှာပါ ပြည်သူတွေကြားထဲမှာ အရိုးစွဲ အလွယ်တကူခေါ် ကြတဲ့ အပူလျှပ်တယ်ဆိုတဲ့စကားလုံး ကိုပဲ သုံးချင်ပါတယ်။ “ဟဲ့၊ ဟိုလူကြီး ရုတ်တရက်ဆုံးသွားတယ် နော်၊ ဘာဖြစ်တာပါလိမ့်” ၊ “သူလေ တစ်နေကုန် ဈေးထဲ လျှောက်ပြီး ကုန်တွေဝယ်၊ ညနေ ရေချိုးလိုက်တော့ အပူလျှပ် သွားတာပေါ့” လို့ပြောလိုက်ရင် လူတိုင်းနားလည်တဲ့ စကားလုံး မို့လို့ အပူလျှပ်တယ်ဆိုတာကိုပဲ သုံးပြီး ကျွန်တော်မပြင်ချင်တော့ပါဘူး။

အပူလျှပ်တယ်ဆိုတာ အပူဒဏ်ကြောင့်ရတဲ့ ရောဂါတွေရဲ့ နောက်ဆုံးအဆင့်ပေါ့။ ဒီအခြေအနေရဲ့ ထူးခြားချက်ကတော့ ကိုယ်ခန္ဓာအတွင်းက ကိုး (core) အပူချိန်ဟာ ၄၀ ဒီဂရီ စင်တီဂရိတ်ကို ကျော်သွားတာပါ။ အသက်အန္တရာယ်ရှိပါတယ်။ သေနိုင်ပါတယ်။

အပူဒဏ်ကြောင့် အားပြတ်ပင်ပန်းနွမ်းနယ်နေတဲ့ heat exhaustion  အဆင့်ကနေ ရောဂါလက္ခဏာတွေက တစ်ဆင့်တက်ပြီး ခေါင်းကိုက်၊ ပျို့အန်၊ ကြွက်သားတွေ တဆတ်ဆတ်တုန်၊ စိတ်တွေ ကယောက်ကယက်ဖြစ်မယ်။ ရုန်းကန်မယ်။ နောက်တော့ သတိလစ်သွားမယ်။ သေမယ်။ လူနာဟာ ပူလောင်နေပြီး ချွေးလုံးဝမထွက်ဘဲ အရေပြားတွေဟာ ခြောက်နေမှာပေါ့။ ဒီအချက်ဟာ အပူဒဏ်အားပြတ်ခြင်း (heat exhaustion)နဲ့ ကွာပါတယ်။ အားပြတ်တဲ့အဆင့်မှာတော့ ချွေးထွက်နေပါသေးတယ်။ အပူလျှပ်လူနာတွေမှာတော့ အရေပြားသွေးကြောတွေ ကျုံ့သွားပြီး ချွေးမထွက်နိုင်တော့ပါဘူး။ မိတ်တွေတအားပေါက်ထားတဲ့ သူတွေရောက်တော့ ပိုဆိုးတာပေါ့။ မိတ်ပေါက်တော့ ချွေးပေါက်တွေ ပိတ်ပြီး ချွေးမထွက်တော့ဘူးပေါ့။ ရှေ့မှာ ပြောခဲ့သလိုပဲ မြန်မာတွေရဲ့ ရိုးရာမှန်ကန်တဲ့ အယူအဆဖြစ်တဲ့ ချွေးမတိတ်စေနဲ့၊ ချွေးမငုပ်စေနဲ့ ဆိုတာဟာ သိပ်ကိုအရေးကြီးပါတယ်။ ချွေးငုပ်သွားပြီဆိုရင်တော့ အပူဒဏ် ရောဂါတွေရဲ့ နောက်ဆုံးအဆင့် အပူလျှပ် (heat stroke )ကို ရောက်သွားပြီး သတိလစ်သွားနိုင်ပါတယ်။ ဒီလိုအပူရှိန်ပြင်းတဲ့ နွေရာသီမှာ ချွေးငုပ်မသွားပါစေနဲ့၊ အပူလျှပ်ပြီးသေတတ်ပါတယ်။

မြန်မာ့အလင်း