ပုသိမ်မြို့တွင် တန်ဆောင်တိုင် ကာတွန်းမီးပုံးပွဲတော် ကျင်းပသွားမည်

ပုသိမ် ၄ နိုဝင်ဘာ

 

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ကကြီးမှူး၍ ဧရာဝတီတိုင်းသား ကာတွန်းဆရာကြီးများနှင့် ပုသိမ်မြို့သား ကာတွန်းဆရာကြီးများအား ဂုဏ်ပြုသောအားဖြင့် ပုသိမ်မြို့ ကားတွန်း ချစ်သူများအဖွဲ့က တန်ဆောင်တိုင် ကာတွန်းမီးပုံးပွဲတော်(၂၀၁၉)ကို နိုဝင်ဘာ ၁၀ ရက်မှ ၁၂ ရက်အထိ ပုသိမ်မြို့၊ ဓနိတန်းလမ်း၌ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

 

အဆိုပါ တန်ဆောင်တိုင် ကာတွန်းမီးပုံးပွဲတော်တွင် ကာတွန်းဇာတ်ဆောင် အရုပ်ကြီးများနှင့် ဓါတ်ပုံရိုက်နိုင်ရန်၊ ရန်ကုန်မြို့မှ ရောက်ရှိလာကြမည့် ကာတွန်းဆရာကြီးများ၏ ဟောပြောချက် များနှင့် လက်တွေ့ကာတွန်း ရေးဆွဲပြသမှုများ၊ ကာယ်ရီကေးချားပုံများ ရေးဆွဲနိုင်ကြစေရန်နှင့် ကလေးသူငယ်များအတွက် ပျော်ပွဲရွှင်ပွဲများ၊ ပွဲတော်လာ ဧည့်ပရိတ်သတ်များအား စတုဒိသာ နိဗ္ဗာန်ဈေး အကျွေးအမွေးများ ဆောင်ရွက်ထားမည်ဖြစ်ကြောင်း၊ စာပေချစ်သူများအတွက် စာအုပ် ဈေးရောင်းပွဲတော် ထည့်သွင်းကျင်းပပေးရာ ရန်ကုန်မြို့မှ စာအုပ်အရောင်းဆိုင်များက ဈေးနှုန်းချိုသာစွာဖြင့်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

တိုးဝေဇင်(တိုင်းပြန်/ဆက်)