ပုသိမ်မြို့တွင် ညွှန်ကြားချက်များနှင့်အညီ သတ်မှတ်ဈေးဆိုင်များလိုက်နာခြင်း၊ရှိ မရှိ စစ်ဆေး

ပုသိမ်၊   ၁၈   ဒီဇင်ဘာ

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် တိုင်းဒေသကြီး Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေး အဖွဲ့တို့၏ ညွှန်ကြားချက်အရ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ယမန်နေ့ ညနေပိုင်းက ပုသိမ်မြို့နယ် စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ဖွင့်လှစ်ထားရှိသော သတ်မှတ်ဈေးဆိုင်များကို လိုက်လံစစ်ဆေးသည်။

 

ထိုသို့စစ်ဆေးရာတွင် လမ်းဘေးဆိုင်များ၊ အိမ်ဆိုင်များဖြစ်သည့် ဆံပင်ညှပ်ဆိုင်၊ အလှပြင်ဆိုင်၊ စတိုးဆိုင်များ၊ ကုန်ခြောက်ဆိုင်များ၊ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များ၊ ပုဂ္ဂလိကအိမ်ဆိုင်များ၊ ဌာနဆိုင်ရာ သက်သာဈေးဆိုင်ခန်းများ၊ ဘုရားဈေးဆိုင်ခန်းများအား နံနက် ၆ နာရီမှ မွန်းလွဲ ၂ နာရီ အတွင်းသာ ဖွင့်လှစ်ရောင်းချရန်၊ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား နေ့စဉ်နံနက် ၆ နာရီမှ ည ၇ နာရီထိ ဖွင့်လှစ်ရောင်းချနိုင်ရန်နှင့် ပုဂလိက ဆေးဝါးအရောင်းဆိုင်များကို နေ့စဉ် နေ့စဉ်နံနက် ၆ နာရီမှ ည ၇ နာရီထိ  ဖွင့်လှစ်ရောင်းချနိုင်ရန် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ထုတ်ပြန်ကြေညာ ထားချက်အပေါ် လိုက်နာဆောင်ရွက်မှုရှိစေရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

သတင်း/ဓာတ်ပုံမောင်မောင်မြင့်(ပြန်/ဆက်)