ပြုပြင်ပြောင်းလဲမှ နိုင်ငံဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် မွန်ပြည်နယ် မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ပြည်နယ်အစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များ(ပြည်သူ့၊ အမျိုးသား၊ ပြည်နယ်)၊ ပြည်နယ်တရားလွှတ်တော်နှင့်ပြည်နယ်၊ ခရိုင်၊ မြို့နယ်များမှ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒီဇင်ဘာ ၁၄ ရက်ကပြုလုပ်သည့် တွေ့ဆုံပွဲအခမ်းအနားတွင် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး အောင်မြင်စွာဆောင်ရွက်နိုင်ရန် လမ်းညွှန်မှာကြားခဲ့သည်။

တွေ့ဆုံပွဲအခမ်းအနားတွင် သဘာဝတရားကြီး၏ အမြဲမှန်ကန်နေသည့်တရားမှာ ပြောင်းလဲခြင်းပင် ဖြစ်ပါကြောင်း၊ ခေတ်နှင့်အညီ ပြုပြင်ပြောင်းလဲနိုင်မှသာ မိမိတို့နိုင်ငံ တိုးတက်နိုင်မည်ဖြစ်ပါကြောင်း၊ ပြုပြင် ပြောင်းလဲရေး ရေစီးကြောင်းတွင် လိုက်ပါနိုင်မှသာ မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်မည်ဖြစ်ပါကြောင်း၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရန်လည်း နိုင်ငံတော်၏ တာဝန်ရှိသူများက ဆုံးဖြတ်ထားပြီးဖြစ်ပါကြောင်း၊ ဒီမိုကရေစီတွင် နိုင်ငံသားတိုင်း၊ လူတိုင်းတွင်လွတ်လပ်မှု၊ လုံခြုံမှု၊ ပျော်ရွှင်မှုများရှိပါကြောင်း နိုင်ငံတော်သမ္မတ က ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတသည် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင် ရန်အတွက် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးမဏ္ဍိုင်မှ တာဝန်ရှိ သူများအပါအဝင် ဝန်ထမ်းများအားလုံးပါ လိုက်ပါပြောင်းလဲနိုင်စေရန်အတွက် ပြည်နယ်နှင့် တိုင်းဒေသကြီးများ သို့ ကွင်းဆင်းသွားရောက် ရှင်းလင်းပြောကြားနေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။

မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နေသဖြင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ရေစီးကြောင်းတွင် နိုင်ငံသားအားလုံး မဖြစ်မနေလိုက်ပါပြောင်းလဲကြရန် လိုအပ်ပေသည်။ ဒီမိုကရေစီစနစ်သည် တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်း စသည့်အခွင့်အရေးများကို ပြည်သူတို့ခံစားခွင့်ရှိသည်။ ဒီမိုကရေစီသည် ပြည်သူများမှဆင်းသက်သောအာဏာ၊ ပြည်သူများ၏အင်အားကို မဏ္ဍိုင်ပြုသော နိုင်ငံရေး စနစ်ဖြစ် သောကြောင့် တိုင်းသူပြည်သားများ၏ မျှော်လင့်ချက်၊ ခံစားချက်၊ ရပိုင်ခွင့်တို့ကို အလေးနက်ထား ရသည်။

ဒီမိုကရေစီစနစ်ကိုဖော်ဆောင်ကြသည့် နယ်ပယ်အားလုံးတွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာမှ ဝန်ထမ်းများ၏ အခန်းကဏ္ဍမှာ အလွန်အရေးကြီးသည်။ ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်၏ကျေးဇူးသစ္စာကို စောင့်သိရန် လိုအပ်သည်။ ဝန်ထမ်းများသည် ပြည်သူ့ဘဏ္ဍာငွေမှ ကျခံသုံးစွဲသည့် လစာ၊ စရိတ်နှင့် အခြားခံစားခွင့်များကို ရရှိခံစားကြသူများဖြစ်၍ ပြည်သူလိုလားသည့် ဒီမိုကရေစီစနစ်ကို ပြောင်းလဲဖော်ဆောင်ရာတွင် ပြည်သူ ကိုသာ မျက်နှာမူရမည်။ အလေးထားရမည်။ တာဝန်ကို ကျေပွန်စွာထမ်းဆောင်ရမည်။ ပြည်သူကို အလုပ်အကျွေး ပြုသည့် ဝန်ဆောင်မှုကို ပေးရမည်ဟု ခံယူထားရမည်ဖြစ်သည်။ 

ပြည်သူကို အလုပ်အကျွေးပြုရန် ပေးအပ်ထားသည့်တာဝန်ကို လုပ်ပိုင်ခွင့်အာဏာ၊ အခွင့်အလမ်းရရှိထားသည် ဟုထင်မြင်ပြီး လုပ်ဆောင်ပါက ဒီမိုကရေစီလမ်းကြောင်း တိမ်းစောင်းသွားနိုင်သည်ကို သတိချပ်ရမည် ဖြစ်သည်။ နိုင်ငံတော်သမ္မတကြီးက မိမိတို့အားလုံးသည် ရရှိထားသည့်ရာထူး၊ အဆောင်အယောင်နှင့် လစာတို့အပေါ်တွင် ဂုဏ်ယူရန်၊ ဝင့်ကြွားရန် မဟုတ်ပါကြောင်း၊ သမိုင်းအခြေအနေအရ မိမိပခုံးပေါ်သို့ ကျရောက်လာသည့် သမိုင်းပေးတာဝန်များကို မိမိဖြတ်သန်း သည့်ကာလတစ်ခုတွင် မည်မျှတာဝန်ကျေပွန်စွာ လုပ်ဆောင်ခဲ့သည်ကို နောင်မျိုးဆက်သစ်များက တန်ဖိုးဖြတ်မည်ဖြစ်သည့်အတွက် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားကြရန်လိုကြောင်း မှာကြားထားသည်။

သို့ဖြစ်ရာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရန်အတွက် ပြည်သူကို အလုပ်အကျွေးပြုရမည့်ဝန်ထမ်းများသည် နိုင်ငံတော်သမ္မတကြီး လမ်းညွှန်မှာကြားထားသည့် ပုံစံကျနေသည့် အတွေးအခေါ်နှင့် ပုံသေကားကျ အလေ့အထများကို ပြုပြင်ပြောင်းလဲကြရန် အထူးလိုအပ်ပြီး ခေတ်နှင့်အညီ ပြုပြင်ပြောင်းလဲနိုင်မှ၊ ပြုပြင်ပြောင်းလဲရေး ရေစီးကြောင်းတွင်လိုက်ပါနိုင်မှ မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်မည်ဖြစ်ပါကြောင်း။ ။(ကြေးမုံ)