ပုဏ္ဏားကျွန်းမြို့ စံပြရပ်ကွက်ရှိ နေအိမ်တစ်လုံးမှ အိမ်ရှင်များ၏ ရွှေ၊ ငွေ၊ လက်ဝတ်ရတနာများအား  လူ ၄ ဦးက ခြိမ်းခြောက်ယူဆောင်မှုဖြစ်ပွား

နေပြည်တော် ၉ ဇူလိုင်

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့ စံပြရပ်ကွက်ရှိ နေအိမ်တစ်လုံးမှ အိမ်ရှင်များ၏ ရွှေ၊ ငွေ၊ လက်ဝတ်ရတနာများအား  လူ ၄ ဦးက ခြိမ်းခြောက်ယူဆောင်မှုဖြစ်ပွားကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

အဆိုပါသတင်းထုတ်ပြန်ချက်အရ ပုဏ္ဏားကျွန်းမြို့နယ် စံပြရပ်ကွက်တွင် နေထိုင်သည့် ဒေါ်သန်းနုအေး၏ နေအိမ်သို့ ဇူလိုင် ၆ ရက် ည ၁၂ နာရီခွဲခန့်တွင်  လူ ၄ ဦး ရောက်ရှိလာပြီး ဓားဖြင့် ခြိမ်းခြောက်၍ ၎င်း၏ ရွှေ၊ ငွေ၊ လက်ဝတ်ရတနာများအား ယူဆောင်သွားကြောင်း။

 

ဖြစ်စဉ်မှာ ဇူလိုင် ၆ ရက် ည ၁၂ နာရီခွဲခန့်တွင် ဒေါ်သန်းနုအေးသည် ၎င်း၏ နေအိမ်တွင် ၈ နှစ်အရွယ် သားဖြစ်သူနှင့်အတူ အိပ်ပျော်နေစဉ် မျက်နှာဖုံးစွပ်ထားသည့်  လူ ၄ ဦးခန့်က အိမ်တံခါး ဖျက်၍ ဝင်ရောက်လာပြီး ဒေါ်သန်းနုအေးနှင့် သားဖြစ်သူတို့၏ လည်ပင်းအား ဓားဖြင့် ထောက်ကာ နားကပ် ၁ ရံ၊ တစ်ကျပ်သား လက်ကောက် ၃ ကွင်း၊ တစ်ကျပ်သားခန့်ဆွဲကြိုး ၁ ကုံး၊ တစ်မတ်သား လက်စွပ် ၂ ကွင်းနှင့် ငါးမူးသား လက်စွပ် ၁ ကွင်း (စုစုပေါင်းကာလ တန်ဖိုးငွေကျပ် ၃၈ သိန်းခန့်) အား ယူဆောင်သွားခဲ့ပြီး ၎င်းတို့ ၂ ဦးအား ချုပ်နှောင်ထားရှိခဲ့ကြောင်းနှင့် ၎င်း၏ အမျိုးသား ဖြစ်သူမှာ စစ်တွေမြို့သို့ အလုပ်ကိစ္စဖြင့် ရောက်ရှိနေချိန်တွင် ယခုကဲ့သို့ အခွင့်ကောင်းယူ လာရောက် ခြိမ်းခြောက် ယူဆောင်သွားခြင်းဖြစ်ကြောင်း၊ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာမှ လုပ်ထုံး လုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

(သတင်းစဉ်)