ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် အိမ်ထောင်စု (၁) စုလျှင် ထောက်ပံ့ကူညီမှု (၅) မျိုး အခမဲ့ထောက်ပံ့ခြင်း ဧပြီ ၁၀ ရက်တွင် စတင်ဖြန့်ဖြူးမည်

နေပြည်တော် ၉ ဧပြီ

 

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့်စပ်လျဉ်း၍ အရေးကြီးကာလဖြစ်သည့် မဟာသင်္ကြန် ရုံးပိတ်ရက်ရှည်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် အိမ်ထောင်စု (၁) စုလျှင် ဆန် ၈ ပြည်၊ ဆီ ၅၀ ကျပ်သား၊ ဆား ၅၀ ကျပ်သား၊ ပဲ တစ်ပိဿာနှင့် ကြက်သွန်နီ တစ်ပိဿာ စုစုပေါင်းထောက်ပံ့ကူညီမှု ၅ မျိုးစီကို ဧပြီ ၁၀ ရက်မှစတင်၍ အခမဲ့ ထောက်ပံ့ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ၂၀၂၀ ပြည့်နှစ် ဧပြီလ ၇ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

 

ထိုသို့ အခမဲ့ထောက်ပံ့ဖြန့်ဖြူးပေးခြင်းနှင့်စပ်လျဉ်း၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရိက္ခာဖြန့်ဖြူးရေးအစီအစဉ် အောင်မြင်ဖို့ ဝိုင်းဝန်းကူညီပေးကြရန်နှင့် စေတနာဟာ ဝေဒနာမဖြစ်ရအောင်၊ စည်းစနစ်နှင့် လောဘဒေါသများကို ဟန့်တားပေးကြရန် တိုက်တွန်းထားသည့်အပြင် လိုအပ်နေသူ မည်သူကိုမျှ မချန်ထား၍ စောင့်ရတာလေးတွေရှိရင် သည်းခံစိတ်ရှည်ပေးကြရန် မေတ္တာရပ်ခံထားသည်။

 

ယခုကဲ့သို့ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် နိုင်ငံတော်အစိုးရက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ထောက်ပံ့လှူဒါန်းပေးခြင်းသည် ပထမဆုံးအကြိမ် ဖြစ်သည်။

 

ယခုအခါ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တက်လာသည့် ဝင်ငွေနည်း အိမ်ထောင်စုစာရင်းများကို Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူများက စိစစ်‌လျက်ရှိပြီး နေပြည်တော်‌‌ကောင်စီ အပါအဝင် တိုင်းဒေသကြီး/ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများကို ဧပြီ ၁၀ ရက်မှစတင်၍ ဖြန့်ဝေပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ထက်လျှံ